FDA ဦးစီးအရာရှိ(ဆေးဝါး) ဒေါက်တာဟိန်းထက်အောင်နှင့် တွေ့ဆုံခြင်း

0
1688
FDA ဦးစီးအရာရှိ(ဆေးဝါး) ဒေါက်တာဟိန်းထက်အောင်နှင့် တွေ့ဆုံခြင်း

အိအိဖြိုး မေးသည်။

“ကာကွယ်ရေးနည်းလမ်းတွေ အသုံးမပြုဘူးဆို ဆတိုးနှုန်းနဲ့ ကူးစက်သွားနိုင်တယ်”

ကိုဗစ်-၁၉ ကူးစက်မှု ထိန်းချုပ်ရာမှာ နှာခေါင်းစည်း (Mask) တပ်ဖို့ အဓိကဖြစ်နေတာကို ကျန်းမာရေးဝန်ကြီးဌာနကလည်း အမြဲမပြတ် သတိပေးနေပါတယ်။ Mask တပ်ခြင်းကြောင့် မိမိအတွက် ရလာနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို စစ်ကိုင်းတိုင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ဦးစီးအရာရှိ ဒေါက်တာဟိန်းထက်အောင်နဲ့ တွေ့ဆုံမေးမြန်းထားပါသည်။

MGZ – လတ်တလောဖြစ်ပွားနေတဲ့ COVID-19 အကျဉ်းချုပ်ရယ် Mask တပ်ဆင်တဲ့ကိစ္စ ကျယ်ပြန့်လာတာကို ပြောပြပါ။

Dr.HHA -၂၀၁၉ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဝူဟန်မြို့မှာ ဇစ်မြစ် မသိရတဲ့ အဆုတ်ရောင်ရောဂါအစုအဖွဲ့လိုက် ဖြစ်တာကို စတင်ကြေညာခဲ့ပါတယ်။ ၂၀၂၀ ဇန်နဝါရီ ၉ ရက်နေ့မှာ ထိုရောဂါဟာ ကိုရိုနာဗိုင်းရပ်စ်အသစ်ကြောင့်ဖြစ်ပွားတယ်လို့ ကြေညာခဲ့ပါတယ်။ ၂၀၂၀ ဇန်နဝါရီ ၃၀ ရက်နေ့မှာ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေနဲ့လည်း ၂၀၂၀ ဇန်နဝါရီ ၅ ရက်နေ့ကတည်းက စတင် ပြင်ဆင်လုပ်ဆောင်ခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်နေ့မှာပဲ COVID ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ကူးစက်မြန်ရောဂါအဖြစ် သတ်မှတ်ခဲ့ပြီး ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို လုပ်ဆောင်လာခဲ့ပါတယ်။ မတ်လ ၁၁ ရက်နေ့မှာ COVID-19 ရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာခဲ့ပြီး မတ်လ ၁၃ ရက်နေ့မှာ COVID ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီကို အမျိုးသားအဆင့်အဖြစ် တိုးမြှင့်ဖွဲ့စည်းလိုက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ပြီး အရှိန်အဟုန်မြှင့်တင် လာခဲ့ပါတယ်။

ဖေဖော်ဝါရီ အစောပိုင်းကာလများတွင် နှာစေးချောင်းဆိုး၊ ဖျားနာရောဂါလက္ခဏာရှိသူ များနှင့် အနီးကပ်ပြုစုသူများ၊ ကျန်းမာရေးဝန်ထမ်းများသာ ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း (Surgical Mask) အသုံးပြုရန် ညွှန်ကြားခဲ့ပါတယ်။ အခြားသာမန်လူများအနေဖြင့် Mask တပ်ဆင်ရန် မလိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အကြံပြုထားပါတယ်။ နောက်ပိုင်းတွင် သုတေသန ပညာရှင်များ၏ လေ့လာတွေ့ရှိချက်များအရ COVID-19 ဗိုင်းရပ်စ်ပိုးသည် လေမှတစ်ဆင့် ပြန့်လွှင့်ပြီး ကူးစက်နိုင်ခြေ များစွာရှိသည့် အထောက်အထားများ တွေ့လာတဲ့အခါမှာ လက်ကို စနစ်တကျဆေးကြောခြင်း၊ အနည်းဆုံး ၆ ပေခွာ၍ နေထိုင်ဆက်ဆံခြင်းတို့အပြင် အိမ်အပြင် မဖြစ်မနေထွက်တဲ့အခါများနှင့် လူစုလူဝေးရှိသည့်နေရာများသို့ သွားသည့်အခါတိုင်း Mask တပ်ရန် အသိပေးညွှန်ကြား ဆောင်ရွက်လာခဲ့ပါတယ်။ မေ ၆ ရက်နေ့မှာ Facebook Page ကနေတစ်ဆင့် နိုင်ငံတော်အကြီးအကဲ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Mask တပ်ဆင်တဲ့ အလေ့အထကို အားပေးသည့် အနေဖြင့် အိမ်တွင်းဖြစ် ပိတ်စနှာခေါင်းစည်း ချုပ်လုပ်မှုပြိုင်ပွဲ ပြုလုပ်ဆောင်ရွက်ခဲ့သည့်နောက်မှာ ပြည်သူများအကြား Mask တပ်ဆင်တဲ့အလေ့အထ သိသိသာသာ မြင့်တက်ခဲ့ပါတယ်။

MGZ – Mask တပ်ခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးတွေကို ပြောပြပါ။

Dr.HHA – တိုတိုနဲ့ လိုရင်းပြောရရင် COVID-19 ရောဂါပျံ့နှံ့မှုကို နှေးကွေးစေနိုင်ပါတယ်၊ လုံးဝ တစ်ရာရာခိုင်နှုန်းတော့ မကာကွယ်နိုင်ပါဘူး။ မကြာခဏ စနစ်တကျလက်ဆေးခြင်း၊ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး ၆ ပေခွာ၍ နေထိုင်ခြင်းတို့နှင့်အတူ ပူးတွဲရပါမယ်။ အမေရိကန်နိုင်ငံ ဗဟိုရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန၏ အဆိုအရ အဝတ်၊ ပိတ်စနှာခေါင်းစည်း (Mask) များဟာ မိမိကိုယ်တိုင်ထက် ဘေးပတ်ဝန်းကျင်က လူတွေကာကွယ်မှုအတွက် ဖြစ်ပါတယ်။ ဥပမာ ပြရလျှင် ကျော်ကျော်ရဲ့ Mask ဟာ ကျော်ကျော်ထံမှ ဗိုင်းရပ်စ်ပိုး(ရှိခဲ့လျှင်)က အခြားလူ ဇော်ဇော်ထံ မကူးစက်သွားဖို့ တားဆီးပေးမှာ ဖြစ်ပါတယ်။

MGZ –ဘယ်လို Mask တွေက လုံခြုံစိတ်ချရလဲ။

Dr.HHA – Mask တွေကို အမျိုးအစားခွဲကြည့်ရင် အဝတ်၊ ပိတ်စနှင့်လုပ်ထားတဲ့ Cloth Mask၊ ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း Surgical Mask ကနေ အသက်ရှုကိရိယာအမျိုးအစားများ Respirator တို့ ဖြစ်ကြပါတယ်။ ဇီဝလုံခြုံမှုအဆင့်မြင့်ဓာတ်ခွဲခန်းတွေမှာဆိုရင်တော့ သန့်စင်ပြီး လေကို သီးခြားပိုက်နှင့်ချိတ်ဆက်ပြီး ဓာတ်ခွဲပညာရှင် တပ်ဆင်ထားတဲ့ အသက်ရှူကိရိယာကို ပို့ဆောင်တာကတော့ အကောင်းဆုံး၊ စိတ်အချရဆုံး ဖြစ်ပါတယ်။ COVID လူနာများကို ကုသရတဲ့ ကျန်းမာရေး ဝန်ထမ်းများအတွက် PAPR လို့ခေါ်တဲ့ ဘတ်ထရီပါဝါနှင့် လေကို ဇကာစစ်များ အတွင်းသို့ မှုတ်သွင်းပြီး သန့်စင်တဲ့လေကို ရစေတဲ့ အသက်ရှူ ကိရိယာက အသင့်တော်ဆုံးပါ။ အားစိုက်ရှူစရာမလိုတော့ဘူး၊ အချိန်ကြာကြာ အကာအကွယ် ဝတ်စုံ PPE နှင့် အသက်ရှုကိရိယာကို တပ်ဆင် အသုံးပြုနိုင်စေပါတယ်။ ဒါမျိုးမရနိုင်ရင် အနီးကပ်ကုသရတဲ့ ကျန်းမာရေးဝန်ထမ်းများအတွက်ကတော့ အကာအကွယ်ဝတ်စုံ PPE နှင့် N95 လို့ခေါ်တဲ့ အသက်ရှုကိရိယာအမျိုးအစားဝင် Mask ကိုတပ်ဆင်အသုံးပြုမှ လုံခြုံစိတ်ချရမှာ ဖြစ်ပါတယ်။ Surgical Mask များကလည်း သေချာတပ်ဆင်လျှင် သင့်တင့်သော ကာကွယ်မှုကို ပေးစွမ်းနိုင်ပါတယ်။ ဈေးကွက်အတွင်းရှိ ပါးစပ်နှင့် နှာခေါင်းစည်း (Surgical Mask) တွေရဲ့ အရည်အသွေး ကောင်း၊ မကောင်းကို အလွယ်တကူ သိနိုင်ပါတယ်။ ပြင်ပ သွင်ပြင်လက္ခဏာများအနေဖြင့် အလွှာသုံးခု ပါရှိရပါမယ်၊ အပြင်ဘက် အလွှာသည် ရေမဝင်နိုင်သည့် အလွှာဖြစ်ပြီး ရေနှင့် လူ့ခန္ဓာကိုယ်မှ ထွက်ရှိသော အရည်အစက်အမှုန်များ မဝင်ရောက်စေရန် ကာကွယ်ပေးပါတယ်။ အလယ်လွှာသည် လေစစ် အလွှာဖြစ်ပြီး ရောဂါပိုးမွှားများ ဖြတ်သန်း ဝင်၊ ထွက်ခြင်းကို ကာကွယ်ပေးပါတယ်။ အတွင်းဘက်အလွှာသည် ရေစုပ်ယူနိုင်သည့် အလွှာဖြစ်ပြီး တပ်ဆင်သူ၏ ကိုယ်မှထွက်ရှိသော အရည်အစက်အမှုန်များကို စုပ်ယူကာ ပြင်ပသို့မထွက်စေရန် ကာကွယ်ပေးပါတယ်။ နှာခေါင်းနေရာအပေါ်တွင်ရှိသော သတ္တုချောငး် (ကလစ်) သည် ဝတ်ဆင်သူနှင့် အံဝင်ခွင်ကျဖြစ်စေရန် ချိန်ညှိလို့ရပါတယ်။ အလွယ်တကူ စစ်ဆေးနိုင်သည့် နည်းလမ်းတွေကတော့ အပြင်ဘက်အလွှာကို ရေစက်အနည်းငယ်ချကြည့်ပါ။ မိနစ်အနည်းငယ် ကြာသည်အထိ ရေစိမ့်ဝင်ခြင်း မရှိရပါ။ အလယ်လွှာကို မီးဖြင့် ရှို့ကြည့်ပါ။ အပူ ရှိန်ကြောင့် တွန့်လိမ်သွားသည်ကိုသာ မြင်တွေ့ရမည်ဖြစ်ပြီး စက္ကူကဲ့သို့ အလွယ်တကူမီးလောင်နိုင်ခြင်း မရှိရပါ။ အတွင်းဘက်အလွှာကို စစ်ဆေးရန် ရေစက်အနည်းငယ်ကို ၎င်းအလွှာပေါ်သို့ ချကြည့်ပါ။ ရေစုပ်ယူခြင်းကြောင့် စွတ်စိုခြင်းရှိရပါမယ်။ ပါးစပ်နှင့် နှာခေါင်းစည်း (Surgical Mask) ကို ဝတ်ဆင်၍ အနီးရှိ ဖယောင်းတိုင်မီးအား ပါးစပ်ဖြင့် လေမှုတ်သည့်အခါတွင် မီးအလွယ်တကူ မငြိမ်းရပါ။ ခွဲစိတ်ခန်းသုံး ပါးစပ်နှင့်နှာခေါင်းစည်း (Surgical Mask) များသည် အနည်းဆုံး အထက်ပါအချက်အလက်များနှင့် ကိုက်ညီမှသာလျှင် သင့်တော်သည့်ကာကွယ်မှုကို ပေးအပ်နိုင်မည် ဖြစ်ပါသည်။ အဝတ်၊ ပိတ်စနှင့်လုပ်ထားတဲ့ Cloth Mask ကိုတော့ N95, Surgical Mask မရရှိနိုင်သောအခြေအနေမျိုးမှာ အသုံးပြုသင့်ပါတယ်။

MGZ – COVID ကာကွယ်ဖို့အတွက် ဘယ်လို Mask တွေကို သုံးသင့်လဲ။

Dr.HHA – အများပြည်သူလူထုအတွက် စဉ်းစားရမယ်ဆိုလျှင် လူတိုင်းလူတိုင်း နေ့စဉ်ဘဝမှာ တပ်ဆင်အသုံးပြုရန်အတွက် အိမ်တွင်းဖြစ် ပိတ်စနှာခေါင်းစည်း Mask က လုံလောက်သင့်တော်မယ်လို့ ထင်ပါတယ်။

MGZ – Mask မတပ်ခြင်းကြောင့် ကူးစက်မှု ဘယ်လောက်ထိဖြစ်နိုင်လဲ။

Dr.HHA – လူတိုင်းလူတိုင်း နေအိမ်မှအပြင်သို့ ထွက်သည့်အခါတိုင်း၊ လူစုလူဝေးရှိသည့် နေရာတိုင်း Mask တပ်ခြင်းစသည့် ကာကွယ်ရေးနည်းလမ်းတွေကို အသုံးမပြုဘူးဆိုလျှင် COVID ကူးစက်မှုနှုန်းဟာ ဆတိုးနှုန်းနဲ့ ကူးစက်သွားနိုင်ပါတယ်။

MGZ – Social Distancing မလုပ်နိုင်တဲ့အပေါ် ဘယ်လိုမြင်လဲ။ ဘာကြောင့် မလုပ်နိုင်တာလို့ထင်လဲ။

Dr.HHA – အခုနောက်ပိုင်းမှာတော့ Physical Distancing လို့ ပြောင်းလဲခေါ်ဆိုလာပါတယ်။ COVID ဟာ ၆ ပေအတွင်း အချိန်ကြာကြာနေတဲ့သူတွေကြားမှာ အဓိကကူးစက်နိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့်မို့ တစ်ဦးနဲ့တစ်ဦး ပြောဆိုဆက်ဆံကြတဲ့အခါမှာ အနည်းဆုံး ၆ ပေကွာဖို့ ပြောရခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ စစ်ကိုင်းတိုင်းဒေသကြီးမှာ အားသာချက်ကတော့ မြေနေရာတွေ ကျယ်ဝန်းကြတယ်။ တိုက်ခန်းစသည့်တို့ လူနေသိပ်သည်းတာ နည်းပါတယ်။ အစပိုင်း မုံရွာမှာ လူတိုင်းလိုလို Mask တပ်ကြတာကို တွေ့ရပါတယ်။ စည်းကမ်းလိုက်နာပြီး ရောဂါအနေအထားကို သဘောပေါက်မယ်လို့ ထင်ပါတယ်။ လက်ရှိအချိန်ထိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ကလေးမြို့နှင့် စစ်ကိုင်းမြို့မှာပဲ ပိုးတွေ့လူနာ ရှိပါသေးတယ်၊ အခြားမြို့နယ်တွေမှာ ပိုးတွေ့လူနာမရှိသေးပါဘူး။ ရောဂါဖြစ်ပွားစမှာတော့ လူအများက စိုးရိမ်ထိတ်လန့်ပြီး စည်းကမ်းပိုလိုက်နာပါတယ်။

MGZ – ပြည်သူတွေကို ဘာများဖြည့်စွက် အမှာစကား ပြောချင်ပါသေးလဲရှင့်။

Dr.HHA – ကာကွယ်ဆေး မထိုးနှံခင်ထိတော့ လူတိုင်းလူတိုင်း ရောဂါကာကွယ်ရေး နည်းလမ်းများကို စနစ်တကျလိုက်နာကျင့်သုံးဖို့ အထူးလိုအပ်ပါတယ်။ ကမ္ဘာတစ်ဝန်းတွင် ကူးစက်ဖြစ်ပွားသေဆုံးမှုများ ဆက်လက်များပြားလျက်ရှိသောကြောင့် အများပြည်သူများအနေဖြင့် ပေါ့ဆမှု လုံးဝမရှိဘဲ ရောဂါကာကွယ်ရေးနည်လမ်းများကို လိုက်နာကျင့်သုံးပါက မြန်မာနိုင်ငံတွင် COVID-19 ကူးစက်မှု ဒုတိယလှိုင်းဖြစ်နိုင်ဖို့ အလားအလား အလွန်နည်းပါးသွားမှာ ဖြစ်ပါတယ်။

MGZ – အခုလို အချိန်ပေးဖြေကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။

LEAVE A REPLY

Please enter your comment!
Please enter your name here