SNA သင်တန်းဆင်းပွဲတွင် မီဒီယာသို့ဖြေသည့် ဟုမ္မလင်းဒေသခံတစ်ဦး အဖမ်းခံရ

0
2951

တင်မျိုးငြိမ်း
ဟုမ္မလင်း၊ ဇူလိုင်- ၈

ရှမ်းနီလက်နက်ကိုင်အဖွဲ့ (SNA) သင်တန်းဆင်းပွဲတွင် သတင်းဌာနတစ်ခုအား အင်တာဗျူးဖြေခဲ့သော ဟုမ္မလင်းမြို့နယ် စေတီဆိပ်ရွာနေ ဦးမောင်ကျန်(ခ)လူကျန်အား အမှတ်(၂၂၂) ခြေလျင်တပ်ရင်းက ယမန်နေ့က ဖမ်းဆီးကာ မိုင်းကိုင်းနယ်မြေရဲစခန်းသို့ လွှဲပြောင်းပေးလိုက်ကြောင်း သတင်းရရှိသည်။

ဦးမောင်ကျန်သည် ၂၀၁၉ ဖေဖော်ဝါရီ ၂၇ ရက်က သတင်းဌာနတစ်ခု၏” ရှမ်းနီအိမ်မက် အသက်သွင်းလာသည့် SNA” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သော ရုပ်သံတွင် ” SNA နှင့် ပူးပေါင်းပြီးတော့ ရှမ်းနီပြည်နယ်တစ်ခုလုံးကို ကျွန်တော်တို့ရပြီးသားပြည်နယ်နှင့် ခေတ်အဆက်ဆက်က ရှိခဲ့ပြီးတဲ့ ရှမ်းနီဒေသကို ရှမ်းနီပြည်နယ်ရရှိမယ်လို့ မျ​ှော်လင့်ပါတယ်။ သူတို့လည်း လုပ်ဆောင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု ဖြေဆိုသည့်အပေါ် အမှုဖွင့်ခံရခြင်းဖြစ်ကြောင်း သိရသည်။

“ဖမ်းဆီးလာနေပါတယ်။ မရောက်သေးပါဘူး။ လမ်းခုလတ်မှာပဲ ရှိသေးတာပါ “ဟု ဟုမ္မလင်းမြို့ မြို့မရဲစခန်းမှ ဂတ်စာရေးက ပြောသည်။

အင်တာဗျုးဖြေဆိုသူအား ခလရ (၂၂၂ ) မှ ဗိုလ်မှူးမြတ်သက်အောင် ဦးစီးသောအဖွဲ့က ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ တိမ်းရှောင်နေပြီး ဇူလိုင် ၇ ရက်တွင် ဖမ်းခံရကြောင်း သိရသည်။

ဦးမောင်ကျန်(ခ)လူကျန်အား မိုင်းကိုင်းနယ်မြေရဲစခန်းမှ (ပ)၂၈/၂၀၂၀ မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇/၁ ဖြင့် အမှုဖွင့်ခဲ့ပြီး ခေတ္တစခန်းမှူး ဒုရဲအုပ် လီလျှံစိုးက စစ်ဆေးခဲ့သည်။

ယင်းအမှုနှင့်ပတ်သက်ပြီး နယ်မြေရဲစခန်းမှတဆင့် ဟုမ္မလင်းမြို့မရဲစခန်းသို့ လွှဲပြောင်း စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here