

မောင်စိန်ချို
ပင်လည်ဘူး၊ နိုဝင်ဘာ – ၂၈
ကသာခရိုင် ဗန်းမောက်မြို့နယ်တွင် ကတူးရိုးရာ နတ်တက်ကောက်သစ်ပူဇော်ပွဲကို ပထမဆုံးအကြိမ်အဖြစ် စက်တောကျေးရွာခန်း၌ ယနေ့နံနက်က ပြုလုပ်သည်။
“ကတူးလူငယ်တိုးတက်ရေးအသင်းက လူငယ်တွေက ကောက်သစ်ပူဇော်ပွဲနဲ့ ကောက်သစ်စားပွဲလေး လုပ်ချင်တယ်လို့ ပြောလာတယ်။ ရိုးရာအမွေတွေ ထိန်းသိမ်းချင်လို့ပါတဲ့။ အဲဒါကြောင့် လုပ်ပေးကြရတာ”ဟု ကတူးဒေသခေါင်းဆောင် ဦးအောင်ဝင်းတင်က ပြောသည်။
ကတူးရိုးရာ ကောက်သစ်ပူဇော်ပွဲသည် ကောက်သစ်ဆန်နှင့် ပြုလုပ်သော အစားအသောက်များကို ဒေသနယ်တစ်ခုလုံး အပိုင်အစိုးရသော မိုင်းတုန်တောင် အရှင်ကြီးကို ပူဇော်ပသခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
ရိုးရာနတ်ပူဇော်ရာတွင် ပေါင်းတင်း၊ ကောက်ညှင်းပေါင်းထုပ်အချွန်၊ ခေါစီ(ခေါပုတ်)၊ ကောက်သစ်စပါးပုံ၊ ကောက်သစ်စပါးနှံများ၊ ကတူးရိုးရာအစားသောက်ဖြစ်သော ဟင်းပေါင်းမျိုးစုံ၊ အုန်းသီးငှက်ပျောသီး (အုပ်ပွဲ)၊ သစ်သီးမျိုးစုံတို့ကို ပူဇော်ပသကြသည်။
ရိုးရာနတ်အား ပူဇော်ပသခြင်းအားဖြင့် ကတူးနယ်သူနယ်သားများအားလုံး ကောက်ပဲသီးနှံ၊ စပါးများ ပိုမိုအထွက်တိုးရန်၊ ကျန်းမာရေး၊ အလုပ်အကိုင်၊ စီးပွားရေးများ ကောင်းမွန်ရန် မိုင်းတုန်တောင် အရှင်ကြီးက ကြည့်ရှုစောင့်ရှောက်ပေးရန် ဆုတောင်းကြသည်။
ဗန်းမောက်မြို့နယ်တွင် ကတူးရိုးရာ အထိမ်းအမှတ်ပွဲများ နှစ်စဉ်တိုင်း ပြုလုပ်လေ့ရှိသော်လည်း ကတူးရိုးရာ ကောက်သစ်ပူဇော်ပွဲနှင့် ကောက်သစ်စားပွဲကို စုပေါင်းပြီး ယခု ပထမဦးဆုံး ပြုလုပ်ခြင်းဖြစ်သည်။
အဆိုပါပွဲအား ကိုဗစ်ညွန်ကြားချက်များနှင့်အညီ ကတူးတိုင်းရင်းသား ၃၀ ဦးသာ ဖိတ်ကြားပြုလုပ်ခဲ့သည်ဟု ဆိုသည်။