ကမ္ဘာ့ကုန်သွယ်ရေးမှာ တရုတ်နိုင်ငံ အဓိက ကျလာသလား

0
75

သက်ဆွေအေး ရေးသည်။

ကမ္ဘာ့နိုင်ငံကြီးတွေဟာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရင် ဘယ်လိုဆက်ဆံပတ်သက်ရမလဲဆိုတဲ့ နည်းတွေ အသည်းသန် လိုအပ်လာနေပြီ။

တရုတ်နိုင်ငံဟာ ၂၁ ရာစုမှာ ပါဝါပိုရှိလာတဲ့ နိုင်ငံလည်းဖြစ်သလို၊ အာဏာရှင်နိုင်ငံဖြစ်ပြီးလွတ်လပ်ဈေးကွက်ကို အယုံကြည်မရှိတဲ့ တိုင်းပြည်ဖြစ်တယ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုရှိတဲ့ နိုင်ငံလည်းဖြစ်နေပါတယ်။ လတ်တလော ဖြစ်ရပ်တွေက အနောက်တိုင်းမူဝါဒတွေဟာ ထိရောက်မှုမရှိ သဲထဲရေသွန်ဖြစ်နေတာ တွေ့ရပါတယ်။

ဒီဇင်ဘာ ၃၀ ရက်နေ့က ဥရောပသမဂ္ဂဟာ တရုတ်နဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်တွေ သဘောတူခဲ့ပါတယ်။ အခြေအနေ သိပ်မကောင်းတဲ့အားနည်းတဲ့ ရယူမှုလောက်သာဖြစ်စေပြီး၊ တရုတ်အတွက်တော့ သံခင်းတမန်ခင်းအရ အာဏာသိမ်းလိုက်နိုင်တယ်လို့ ပြောရမလိုပါ။ အီးယူက ဒီလိုသဘောတူညီချက်လုပ်လိုက်တာက အမေရိကရဲ့နောက်တက်လာမယ့် ဘိုင်ဒန်ကို သံသယရှိတာကြောင့်ပါ။ နယူးရော့ စတော့မှာ တရုတ်ကုမ္မဏီတွေရဲ့ရှယ်ယာတွေကို ပိတ်ပင်လိုက်ပေမယ့် ရက်ပိုင်းအတွင်းမှာပဲ စိတ်ပြောင်းပြီး လက်ခံလိုက်ပြန်ပါတယ်။ တရုတ်နိုင်ငံကဝီဂါ လူမျိုးတွေအပေါ် အတင်းအဓမ္မလုပ်အားစေခိုင်းတာနဲ့ပတ်သက်ပြီး အမေရိကန်လွှတ်တော်မှာဥပဒေတင်သွင်းပြီး အကာကွယ်ပေးမယ် ဆိုပေမယ့် မလုပ်ဖြစ်သေးတဲ့ကိစ္စလည်း ရှိနေတယ်။

အနောက်အုပ်စု ပြိုလာတဲ့အချိန်မှာ တရုတ်ဟာ ပြည်တွင်းကို ဖိနှိပ်ချေမှုန်းတာတွေ လုပ်လာရင်း၊တဖက်က သူ့သြဇာကို နယ်ပယ်ချဲ့ယူ လာနေတယ်။ ဇန်နဝါရီလ ၆ ရက်နေ့က တရုတ်က ဟောင်ကောင်ဒီမိုကရေစီအရေး လှုပ်ရှားတက်ကြွသူ ၅၀ လောက်ကို ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။ နိုဝင်ဘာလတုန်းက တရုတ်နိုင်ငံနဲ့ အာရှ ၁၄ နိုင်ငံတို့ ကုန်သွယ်ရေးသဘောတူညီမှု လက်မှတ်တွေထိုးကြပါတယ်။ ဒီလက်မှတ်ထိုးတဲ့ နိုင်ငံတွေထဲမှာ အမေရိကန်ရဲ့ မဟာမိတ်ဖြစ်သူ ဂျပန်နဲ့ စင်ကာပူတောင် ပါဝင်ပါတယ်။ တရုတ်နိုင်ငံဟာ သြစတေးလျကို ခပ်ရိုင်းရိုင်း သံတမန်နည်းနဲ့ ဆက်ဆံခြိမ်းခြောက်ပြီး၊ တစိတ်တဒေသအားဖြင့် ကုန်သွယ်ရေးကို တားမြစ်ထားလိုက်ပါတယ်။

တရုတ်နိုင်ငံရဲ့ သူ့ကိုယ်သူ ခိုင်ခိုင်မာမာယုံကြည်နေတာနဲ့ အနောက်အုပ်စု အစည်းပြေလာချိန်တွေဟာ သိပ်စိမ်းတဲ့ ကိစ္စတွေတော့ မဟုတ်ပါဘူး။ ဒီမိုကရေစီနိုင်ငံတိုင်းဟာ ကြီးမားပြီး အလှုပ်အရမ်းများတဲ့ စီးပွားရေးတွေလုပ်ရင်း ရည်မှန်းချက်တွေ ပဋိပက္ခဖြစ်ရတာကို ဖြေရှင်းရင်း၊ အမျိုးသားလုံခြုံရေးဆိုင်ရာတွေ ကာကွယ်ရင်း၊ လူ့အခွင့်အရေးတွေ ကာကွယ်ရင်း ရုန်းကန်လှုပ်ရှားရင်း ညှိနှိုင်းအဖြေရှာနေရတာမျိုးပဲ ဖြစ်ပါတယ်။ တရုတ်အစိုးရ ဦးဆောင်တဲ့ စီးပွားရေးပုံစံအပေါ် အနောက်အုပ်စု သဘောကျနေတာကို ထရမ့်က ပြက်ရယ်ပြုတတ်ပါတယ်။ အဲဒီအချိန်မှာပဲ ကမ္ဘာ့ကုန်သွယ်ရေးစနစ်အတွက် တခြားသောထွက်ပေါက်ဗျူဟာ ချမပြဘဲနဲ့ ဒီစနစ်ကို ဗုံးခွဲသလို လုပ်ပစ်လိုက်ပါတယ်။ ချမ်းသာတဲ့ နိုင်ငံတွေက အတူတကွ ပူးပေါင်းဆောင်ရွက်ခွင့်တောင် မရလိုက်ပါ။

သူတို့တွေရဲ့ လွှမ်းမိုးနိုင်မှုတွေလည်း လျော့ပါးကုန်ပါတယ်။ အမေရိကန် ညှိနှိုင်းရေးဆရာတွေကတရုတ်ဘက်မှာ ဖွဲ့စည်းပုံအရ (structural reforms) ပြုပြင်သင့်တယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ အနောက်တိုင်း ပါဝါနိုင်ငံတော်တွေကလည်း ထောက်ပံ့မှုပေးချင်ပေးနိုင်တယ်လို့ ယူဆကြပါတယ်။ ဒါပေသိ အဆုံးသတ်မှာတော့ ဒေါ်နယ်ထရမ့်ဟာ ၂၀၂၀ ဇန်နဝါရီလအတွင်းက အဆင့်တစ် ကုန်သွယ်ရေးသဘောတူညီချက်ဆိုပြီး ပါးပါးလေးနိုင်တဲ့အကွက်ကို ကစားလိုက်ပါတယ်။

အနောက်တိုင်းမူဝါဒကလည်း အပေးအယူတွေနဲ့ ရှုပ်ထွေးနေသလို၊ အပြစ်တင်တာလည်း တွေ့ရပါတယ်။ ကြုံရာကျပန်း ပိတ်ပင်တာ၊ စည်းကြပ်ခွန်ကောက်တာတွေပဲ လုပ်လာနိုင်ကြပါတယ်။ ဆယ်စုနှစ်များစွာတိုင်အောင် ကမ္ဘာ့ကုန်သွယ်ရေးရဲ့ ကျောရိုးဖြစ်တဲ့ စနစ်ရဲ့စည်းမျဉ်းတွေဟာ ကောင်းကောင်းအလုပ်ဖြစ်ပါတယ်။ အလုပ်ဖြစ်တာကလည်း ဒီစနစ်က ခန့်မှန်းလို့ရနိုင်နေတာလည်းပါတယ်။ နောက်ပြီး ကမ္ဘာ့ကုန်သွယ်ရေးစနစ်ဆိုတာကလည်း ပွင့်လင်းတဲ့ ကုန်သွယ်ရေး စနစ်၊ အရင်းအနှီးဈေးကွက်၊ ဘက်မလိုက်တဲ့ ဥပဒေစနစ်တွေကြောင့်သာ အဆင်ပြေရတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံဟာ ကိုဗစ်ကာလမှာ သိပ်မထိခိုက်လိုက်ဘဲ၊ အနောက်အုပ်စု အစည်းပြေနေတာကိုအခွင့်ကောင်း ယူလိုက်နိုင်ပါတယ်။ ပြီးခဲ့တဲ့ လေးလပတ်မှာဆိုရင် တိုးတက်နှုန်းဟာ ၄.၉ ရာခိုင်နှုန်းထိ ရှိနေပါတယ်။ ဘိုင်ဒင် အစိုးရတက်လာရင်လည်း ထရမ့်လက်ထက်က ပြဿနာပေါင်းများစွာကို အရင်ရှင်းနေရမှာပဲလို့ တရုတ်အစိုးရပိုင်းက တွက်ပါတယ်။ ဒီနေရာမှာ ကိုဗစ်ကိစ္စကို သူတို့မတွက်ပါ။ ဥရောပဟာ ဘိုင်ဒန်ရဲ့ ပြန်လည်သင့်မြတ်ရေးဆိုတဲ့ အယူဆတွေကို ကြိုဆိုပါလိမ့်မယ်။

ဒါပေမယ့် ဘိုင်ဒန်မူဝါဒမှာလည်း ကိုယ်ကျိုးစီးပွားကာကွယ်ရေး ကြိုးချည်ထားနိုင်တာကို စိုးရိမ်မှုတော့ ရှိပါတယ်။ အမေရိကကို ဝယ်ပါဆိုတဲ့ စကားများသုံးလာလေမလား (“Buy American”)၊ ကုန်စည်အပေါ်မှာထားတဲ့ စည်းကြပ်ခွန်ကိုရော ဖယ်ရှား မလားဆိုတာ စိတ်ဝင်စားမှုရှိပါတယ်။ ဆူပါ ပါဝါဆိုတဲ့ ခံစားချက်ကြီးကို အီးယူက ခံစားလာရလို့ တရုတ်နဲ့ ရင်းနှီးမြုပ်နှံမှုလုပ်ဖို့ ဆုံးဖြတ်လာတာဖြစ်တယ်။ သီးခြားသာနေမယ်ဆိုရင် ဘယ်ဘက်ကိုမှ သိပ်ယိမ်းယိုင်စရာမရှိပါဘူး။ အီးယူနဲ့ ချုပ်ဆိုတဲ့ နောက်ဆုံး အပေးအယူအသစ်မှာ လုပ်ငန်းတွေမှာ တရုတ်အစိုးရပါဝင်ပတ်သက်မှုဆိုတဲ့အချက်ကို လက်ခံထားရပါတယ်။ ဒီအချက်က ရှုပ်ထွေးလာနိုင်စရာရှိသလို၊ တရုတ်ဟာ လူ့အခွင့်အရေးကို လျစ်လျူရှုတယ်ဆိုတဲ့ အချက်တွေကလည်း ဆက်လက်ပြဿနာတက်လာနိုင်စရာ ရှိပါတယ်။

လူအများနားလည်လွယ်တဲ့ မူဝါဒက ဘာဖြစ်မလဲ။ တရုတ်ရဲ့ ထိုးတက်လာနေတဲ့ပါဝါကို အသိမှတ်ပြု လက်ခံလိုက်ပါ။ ယခင်ဆိုဗီယက်ပြည်ထောင်စုဆိုတာနဲ့ မတူတာက တရုတ်နိုင်ငံဟာ အင်မတန် ကြီးမားလွန်းတာရယ်၊ အပြန်အလှန် ချိတ်ဆက်မှုအားကောင်းလွန်းနေတာပဲဖြစ်တယ်။ တစ်ကမ္ဘာလုံးရဲ့ GDP စုစုပေါင်းရဲ့ ၁၈ ရာခိုင်နှုန်းလောက် ပိုင်ဆိုင်ထားတယ်။ နိုင်ငံပေါင်း ၆၄ နိုင်ငံရဲ့ အကြီးမားဆုံးသော ကုန်သွယ်ဘက်နိုင်ငံဖြစ်နေတယ်။ အမေရိကန်ဟာဆိုရင်စုစုပေါင်း ၃၈ နိုင်ငံပဲရှိပါတယ်။ တရုတ် အရင်းအနှီးဈေးကွက်ဟာဆိုရင် ကမ္ဘာမှာ သိပ်အရေးပါလာတယ်။ ပြည်ပနိုင်ငံသားတွေကပဲ တရုတ်အစိုးရရဲ့ ဘွန်းဈေးကွက်ရဲ့ ၁၀ ရာခိုင်နှုန်းထိ ပိုင်ဆိုင်လာနေတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံ ဘယ်လောက်ကြီးမားပါစေ၊ ဘယ်လောက် ခေတ်မီနေပါစေ ဆက်ဆံရေးမှာတော့ သံသယတွေနဲ့ ဆက်ဆံနေကြမှာပါ။ တရုတ်ကွန်မြူနစ်ပါတီ လက်အောက်မှာ ပုဂ္ဂလိက ကုမ္မဏီတွေဟာ လွတ်လွတ်လပ်လပ် လုပ်ကိုင်နေကြပါတယ်လို့ပြောရင် ပြင်ပကလူတွေအတွက်တော့ ယုံရခက်ကြီးဖြစ်နေမှာပါ။ တရုတ်အစိုးရပေးတဲ့ ကတိကိုသာ သွားယုံရင် မလိုလားအပ်တာ သွားစွန့်စားသလို ဖြစ်သွားနိုင်ပါတယ်။ ဥပမာ- လုပ်ငန်းတွေကို အစိုးရက ကူညီပါ့မယ်ဆိုတာမျိုး၊ ဟောင်ကောင်မှာ ဥပဒေစိုးမိုးမှုရှိပါတယ်ဆိုတာမျိုးပါ။ အနောက်တိုင်းဟာ တရုတ်နိုင်ငံနဲ့ တချို့သော နယ်ပယ်များ (လူ့အခွင့်ရေးလိုကိစ္စ)ကို ထိပ်တိုက် ညှိယူသင့်ပါတယ်။ ကုန်သွယ်ရေးနယ်ပယ်အများစုကိုတော့ ယှဉ်ပြိုင်တာမျိုးလုပ်ပြီး၊ ကျန်းမာရေး၊ ဥတုရာသီအရေးလိုကိစ္စတွေမှာတော့ ပူးပေါင်းသင့်ပါတယ်။

ယုံကြည်မှုမပါတဲ့ ကုန်သွယ်ရေးဆိုင်ရာ အရှုပ်ထွေးသက်သက်ဟာ အနောက်အုပ်စုကို တညီတညွှတ်တည်းနဲ့ သြဇာချဲ့ထွင်ထူထောင်ဖို့ လိုလာပြီဆိုတာ ပြလိုက်တာပဲဖြစ်တယ်။ အတူတကွဆိုတာက အမေရိက၊ ဥရောပနဲ့ တခြားသော ဒီမိုကရေစီနိုင်ငံများ ပေါင်းလိုက်ရင် ကမ္ဘာ့ GDP တစ်ဝက်ကျော် ရှိနေသေးလို့ပါ။ ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုရဲ့ အဝန်းဝိုင်းကို ကန့်သတ်ဖို့ဆိုရင် အထိရှမခံနိုင်တဲ့ လုပ်ငန်းတွေဖြစ်တဲ့ နည်းပညာနဲ့ ကာကွယ်ရေးဆိုင်ရာ နယ်ပယ်တွေ ပါဝင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းသတ်မှတ်ထားဖို့ လိုပါမယ်။ ဒီနယ်ပယ်တွေမှာ တရုတ်နိုင်ငံက အနောက်တိုင်းဈေးကွက်ထဲ ပါဝင်လာရင် ပိုမိုတင်းကြပ်မှုတွေ လုပ်ဖို့လိုလာမယ်။ တခြားသောကုန်သွယ်ရေး နယ်ပယ်တွေဆိုရင် အနှောက်ယှက်မရှိစည်ပင်အောင် လုပ်သင့်တာပါ။ ဒီမိုကရေစီထဲကနေပြီး လူ့အခွင့်အရေးအတွက် ဘုံမူဘောင်တစ်ခု ချမှတ်ပေးလိုက်သင့်တယ်။ တရုတ်နိုင်ငံနဲ့ ကုန်သွယ်မယ့် မဟာမိတ်အသစ်တွေရှိလာပြီဆိုရင် ခန့်မှန်းရလွယ်မယ့် စည်းကမ်းတွေချမှတ်ပေးတာ၊ တင်းကြပ်မှုတွေ လုပ်ပေးတာတွေ ရှိသင့်ပါတယ်။ ဒီလိုကိစ္စတွေအတွက် အိမ်ဖြူတော်ကို သိပ်ထည့်မစဉ်းစားသင့်ဘူး။

ယနေ့အချိန်မှာ အမေရိကန်ရဲ့ ဂုဏ်သိက္ခာလည်း ကျဆင်းနေသလို၊ ဒီမိုကရေစီလည်း ထိခိုက်ပွန်းပဲ့သွားပါတယ်။ နောက်တက်လာမယ့် ဘိုင်ဒန်အပေါ်လည်း သိပ်ယုံစားမရနိုင်ပါဘူး။ ချမ်းသာတဲ့ နိုင်ငံတွေက ပြည်သူလူထုအမြင်က တရုတ်နိုင်ငံနဲ့ပတ်သက်ရင် အတော်စိတ်ကုန်နေကြပါတယ်။ ထရမ့်ရဲ့ လုပ်ချက်တွေကလည်း သူ့ရဲ့ မပြည့်ဝမှု၊ ရန်သူအပေါ် အထင်သေးမှုတို့နဲ့ လက်စသတ်နေရပါတယ်။ ဘိုင်ဒန်သမ္မတ ဖြစ်လာရင်တော့ ဒီမိုကရေစီအုပ်စုကို ပြန်ဖွဲ့လေမလား၊ G7 လို ပိုကြီးမားတဲ့ဆီကနေ တရုတ်အပေါ် အရေးယူဆောင်ရွက်လေမလား တွေးစရာပါ။ပွင့်လင်းလူ့အဖွဲ့အစည်းတွေ၊ လွတ်လပ် ဈေးကွက်တွေရဲ့ တန်ဖိုးတွေကိုဖြင့် အခိုင်အမာ ပြန်တည်ဆောက်ဖို့ အခါအခွင့်သင့် လာနိုင်စရာတော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် လက်ရှိဖြစ်ပျက်နေတဲ့ အမေရိကရဲ့ လွှတ်တော်ဝင်စီးတဲ့ ဖြစ်ရပ်နောက်ဆက်တွဲအနေနှင့် ဒီမိုကရေစီ ပုံပျက်ပန်းပျက်ဖြစ်သွားလေမလား၊ ဆက်လက် ထိန်းထားမလား၊ တခြားသော လူပြိန်းကြိုက် ဝါဒတွေ၊ အစွန်းရောက်အယူဆတွေ လွှမ်းမိုးအားကောင်းလာလေမလား၊ ဒီအချက်တွေကို ပြန်ကြည့်ရင် အမေရိကရဲ့ နောက်တက်လာမယ့်အစိုးရရဲ့ အကောင်အထည်ဖော်မှုတွေနဲ့ ပြန်လည်ကုစားမှုတွေကသာ အနာဂတ်ကို ပုံဖော်သွားပါလိမ့်မယ်လို့ သုံးသပ်မိပါတယ်။

Ref:economist