HIV ကာကွယ်ဆေး တကယ်ရှိပြီလား

0
58

HIV ရောဂါကို တကယ်ကာကွယ်နိုင်တဲ့ဆေး ပေါ်ပြီလားဆိုတဲ့သတင်းဟာ အခုတလော တစ်ဖန်ပြန်ပြီး ဂယက်ထလာပါတယ်။ အဲဒီမေးခွန်းကိုတော့ Yes လို့ပဲ ဖြေရတော့မှာပါ။ ၂၀၁၂ ခုနှစ်ကတည်းက အမေရိကန်ပြည်ထောင်စုအခြေစိုက် ဂလက်စတုန်းအင်စတီကျူ့က ဒေါက်တာရောဘတ်ဂရန့်က အိတ်ချ်အိုင်ဗီ၊ အေအိုင်ဒီအက်စ်ကို အမြစ်ဖြုတ်ချေမှုန်းနိုင်တော့မယ့်ခေတ်ထဲ ရောက်ပါတော့မယ်ဆိုပြီး ကြုံးဝါးခဲ့ပါတယ်။ ဒီကြုံးဝါးသံနဲ့အတူ Truvada ဆေးဝါးကို ထုတ်လုပ်ဖြန့်ချိခဲ့ကြပါတယ်။ ဒီဆေးဝါးဟာ HIV ပိုးကို ရာနှုန်းပြည့်ကာကွယ်နိုင်တဲ့အဆင့်ထိ မရောက်ခဲ့ပေမယ့် ၇၀ ရာနှုန်းလောက်အထိ ထိရောက်ခဲ့ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် ဂျီလတ်ဆိုင်းယင့်စ်က ထုတ်လုပ်ခဲ့တဲ့ Truvada ဆေးဝါးဟာ ကျန်းမာသန်စွမ်းတဲ့ လိင်တူအမျိုးသားတွေသုံးတဲ့အခါ အိတ်ချ်အိုင်ဗီဖြစ်ပွားမှုနှုန်း ၄၄ ရာခိုင်နှုန်းလျော့ကျသွားပြီး၊ အိတ်ချ်အိုင်ဗီပိုးရှိနေတဲ့ လိင်ဆက်ဆံနေဆဲဖြစ်တဲ့ ပိုးမရှိသေးတဲ့ သူတွေမှာတော့ ၇၃ ရာခိုင်နှုန်း လျော့ကျသွားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ အဲဒီဆေးကို PreP လို့လည်းခေါ်ပါတယ်။

HIV နဲ့ ARV

အားလုံးသိကြတဲ့အတိုင်း HIV ရောဂါဆိုရင် လူတော်တော်များများက အကြောင်းမဲ့ကြောက်လန့်ကြပါတယ်။ တကယ်တော့ HIV ပိုးရှိသူဟာ AIDS ရောဂါရနေသူ မဟုတ်သေးပါဘူး။ သူဟာ လက်ရှိ ARV ဆေး သောက်သုံးနေသူဆိုရင် သူတပါးကို ကူးစက်မှုနှုန်းလည်း အင်မတန်နည်းတဲ့သူပါ ဒါကိုတော့ကြိုသိသင့်တယ်ထင်ပါတယ်။ တကယ်တော့ ARV ဆိုတာ Anti Retro Viral လို့ခေါ်ပြီး HIV ပိုးတွေကို ထိန်းချုပ်ပေးတဲ့ ဆေးတစ်မျိုးဖြစ်လို့ ကူးစက်မှုကိုပါ ကာကွယ်နိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် HIV ပိုးမရှိသူတွေအတွက် ကြိုတင်ကာကွယ်ရတဲ့ဆေးတော့ မဟုတ်ပါဘူး။ ဒါ့အပြင် ဆေးယဉ်ပါးပြဿနာလည်း ရှိနေပါသေးတယ်။

PEP

နောက်ထပ် HIV ကာကွယ်နိုင်စေတဲ့ ဆေးကတော့ Post Exposure Prophylaxis (PEP) ဆိုတဲ့ဆေးပါ။ သူကတော့ ပိုးရှိသူဖြစ်စေ၊ မရှိသူ ဖြစ်စေ သောက်သုံးနိုင်ပါတယ်။ ဒီဆေးဟာ ရောဂါပိုး ကူးစက်စေနိုင်တဲ့ အပြုအမူ၊ ထိတွေ့မှုတွေ ပြုလုပ်အပြီး ၇၂ နာရီအတွင်း သောက်သုံးကာ ကြိုတင်ကာကွယ်ရတဲ့ဆေး ဖြစ်ပါတယ်။ ဒီဆေးဟာလည်း အရေးပေါ်ဆေးသာဖြစ်ပြီးကာကွယ်နိုင်မှု ရာခိုင်နှုန်း ၈၀ ခန့်ရှိပေမယ့် ဘေးထွက်ဆိုးကျိုးများတဲ့ ဆေးဖြစ်ပါတယ်။ အန္တရာယ်ရှိတဲ့ အမှုအခင်းတွေ အလိုမတူ လိင်ပိုင်းကျူးလွန်မှုတွေမှာပဲ သုံးပါတယ်။ ဒါကို ကာကွယ်ဆေးလို့ ပြောရင်လည်း ရပါတယ်။ ဒါပေမယ့် အချိန်အကန့်အသတ်နဲ့ ဘေးထွက်ဆိုးကျိုးရှိပါတယ်။

PrEP

ဒီဆေးကတော့ Pre Exposure Prophylaxis (PrEP) လို့ခေါ်ပြီး HIV ပိုးကူးစက်နိုင်ခြေရှိတဲ့ အပြုအမူသမားတွေကို ကြိုတင်တိုက်ကျွေး ကာကွယ်လို့ရတဲ့ဆေးပါ။ ဥပမာ လင်မယားနှစ်ယောက်မှာ လင်က HIV ရှိနေရင် မယားကိုကြိုတင် တိုက်ထားလို့ရပါတယ်။ မယားမှာရှိနေရင်လည်း လင်ကို တိုက်ထားရပါတယ်။ Tenofovir + Emtricitabine နှစ်မျိုးပေါင်းထားတဲ့ ဆေးအမယ်ဖြစ်ပြီး ဆရာဝန် ညွှန်ကြားချက်နဲ့ သောက်သုံးရတဲ့ဆေးပါ။ နေ့စဉ်သောက်သုံးရပါတယ်။ အချိန်မှန် ပုံမှန်သောက်သုံးရတဲ့ဆေးဖြစ်ပြီး ဆေးသောက်နေမယ်ဆိုရင် HIV ပိုးရှိသူနဲ့ ကူးစက်နိုင်တဲ့ အပြုအမူတွေ ပြုလုပ်သည့်တိုင် ၉၀ ရာနှုန်းနီးပါး ကာကွယ်နိုင်တယ်လို့ သိရပါတယ်။ ကာကွယ်နိုင်စွမ်းမြင့်မားဖို့ကတော့ အန္တရာယ်ရှိတဲ့ အပြုအမူတွေမပြုခင် ၃ ပတ်ခန့် အထိ ကြိုသောက်ဖို့လိုပါတယ်။ PrEP ဆေးဟာ ဆေးယဉ်ပါးပြဿနာ အများကြီးမရှိပေမယ့် ပုံမှန်ဆေးစစ်မှုတွေ၊ ဆေးဘေးထွက်ဆိုးကျိုးတွေ ရှိတာမို့ မလိုအပ်ဘဲနဲ့တော့ ဒီဆေးကို ပဲလှော်ဝါးသလို သောက်နေလို့မရတာအမှန်ပါပဲ။ ဒါ့အပြင် သောက်လိုက်၊ မသောက်လိုက် လုပ်နေရင်လည်း ဆေးမသောက်တာနဲ့ ဘာမှမထူးခြားပါဘူး။

အထက်ဖော်ပြပါဆေးတွေဟာ HIV ပိုးကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်တဲ့ ဆေးတွေဖြစ်ပါတယ်။ အများကို ထိုးနှံရတဲ့ အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးလို ကြိုတင်ထိုးနှံလို့ရမယ့် ကာကွယ်ဆေးတွေကတော့ စမ်းသပ်နေကြဆဲပဲ ရှိပါသေးတယ်။ ဈေးကွက်ထဲမှာ မရှိသေးပါဘူး။ လက်ရှိတော့ PrEP တို့ ARV တို့လိုဆေးမျိုးတွေကတော့ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေကြပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံလို ဆင်းရဲတဲ့နိုင်ငံတွေအတွက်ကတော့ ဆေးရရှိဖို့ အလှူရှင်တွေ လိုအပ်နေဆဲဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် HIV ပိုးကို ကာကွယ်နိုင်တဲ့ ဆေးရှိလားလို့မေးရင် ရှိပါတယ်လို့ဖြေရတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် လူတွေထင်သလို ဗုန်းဗောလအော ကာကွယ်ပေးနိုင်တဲ့ ဆေးမျိုးမဟုတ်သေးဘူးဆိုတာကိုလည်း ဗဟုသုတအဖြစ် တင်ပြလိုက်ရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here