ကမ္ဘာကျော်ကာနီး လက်နှစ်လုံးအလို

0
61

ညီညီဇေယျ ရေးသည်။

“ကမ္ဘာပေါ်မှာ ရှိသမျှနိုင်ငံတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတာတွေကို အကြောင်းအရာ အမျိုးမျိုးအလိုက် စစ်တမ်းတွေကောက်ယူပြီး ကိန်းဂဏန်းတွေနဲ့ နှိုင်းယှဉ်ထုတ်ပြန်ကြေညာတာတွေကို အညွှန်းကိန်းတွေလို့ ခေါ်တာပေါ့ သူကြီးရာ”

(၁)

ထုံးစံအတိုင်း မြေကြီးလက်ခတ်တာကမှ လွဲကောင်းလွဲနိုင်သည်။ မြစ်ထဲရေရှိသည်ဟု ပြောတာကမှ နွေရာသီဆို လွဲကောင်းလွဲနိုင်သည်။ သူကြီးမင်းအိမ်မှာ ယခုလို စကားကြီးစကားကျယ်တွေ ကြားရပြီဆို မောင်မောင်ချက် ရောက်နေပြီပဲ ဖြစ်သည်။

“ဥပမာဗျာ ကမ္ဘာပေါ်မှာ ပြည်သူတွေစိတ် အပျော်ရွှင်ဆုံးနိုင်ငံ အညွှန်းကိန်းမှာဆို ဖင်လန် နိုင်ငံက နံပါတ်တစ်ပဲ သူကြီးရာ၊ ပညာရေးစနစ် ကောင်းမွန်တဲ့နိုင်ငံအညွှန်းကိန်းမှာဆို အမေရိကန်တို့၊ ဆွစ်ဇာလန်တို့၊ ဒိန်းမတ်တို့က ထိပ်ဆုံးကပေါ့ဗျာ”

“ဟေ အေးဟေးဟေး ငါတောင် ဖင်လှန်ချင် အဲလေ ဖင်လန်နိုင်ငံသွားနေချင်လာပြီ။ တယ်ဟုတ်ပါလားကွာ တို့ရွာရော အညွှန်းကိန်းထဲ ပါလို့မရဘူးလားကွ၊ လုပ်စမ်းပါ ဘယ်သူ့သွားတွေ့ ရမလဲကွ၊ ဘယ်လိုညှိပေးရမလဲ ပြောပါလို့”

“ဟာ သူကြီးမင်းနှယ် ဒါမျိုးက ဘယ်လိုလုပ် သွားတွေ့လို့ရမှာတုန်း၊ ပါချင်တိုင်းလည်း ပါလို့မရဘူး။အစိုးရမင်းတွေ အန်ဂျီအိုလို့ခေါ်တဲ့ အစိုးရ မဟုတ်တဲ့အဖွဲ့အစည်းကြီးတွေ၊ ကော်ပိုရိတ်ကြီးတွေက စီမံပြုစုကြပြီး သူတို့အစီအစဉ်တွေအရ လိုက်လံ စာရင်းအချက်အလက် ကောက်ကြတာကိုး သူကြီးမင်းရ”

“အေးကွာ တို့ရွာလည်း ဒီလိုအညွှန်းကိန်းစာရင်းမှာ တစ်ခါလောက်ပါရင်ကို ကမ္ဘာကျော်ပြီပဲကွာ၊ စာရင်းလာကောက်မယ့် သူငယ်တွေ တွေ့ရင်လည်း တို့ရွာကို လွှတ်လိုက်စမ်းပါဦး”

ခက်ခြေပြီ။ ရွာကို ခေတ်နှင့်အမီ ရင်ဘောင်တန်းလိုက်ချင်သော သူကြီးမင်းနှင့် မြို့သားတပိုင်း ရွာသားတပိုင်း မောင်မောင်ချက်တို့ တွေ့ကြပြီ။ တခုခုဆိုလျှင် စိတ်မြန်လက်မြန်ရှိတတ်သော သူကြီးမင်း၊ စိတ်ကူးထဲပေါ်လာလျှင် ပေါ်လာသလို ချက်ချင်းအချိန်မဆိုင်း ထထလုပ်လေ့ရှိသော သူကြီး။ စိတ်မြန်ပုံကတော့ ဟိုတလောက စတေး ဟုမ်းခေါ် အိမ်တွင်းအောင်းကြရသောအချိန်က အဖြစ်အပျက်ကိုပဲကြည့်။ အိမ်တွင်းအောင်းနေရသည်ဆိုပါမှ သူကြီးမင်းက ဒံပေါက်စားချင်သည်ဟု ဆန္ဒရှိတော်မူလေသည်။ အပြင်လည်းမထွက်ရ၊ ဆိုင်များလည်း ပိတ်သောအခါ အိမ်တွင်ချက်မည်ဟုဆုံးဖြတ်လေသည်။ ထိုအခါ သူကြီးမင်းတို့တစ်အိမ်လုံး ဒံပေါက်ချက်တတ်သူ၊ ချက်ဖူးသူတစ်ယောက်မျှမရှိသည်ဖြစ်ရာ သူကြီးမင်းရွှေစိတ်တော် ညှိုးလေ၏။ ညှိုးရာမှ ဒေါသအဖြစ် ပြောင်းတော်မူလေရာ တအိမ်လုံးပြာကြရပြီ။ ကလေးသူငယ် ဆိုလျှင်လည်း မသိရကောင်းလားဟု ဆူလို့ပြောလို့ ရသေးသည်။ ဟုတ်တယ်လေ သည်လိုခေတ်ကြပ်ကြီး အခြေအနေကြပ်ကြီးထဲ ဒံပေါက်စားချင်ရတယ်လို့။ သူကြီးမင်းဖြစ်နေတော့လဲ ခက်ကြသား။ သူကြီးမင်း ပေကိုး။ နောက်ဆုံးတော့ ကြံရာမရ မောင်မောင်ချက်ဆီမှာ ဒံပေါက်ချက်နည်းစာအုပ် ရှိသည်၊ ထိုစာအုပ်သွားယူ၊ စာအုပ်ဖတ်ချက်ကြမည်ဟု ဆုံးဖြတ်ကြရလေသည်။ မည်သူချက်ကြမည်နည်း။ မသိမကျွမ်းသည့်ကိစ္စကို မည်သူမျှ မချက်လိုကြ။

“ကဲဟေ့…ငါကိုယ်တိုင် စာအုပ်ကြည့်ချက် မယ်ဟေ့”

စိတ်မြန်ကိုယ်မြန်သူကြီးမင်းမဟုတ်လား။

“ဟာ စာအုပ်ကလဲ ဘယ်တုံးကဟာတုံးကွာ၊ ဟောင်းနွမ်းနေတာပဲ”

ချက်ပါပြီ။ စာအုပ်ကြည့်လိုက်၊ ထည့်စရာရှိတာထည့်လိုက်၊ မွှေစရာရှိမွှေလိုက်၊ စာရွက်လှန် ဖတ်လိုက်၊ ချက်လိုက်။

“ဆားဇွန်းကြီးတစ်ဇွန်းခတ်၍ မွှေပြီးလျှင် စားသုံးနိုင်ပါပြီတဲ့ဗျ သူကြီး၊ သြော်နေဦး ဒီဘက် စာမျက်နှာက ..”

“ဟာ တော်ကွာကြာတယ်။ စားသုံးနိုင်ပါပြီဆို ရတော့တာပဲမဟုတ်လား၊ လုပ်ချတော့၊ ထည့်ဟေ့ စားတော့မယ်”

အနံ့မွှေးမွှေးနှင့် ဒံပေါက်ပန်းကန် ပူပူနွေးနွေးကို သူကြီးမင်းလွှေးပြီ။

“ဟင် ဖွီးငန်လိုက်တာကွာ”

“ဟာ ဟုတ်သား ငန်သွားပြီဟေ့”

“ဟာ သူကြီးမင်းက စိတ်မြန်လက်မြန် အတင်းချက်တာကိုး၊ ဒီမှာ နောက်စာမျက်နှာမှာ အမှားပြင်ဆင်ချက်တဲ့ဗျ။ သူကြီးက သေချာမဖတ်ဘူး”

“ဟေ ဘာအမှားပြင်ဆင်ချက်တဲ့တုံး”

“ဆားဇွန်းကြီးတစ်ဇွန်းအစား ဇွန်းသေးတစ်ဇွန်းဟု ပြင်ဆင်ဖတ်ရှုပါတဲ့ဗျ”

“ဟာ ခွီးမှပဲကွာ၊ မစားတော့ဘူးဟေ့” ဤသို့ စိတ်မြန်ကိုယ်မြန်ရှိသော သူကြီးမင်း မဟုတ်လား။

(၂)

ခုလည်း သူကြီးမင်းစိတ်ထဲ အညွှန်းကိန်းတွေပဲ ရှိနေသည်။ ကမ္ဘာ့အညွှန်းကိန်းစာရင်းတခုခုမှာ သူ့ရွာပါစေချင်သည်။ သို့မှသာ ကမ္ဘာကျော်ရွာဖြစ်မည်မဟုတ်လား။ သူ့ရွာကမ္ဘာကျော်သွားလျှင် သူလည်း ကမ္ဘာကျော်သူကြီးမင်းဖြစ်ပြီမဟုတ်လား။

“ဗျို့သူကြီး နီးစပ်လာပြီဗျ နီးစပ်လာပြီ” နောက်ဆုံးလက်ကျန်ဆန်လေး တစ်ဘူးချက် ပြီးချိန်တွင် နိုင်ငံတော်ထောက်ပံ့သည့် ဆန်အိတ်ရလာသလိုမျိုး ဝမ်းသာအားရဖြင့် သူကြီးမင်းအိမ်ဆီ မောင်မောင်ချက် ပြေးလာသည်။

“ဘာနီးစပ်တာတုံးဟ”

“ဒီလိုဗျာ သူကြီး ရွာထဲမှာအညွှန်းကိန်းတွေ တက်လာပြီဗျ”

“ဘာ ဘာ အညွှန်းကိန်းတက်”

“အရက်သောက်သုံးသူ အညွှန်းကိန်းလေ၊ တရက်ပြီးတရက် တက်လာသဗျ”

“ဘာကွ”

“ဟုတ်တယ်။ အရင်က လုံးဝမသောက်တဲ့ ရွာဦးက ဘုရားလူကြီးဦးသေတ္တာလည်း အရက်သောက်သုံးသူစာရင်းထဲ ဝင်သွားပြီ၊ ကျောင်းဆရာလေးကိုမြင့်မောင်လည်း စာရင်းဝင်လာပြီ၊ ရွာလယ်က ကျောင်းသားလေးတွေ မောင်နိုးဝေတို့၊ မောင်နိုးဆိုင်တို့ သူငယ်ချင်းတတွေလည်း သောက်လာကြပြီ”

“ဟ ဘယ့်နှယ် ရွာထဲ ဘယ်လိုတွေဖြစ်လို့ သောက်တဲ့သူများလာတာတုံး”

“အို သူကြီးမင်းကလည်း ဘုရားလူကြီးဦးသေတ္တာက ဘုရားတွေပိတ်ထားတော့ အလုပ်မရှိ၊ အရက်ဆိုင်တွေက ဖွင့်ထားတော့ ပျင်းပျင်းရှိတာနဲ့ အရက်ဆိုင်ရောက်သွားရောတဲ့၊ ကျောင်းဆရာလေးကလည်း သူ့ကျောင်းက အေလစ်စ်ထဲမပါလို့ မဖွင့်ရဘူးတဲ့၊ အဲတာနဲ့ ကျောင်းမဖွင့်ရင် ဖွင့်တဲ့ အရက်ဆိုင်သွားတယ်ကွာဆိုပြီး နေ့တိုင်းသောက် ဖြစ်လာတော့တာတဲ့”

“ဟိုကောင် မောင်ကျောင်းသားတို့ကရောဟ”

“သူတို့ကလည်း ကျောင်းမဖွင့်တော့ ဖွင့်ထားတဲ့အရက်ဆိုင်မှာ ဆုံကြတာတဲ့၊ ခုဆို ညနေပိုင်း ပရိတ်ရွတ်ကြတဲ့ မမိတင့်တို့ ဝတ်ရွတ်အသင်းတောင် ညနေ အရက်ဆိုင်မှာ ဆုံကြမလို့လို့ ကြားတယ်။ တွေ့လားသူကြီး၊ သူကြီးရဲ့ရွာဟာ အညွှန်းကိန်းတွေ တရက်နဲ့တရက် တိုးတက်များပြားလာနေပါပြီဗျ၊ ကမ္ဘာကျော်တော့မှာပါ၊ နောက်တပတ်ဆို မူကြိုတက်ကြမယ့် သူကြီးမင်း မြေးတွေတောင် အရက်ဆိုင်မှာ သွားသောက်ကြ မယ်လို့ ကြား…ကြား….”

“တိတ်စမ်း၊ ခွေးမသား၊ အရက်သောက်သုံးသူ အများဆုံးအညွှန်းကိန်းနဲ့ ငါ့ရွာက ကမ္ဘာကျော်ရမလားကွ ဟေ”

“သူကြီးမင်းပဲ ရွာကို ကမ္ဘာကျော်ချင်တာဆို ခုဆို အညွှန်းကိန်းတွေ တက်လာပြီ မဟုတ်လား”

“တော်စမ်းကွ”

ဒီလိုနဲ့ အဲဒီနေ့က သူကြီးမင်းဟာ ဒေါသတကြီးနဲ့ လက်စွဲတော်နှစ်လုံးပြူးကြီးချိန်လို့ မောင်မောင်ချက်ခမြာ ပြေးလိုက်ရတာ အရက်ဆိုင်တန်းရောက်သွားတာပဲတဲ့။

သူကြီးမင်းလည်း အဲဒီနေ့ကစပြီး ရွာရော၊ လူရော ကမ္ဘာကျော်ချင်တဲ့စိတ် ပျောက်သွားတော့တာပဲတဲ့။

ဗျာ၊ ဘယ်လို အရက်ဆိုင်တွေလား၊ သိဘူးလေ ဖွင့်တုံးပဲနေမှာပေါ့။ ဒီတခါ သူကြီးမင်းနဲ့တွေ့မှ မေးထားလိုက်ပါဦးမယ်။

သတ်ဘေသတ်တာကံမသကာ

LEAVE A REPLY

Please enter your comment!
Please enter your name here