၀န်းသိုနယ်တွင် သတ္ထုရှာဖွေမည့်အပေါ် ဒေသခံများအမြင်

0
267

မောင်စိန်ချို မေးသည်။

သြစတြေးလျနိုင်ငံအခြေစိုက် တရုတ်ပိုင် PanAust ကုမ္ပဏီမှ ဝန်းသိုနယ်ရှိ မြေဧက ၁၈၅၀ဝ၀ တွင် သတ္ထုစမ်းသပ်ရှာဖွေခွင့်ရခဲ့သည်။ သတ္ထုတူးဖော်မည့်အပေါ် စီမံကိန်းဧရိယာသက်ရောက်မှုရှိသည့် ဝန်းသို၊ ဗန်းမောက်၊ ပင်လည်ဘူးမြို့နယ် ဒေသခံအဖွဲ့အစည်းများ၏ အမြင်များကို မုံရွာဂေဇက်မှ မေးမြန်းခဲ့ပါသည်။

ဒေါ်နွယ်နွယ်မိုး
၈၈ မျိုးဆက်(ငြိမ်း/ပွင့်)၊ ဗန်းမောက်မြို့။

“ကျွန်မတို့ဗန်းမောက်ဒေသက ရှမ်း၊ ရှမ်းနီ၊ ကဒူး၊ ကနန်း အစရှိတဲ့ တိုင်းရင်းသားတွေ အများဆုံးနေထိုင်ကြပြီးတော့ စိုက်ပျိုးရေးနဲ့ တပိုင်တနိုင် ရွှေလုပ်ငန်းတွေကို အဓိကလုပ်ကိုင်စားသောက်ကြတာ။ အခုလို ကျွန်မတို့ဒေသမှာ ဧရိယာပေါင်း ၂ သိန်းနီးပါးခန့် ရွှေနဲ့ကြေးနီ တူးခွင့်ရလိုက်ရင် အကယ်၍များ စမ်းသပ်မှု အောင်မြင်သွားခဲ့မယ်ဆိုရင် ဒေသခံတိုင်းရင်းသားတွေရဲ့ စားဝတ်နေရေး ခက်ခဲလာနိုင်ပြီး သဘာဝပတ်ဝန်းကျင်လည်း ဆိုးရွားစွာ ထိခိုက်ပျက်စီးနိုင်ပါတယ်။ နောက်တစ်ခုက သတ်မှတ်ပေးလိုက်တဲ့ ဧရိယာအကျယ်ဝန်းက ကျွန်မတို့ဗန်းမောက်ဒေသရဲ့ အထွဋ်မြတ်ထားရာ ဇလုံတောင်တော်နှင့် ထိစပ်နေတာကြောင့် ပါရင်တောင် ပါသွားမလားပဲ။ အဲဒါကြောင့် ဒေသခံတွေရဲ့ စိုးရိမ်မှုလွန်ကဲနေကြရတယ်။ ဒီစီမံကိန်းနှင့်ပတ်သက်ပြီးတော့ ကျွန်မတို့ဗန်းမောက်ဒေသ အရပ်ဖက်အဖွဲ့အစည်းတွေ အနေနဲ့လည်း အခြားအရပ်ဖက်အဖွဲ့အစည်းတွေနှင့် ချိတ်ဆက်ပြီး ဆန္ဒပြတောင်းဆိုခြင်း၊ ကန့်ကွက်ခြင်းကဲ့သို့သော လုပ်ဆောင်စရာရှိတာတွေကို ဆက်လက်လုပ်ဆောင်သွားမှာပါ။ မိမိရဲ့ဒေသကို မိမိတို့ကိုယ်တိုင် ပြန်လည်စောင့်ရှောက်ရမှာ သဘာဝကျတာမို့ မိမိတို့နယ်မြေဒေသကို ကိုယ်ကိုယ်တိုင် ထိန်းသိမ်းစောင့်ရှောက်ချင်ပါတယ်”။

ကိုရာဇာထွန်း
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဟောင်း၊ ဗန်းမောက်မြို့။

စီမံကိန်းနဲ့ ပတ်သက်ပြီး ၂၀၁၆ ခုနှစ်တုန်းက ဒေသခံပြည်သူတွေကို ချပြခဲ့ဖူးတယ်ဆိုတာ မသိလိုက်ရဘူး။ ဒီစီမံကိန်းနှင့်ပတ်သက်လို့ ကောင်းတဲ့ဘက်က ကြည့်ရင်တော့ နိုင်ငံတော်က တရားဝင်ချပေးတာဆိုရင် အခွန်လည်းရမယ်။ ဒေသခံတွေ အလုပ်ကိုင်အခွင့်လမ်းလည်း ရလာမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် စီမံကိန်းလုပ်ခွင့်ရသွားရင် သတ္ထုတွေ ရှိတဲ့နေရာက ရွာတို့၊ တိုင်းရင်းသားတွေ အထွဋ့်မြတ်ထားတဲ့ နေရာတွေဖြစ်နေရင် လက်ရှိအစိုးရက ဘယ်လိုတာဝန်ယူပေးနိုင်မလဲ။ ပြီးတော့ သဘာဝပတ်ဝန်းကျင်ကို အတတ်နိုင်ဆုံး မပျက်စီးအောင် ဘယ်လိုကာကွယ်ပေးမှာလည်းဆိုတာ ချပြစေချင်တယ်။

Pan Aust ကုမ္ပဏီက အစိုးရတစ်ခုတည်းကို အကျိုးပြုတဲ့ ကုမ္ပဏီဖြစ်နေခဲ့ရင် အရင်က ကြေးစင်တောင်စီမံကိန်းလိုဖြစ်သွားမှာ စိုးရိမ်တယ်။ ဘာလို့လည်းဆိုတော့ လက်ရှိအာဏာရပါတီရဲ့ သက်တမး်ကလညး် ခုဆို ၅ နှစ်ပြည့်ခါနီးလို့ ရွေးကောက်ပွဲတောင်စခါနီးနေပြီလေ။ ဘယ်လိုဖြစ်လာမလဲဆိုတာ ဘယ်သူမှမပြောနိုင်ဘူး။

ကိုကျော်ထက်အောင်
လူငယ်အရေး တက်ကြွလှုပ်ရှားသူ၊ ဝန်းသိုမြို့။

ကုမ္ပဏီက ၂၀၁၆ ခုနှစ်မှာ ဒေသခံပြည်သူတွေကို ဒီစီမံကိန်းနဲ့ပတ်သတ်လို့ ချပြဖူးတယ်ဆိုတာ မသိလိုက်ရဘူး၊ ဒီလို စီမံကိန်းတွေ လုပ်လာမယ်ဆိုရင် ကောင်းတဲ့ဘက်ကကြည့်ရင်တော့ ဒေသခံတွေ အလုပ်ကိုင်အခွင့်လမ်းရလာမယ်ဆိုရင်တော့ ကောင်းပါတယ်။ တရားဝင်လုပ်မှာဆိုတော့ နိုင်ငံတော်ဘဏ္ဍာငွေလည်း ရမယ်လေ။ ဒါပေမယ့် တစ်ဖက်ကကြည့်ရင်လည်း သတ္ထုတူးဖော်မှုတွေလုပ်ပြီးဆိုရင် တောင်တွေဖြိုတာမျိုးလည်း ဖြစ်နိုင်တယ်ဗျ။ ဒီလိုစီမံကိန်းတွေလုပ်လို့ တိုင်းနဲ့ပြည်နယ်တွေမှာလည်း ပြဿနာတွေနဲ့၊ တောတောင် ပျက်စီးဆုံးရှုံးမှုဖြစ်နေတာ သာဓကတွေလည်း ရှိနေတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ပြည်သူတစ်ယောက်အမြင်ကတော့ ကောင်းကျိုးထက် ဆိုးကျိုးကပိုဖြစ်လာမှာကိုတော့ စိုးရိမ်မိတယ်။ ဒီလိုပျက်စီးဆုံးရုံးမှုတွေရှိလာရင်လည်း နိုင်ငံတော်က နစ်နာကြေးဆိုပြီး တောင်သူတွေကို အနည်းကျဉ်းလောက်သာပေးမှာဗျ။ တကယ်ဆုံးရုံးခံရတဲ့တောင်သူတွေအတွက် ၁၀ဝ မှာ ၁ ရာခိုင်နှုန်းလောက်သာ နှစ်သိမ့်မှုပေးနိုင်တာဆိုတော့ ဒေသခံတောင်သူတွေ အနေနဲ့ စိတ်ချမ်းသာကြမှာ မဟုတ်ဘူး။

ဦးချင်းအောင်
မောက်မော်ကျေးရွာ၊ ပင်လည်ဘူးမြို့နယ်၊ ကဒူးတိုင်းရင်းသားခေါင်းဆောင်။

ကျွန်တော်တို့ ဒေသခံတွေ စိုးရိမ်မှု ရှိနေကြရတာတော့ အမှန်ပါ။ သတ္ထုတူးဖော်မှုတွေလုပ်တော့မယ်ဆိုရင် ကုမ္ပဏီနဲ့နိုင်ငံတော်က ဒေသခံတောင်သူတွေ နစ်နာမှုအတွက် ဘယ်လိုလုပ်ဆောင်ပေးကြမယ်ဆိုတာကို သိချင်ပါတယ်။ အရင်အစိုးရ လက်ထက်ကလည်း စီမံကိန်းကြောင့်ပျက်စီးမယ့် လယ်ယာမြေတွေကို တစ်ဧကပျက်စီးရင် တစ်ဧကဖိုးနစ်နာကြေးပေးပါမယ်လို့ ပြောခဲ့ဖူးပါတယ်။ ကုမ္ပဏီတွေက သတ္ထုတူးဖော်မှုတွေကြောင့် ဒေသရဲ့အသက်သွေးကြောဖြစ်တဲ့ နတ်မော်ချောင်းကြီးကို ပျက်စီးသွားမှာလည်း စိုးရိမ်နေကြရပါတယ်။ ကျွန်တော်တို့ဒေသက လယ်ယာမြေ ၄ သိန်းကျော်လောက်တောင် ရှိတာ။ တောင်သူတွေအားလုံး စိုးရိမ်နေကြရတာတော့ အမှန်ပါ။ ဒီဘက်ဒေသက ကျွန်တော်တို့ ကဒူးတိုင်းရင်းသားတွေ နေထိုင်ကြတာများတယ်။ တကယ်လို့ မဖြစ်မနေ အစိုးရက ကုမ္ပဏီတွေကို လုပ်ကိုင်ခွင့်ချပေးတော့မယ်ဆိုရင်လည်း လယ်ယာမြေ ဆုံးရှုံးခံရမယ့် ဒေသခံတောင်သူတွေအတွက်ကို တခြားလုပ်ငန်းလုပ်ကိုင် စားသောက်ဖို့ နစ်နာကြေးကို အပြည့်အဝပေးစေချင်ပါတယ်။

ဒေါ်သင်းသင်းခိုင်
ဒေသခံ၊ ပင်လည်ဘူး။

“ကိုယ့်ဒေသက သယံဇာတတွေကို ထုတ်ယူသွားမှာတော့ နှမြောတာပေါ့။ ဒါပေမယ့်လည်း အစိုးရက ခွင့်ပြုလိုက်တာဆိုတော့ ဘာတတ်နိုင်မှာလဲ။ အဲဒီကုမ္ပဏီက ၂၀၁၆ ခုနှစ်လောက်တုန်းက စီမံကိန်းနဲ့ပတ်သက်တဲ့ အကြောင်းရင်းတွေ ဒေသခံတွေကို ချပြဖူး တယ်ဆိုတာတော့ မကြားမိလိုက်ဘူး။ ဒီလိုအကြောင်းတွေနဲ့ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်တွေ ဟိုတုန်းကပြောတာတော့ ကြားမိတယ်။ အဲဒါလည်း စမ်းသပ်တာလောက်နဲ့တော့ ဘာမှအပျက်စီး မရှိနိုင်ပါဘူးလို့ ပြောတာပဲ။ ခုတော့ ပင်လည်ဘူး၊ ဗန်းမောက်၊ ဝန်းသို သုံးမြို့နယ် ပါနေတာလို့ ကြားနေရတယ်။ သူတို့သတ်မှတ်တဲ့ ခုဧရိယာအကျယ်ဝန်းက ကျွန်မတို့ရွာတွေလည်းပါတာလို့ ပြောနေကြတာ ကြားတယ်။ အမှန်တိုင်းပြောရင်တော့ သဘောမကျဘူး။ လယ်ယာမြေတွေပါမယ့် လယ်ပိုင်ရှင်တွေကို နစ်နာကြေးတွေပေးမယ်လို့တော့ ကြားတာပဲ။ ဒါပေမယ့် သူတို့ပေးတဲ့ နစ်နာကြေးက နည်းတာပေါ့။ တစ်ဧကမှ ၁၅ သိန်းလောက်လေးဆိုလား။ အဲဒီငွေလောက်နဲ့ ကိုယ်ကတစ်သက်လုံး မစားလောက်ဘူးလေ။ အခုလည်း သတ္ထုတူးနေတဲ့ ကုမ္ပဏီတွေရှိနေတယ် အဲဒီနားနီးတဲ့ ရွာတွေလည်း ဘာမှပြောသံမှမကြားရဘူး။ ကျွန်မတို့ဒေသက လူတွေက အရမ်းရိုးကြတာ၊ အ,တာ လို့တောင် ပြောရမလားဘဲ၊ ကိုယ့်လယ်ယာမြေတွေနှင့် ကိုယ့်ဒေသတောတောင်တွေ ထိခိုက်ပျက်စီးမှာတောင် ဘာမှပြောဆိုရဲကြတာ မဟုတ်ဘူး။ သတ္ထုတူးဖော်ပြီဆိုတာနဲ့ အပျက်အစီးကတော့ ရှိလာမှာပဲလေ။ အစိုးရက ခွင့်ပြုတာဆိုတော့လည်း ကျွန်မတို့က ဘာတတ်နိုင်မှာလဲ။

LEAVE A REPLY

Please enter your comment!
Please enter your name here