ကလေးသူငယ်အခွင့်အရေးဥပဒေ ကျင့်သုံးဖို့ ဘာတွေလိုနေလဲ

0
146

မုံရွာဂေဇက် ဥပဒေစကားဝိုင်းတစ်ခုကို ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်က”ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကျင့်သုံးဖို့ ဘာတွေလိုနေလဲ” စကားဝိုင်းကျင်းပခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲစကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူများအဖြစ် (၁) ဦးတင်မြင့် (အဖွဲ့ဝင်၊ စစ်ကိုင်းတိုင်းဒေသကြီး ဥပဒေအထောက်အကူပေးရေးအဖွဲ့)၊ (၂) ဦးညွန့်အောင် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မုံရွာမဲဆန္ဒနယ်)၊ (၃) ဒေါ်သန္တာထွေး (ညွှန်ကြားရေးမှူး၊လူမှုဝန်ထမ်းဦးစီးဌာနနှင့် (၄) ဦးဇော်သူရိန်ထွန်း (တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ ပေါငး်စပ်ညှိနှိုင်းရေးအဖွဲ့)တို့ ပါဝင်သည်။ အဆိုပါ အွန်လိုင်းစကားဝိုင်းဆွေးနွေးပွဲမှ ဦးဆောင်ဆွေးနွေးသူများ၏ ဆွေးနွေးချက်များကို ဖော်ပြပေးလိုက်ပါသည်။

မုံရွာဂေဇက် – ကလေးသူငယ်နဲ့ သက်ဆိုင်တဲ့ အမှုတွေမှာ ကာယကံရှင်ဘက်က နစ်နာတယ်လို့ ယူဆရတဲ့အမှုတွေ၊ ကလေးသူငယ်ဥပဒေအရ အခွင့်အရေးတွေ ပေးထားပါလျက်နဲ့ အခွင့်အရေးဆုံးရှုံးတယ်လို့ ယူဆရလို့ အကူအညီတောင်းခံတာ ဘယ်နှမှုလောက်ရှိလဲ။ အမှုအခင်းတွေက ဘယ်လိုဟာတွေရှိလဲ။

ဦးတင်မြင့် – ၂၀၁၉ မှာ ကျွန်တော်တို့ဆီလာအကူညီတောင်းတဲ့ အမှုပေါင်း ၄၄ မှု ရှိခဲ့ပါတယ်။ အကူအညီတောင်းခံတဲ့ ကိစ္စတွေကတော့ ရဲတပ်ဖွဲ့ကနေ ကလေးသူငယ်ကို ဥပဒေနဲ့ငြိစွန်းတယ်ဆိုပြီး စွပ်စွဲပြီးတော့ ဖမ်းသွားတဲ့အခါ မိဘတွေနဲ့ တွေ့ဆုံခွင့်မရှိတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပုဒ်မ (၈၀-ဆ)အရ နယ်မြေရဲစခန်းနဲ့ ညှိနှိုင်းပြီးဆောင်ရွက်ပေးခဲ့ပါတယ်။ မိဘနဲ့တွေ့ဆုံခွင့်ရတာရယ်၊ ရှေ့နေနဲ့ တွေ့ဆုံခွင့်ရတာရှိပါတယ်။ ဒါက ၂၀၁၉ မှာ ကျွန်တော်တို့ ပေါင်းစပ်ညှိနှိုင်းပေးတဲ့အမှုပါ။ လတ်တလော ဆောင်ရွက်နေတဲ့ အမှုကတော့ မတရားဖမ်းဆီးခံရတဲ့အပေါ် ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ရေးပါ။ တမူးမှာ မြေးအဖိုးနှစ်ယောက်ကို အောင်ဇေယျကျေးရွာ ရဲကင်းကနေခေါ်သွားတဲ့အခါ ကလေးက ၇ နှစ်အရွယ်ပဲ ရှိသေးပေမယ့် ဒါကိုနှစ်ရက်လောက် ချုပ်နှောင်ထားတော့ ကျွန်တော်တို့အဖွဲ့တွေကို အကူအညီတောင်းပါတယ်။ မတရားနှိပ်စက်တယ်။ ခြိမ်းခြောက်တယ်ဆိုပြီး ဒဏ်ရာဒဏ်ချက်တွေနဲ့ တိုင်ကြားလာတယ်။ ကျွန်တော်တို့ စိစစ်လိုက်တဲ့အခါမှာ ကလေးက အသက် ၇ နှစ်ပဲရှိသေးတဲ့အတွက် ရာဇသတ်ကြီးပုဒ်မ (၈၃)အရ ၇ နှစ်နဲ့ ၁၀ နှစ်ကြားက ပြစ်မှုမမြောက်ပါဘူး။ ဒါကြောင့်သူ့ကို ဖမ်းဆီးချုပ်နှောင်တာဟာ အပြစ်မဲ့ဖမ်းဆီးချုပ်နှောင်တာလို့ မှတ်ယူပါတယ်။ ထို့နည်းတူ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ ၇၈(က)နဲ့ (ခ)မှာ ပြဋ္ဌာန်းထားတာက ၁၀ နှစ်မပြည့်သေးတဲ့ကလေး လုပ်တာဟာ ပြစ်မှုမမြောက်ဘူး။ ဒီ ၇ နှစ်အရွယ်ကလေးက အခွင့်အရေးတွေ ဆုံးရှုံးနေပါတယ်။

မုံရွာဂေဇက် – ဆရာပြောသွားတဲ့ထဲမှာ ကလေးနှစ်ယောက်နဲ့ နောက်တမူးဖြစ်စဉ်မှာ ကလေးတစ်ယောက်၊ ၂၀၁၉ ကတည်းက ဖြစ်စဉ်တွေမှာ ကလေးမိဘတွေနဲ့ ကလေးတွေကိုတွေ့လို့ရအောင် ဆောင်ရွက်ပေးခဲ့တာပေါ့နော်။ ယေဘုယျကြည့်မယ်ဆို ဒါမြေပြင်အခြေအနေမှာကလေးသူငယ်နဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေကို တချို့က မရသေးတာ။ မြေပြင်အခြေအနေမှာကလေးတွေက ပြစ်မှုကျူးလွန်တယ်လို့ ထင်ထင်ရှားရှား မတွေ့သည့်တိုင်အောင် ကလေးတွေကို ဆရာတို့ကူညီရတာ ထင်ထင်ရှားရှားတွေ့ရပါတယ်။ ဆရာ့ကို နောက်တစ် Round မှာဆက်မေးပါ့မယ်။

ဟုတ်ကဲ့။ အခုတစ်ခါ ဦးညွန့်အောင်ကို မေးချင်ပါတယ်ဗျ။ ဆရာ့အနေနဲ့ မကြာခင်တုန်းကပဲ ပြည်သူ့လွှတ်တော်မှာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနဲ့ဆိုင်တဲ့ မေးခွန်းတစ်ခုကို မေးခဲ့တယ်။ ကလေးသူငယ်ဆိုင်ရာ ဂေဟာတွေဆောက်ဖို့ စစ်ကိုင်းတိုင်းဒေသကြီးမှာ လိုအပ်နေတယ်။ ဥပဒေပြဋ္ဌာန်းချက်တွေအရ တရားရုံးမှာ တရားရင်ဆိုင်နေတဲ့ ကလေးတွေကို ဂေဟာတွေကနေ ရင်ဆိုင်ခွင့်ရဖို့ တင်ပြတောင်းဆိုခဲ့တယ်။ တကယ်ပဲစစ်ကိုင်းတိုင်းဒေသကြီးမှာ ဂေဟာဆောက်ဖို့လိုအပ်ချက်ရှိနေလား။ သက်ဆိုင်ရာ ဝန်ကြီးကရော ဘယ်လိုဖြေသလဲ။ ဘယ်တော့ဆောက်ပေးမယ်လဲဆိုတာ ရှင်းပြပေးပါလား။

ဦးညွန့်အောင် – ကျွန်တော်မေးခွန်းမေးခဲ့တာက ၂၀၂၀၊ ဇန်နဝါရီလ ၂၉ ရက်မှာ မေးခဲ့တာပါ။ ကျွန်တော်တို့ မုံရွာမြို့က တစ်နိုင်ငံလုံးမှာအဆင့် (၅) ရှိတဲ့ မြို့ဖြစ်တယ်။ လူဦးရေကလည်းသုံးသိန်းခွဲကျော် ရှိနေတယ်။ ရာဇဝတ်မှုတွေလည်း ဖြစ်တယ်။ အဲဒီထဲမှာ ကလေးတွေလည်းပါဝင်နေတယ်။ ကလေးတွေကို လူကြီးတွေနဲ့အတူတွဲချုပ်ထားတော့ ဥပဒေနဲ့ မညီတဲ့အတွက်ဘာကြောင့်လဲဆိုတာ စုံစမ်းကြည့်တော့ ကလေးသူငယ်ထားဖို့အတွက် ယာယီစောင့်ရှောက်ရေးဂေဟာ မရှိတဲ့အတွက်ကြောင့် ဖြစ်တယ်။

ကျွန်တော့်အနေနဲ့ ကလေးသူငယ်နဲ့ လူကြီးတွေကို ခွဲခြားထားနိုင်အောင်လို့ ယာယီကလေးသူငယ်စောင့်ရှောက်ရေးဂေဟာကို မုံရွာမြို့အတွက် တောငး်ဆိုခဲ့ပါတယ်။ တောင်းဆိုတဲ့အခါ ဝန်ကြီးကနေ ပြန်ဖြေပါတယ်။ ၂၀၂၀-၂၀၂၁ စီမံကိန်းထဲမှာ ထည့်ထားတဲ့အတွက် ၂၀၂၁-၂၀၂၂ ဘတ်ဂျက်နှစ်မှာ ယာယီကျောင်း လုပ်ပေးမယ်ပေါ့။ လုပ်ပေးတဲ့အခါ မြေနေရာတော့ ရှိရမယ်။ ကျောင်းတစ်ကျောင်းအတွက် ၁၀ ဧကတော့ရှိရမယ်။ အဲဒီအတွက် အစိုးရက မြေပေးနိုင်မှ ဝန်ကြီးက ချပေးမယ်လို့ ဖြေကြားပါတယ်။ တိုင်းအစိုးရက မြေပေးရမှာ ဖြစ်ပါတယ်။

မုံရွာဂေဇက် – ဒီတော့ လာမယ့်ရွေးကောက်ပွဲနိုင်တဲ့ အမတ်တွေအတွက် အလုပ်တစ်ခု၊ လွှတ်တော်မှာ ဆက်တောင်းဆိုစရာ ကျန်ခဲ့မှာပေါ့နော်။

ဟုတ်ကဲ့။ ဆရာမဒေါ်သန္တာထွေးကို မေးချင်ပါတယ်ဗျ။ ကလေးသူငယ်နဲ့ပတ်သက်ပြီး ဆရာဦးတင်မြင့်ပြောသလို ကလေးသူငယ်အခွင့်အရေးတွေက ဥပဒေကြောင်းအရပေးထားပေမယ့် မရသေးတာ၊ မတရားခံရတာတွေ ရှိနေတယ်။ ဆရာမတို့ လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ ကလေးသူငယ်အခွင့်အရေးတွေနဲ့ပက်သက်ပြီး ဘယ်လိုတွေ ဆောင်ရွက်ပေးနေရတာမျိုး ရှိလဲရှင့်။

ဒေါ်သန္တာထွေး – အဓိကတော့ ကလေးတွေမှာ အသက်ရှင်သန်ခွင့်၊ ဖွံဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်ဆိုပြီး အခွင့်အရေး ၄ မျိုး ရှိပါတယ်။ လူမှုဝန်ထမ်းဦးစီးဌာနမှ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်လည်း ဆောင်ရွက်ပါတယ်။ ကလေးတွေကို ဖွံ့ဖြိုးတိုးတက်ခွင့်ဆိုတဲ့နေရာမှာ မွေးစကနေ ၁၈ နှစ်ထိကို ကလေးလို့ သတ်မှတ်တဲ့အတွက် အသက်အရွယ်အလိုက် ဆောင်ရွက်ချက်တွေရှိပါတယ်။ ဥပမာ-ကျွန်မတို့က ဖွံ့ဖြိုးတိုးတက်ဖို့ကို မိခင်ဝမ်းထဲကနေစပြီးတော့ မူကြိုတွေ ဖွင့်ပေးပါတယ်။ စစ်ကိုင်းတိုင်းမှာ မူလတန်းကြိုကျောင်း ၁၂ ကျောင်း ဖွင့်ထားတာအပြင် ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းတွေကိုလည်း တည်ထောင်ခွင့်ပြုမိန့်ပေးထားပြီး၊ သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့အညီ ဆောင်ရွက်ဖို့ ကြီးကြပ်တာတွေလည်းရှိပါတယ်။

နောက်တစ်ခုက MCCT (Mother and Child Cash Transfer) ကိုယ်ဝန်ဆောင်မိခင်နဲ့ ရင်မှမွေးဖွားသောကလေး အသက်နှစ်နှစ်အောက်အထိကို ထောက်ပံ့ကြေးပေးတာကတော့ စစ်ကိုင်းတိုင်းမှာဆို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ လက်ရှိဆောင်ရွက်နေပါတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကနေစပြီး ပေးနေပါတယ်။ နောက် ECI(Early Child Intervention) ရှေးဦးအရွယ်ကလေးသူငယ်တွေကို တိုင်းတာစစ်ဆေးတယ်။ ပြီးတော့ ပြန်လည်ထူထောင်မှုလုပ်ငန်းစဉ်မှာ တိုင်းနဲ့ပြည်နယ်လေးခုမှာ စီမံချက် ပါပါတယ်။စစ်ကိုင်းတိုင်းအနေနဲ့ နှစ်နေရာ ရှိပါတယ်။ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်နဲ့ ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ကျေးရွာအုပ်စုမှာ ဆောင်ရွက်နေပါတယ်။

ဒါ့အပြင် ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့ ကော်မတီပေါ့။ တိုင်းဒေသကြီးကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ၊ သက်ဆိုင်ရာမြို့နယ်၊ ခရိုင်တွေအလိုက် တစ်တိုင်းလုံးမှာ ဖွဲ့စည်းထားပါတယ်။ ၂၀၁၉ မှာ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေသစ်ပြဋ္ဌာန်းပြီး နောက်မှာလည်း ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ စစ်ကိုင်းတိုင်းမှာ အစိုးရကနေ ဖွင့်ထားတဲ့ လူငယ်သင်တန်းကျောင်းတော့ မရှိသေးပါဘူး။ ဒါပေမယ့် ရပ်ရွာအခြေပြု ဂေဟာတွေမှာ တတ်နိုင်သလောက် နိုင်ငံတော်က ဘတ်ဂျက်ရတဲ့အပေါ်မူတည်ပြီး ထောက်ပံ့ကြေးပေးနေတာရှိပါတယ်။ စစ်ကိုင်းမျက်မမြင်ကျောင်းမှာတော့ သင်တန်းကျောင်းတစ်ခု အစိုးရကနေ ဖွင့်လှစ်ထားပါတယ်။ အဲဒီကျောင်းမှာ ပညာသင်ကြားမှုအသက်မွေးဝမ်းကျောင်း၊ ကလေးတွေပညာရေးအနေနဲ့ရော အလုပ်အကိုင်ဖွံ့ဖြိုးတိုးတက်ဖို့ပါ ဆောင်ရွက်ပေးနေတာ ရှိပါတယ်။

မုံရွာဂေဇက် – ဆရာမပြောပုံအရ ကော်မတီအနေနဲ့ ဥပဒေအရ ဖွဲ့ပြီးသွားပြီပေါ့နော်။ ဆရာဦးညွန့်အောင် လွှတ်တော်မှာမေးခဲ့တဲ့ မေးခွန်းအရ လာမယ့်လွှတ်တော်မှာ ကလေးသူငယ်စောင့်ရှောက်ရေးဂေဟာ ရမယ်ပြောတယ်။ ဘယ်လိုမှတ်ချက်ပေးချင်ပါသလဲ။

ဒေါ်သန္တာထွေး – ဆရာဦးညွန့်အောင်ရဲ့ ဆွေးနွေးတင်ပြချက်ကြောင့် အများကြီး အကျိုးသက်ရောက်မှု ရှိပါတယ်။ ကျွန်မတို့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီမှာလည်းရဲတပ်ဖွဲ့ကနေ ကလေးသူငယ်အမှုတွေ ဖြစ်လာရင်တခြားတိုင်းမှာဆိုရင် ကော်မတီအနေနဲ့ သင်တန်းကျောင်းကနေမှ တရားရင်ဆိုင်ဖို့ စီမံပေးလို့ရတယ်။ စစ်ကိုင်းတိုင်းမှာဆို ရဲစခန်းမှာထားပြီး တရားရင်ဆိုင်နေရတော့ ဒီလိုတရားရင်ဆိုင်တဲ့အခါ ရဲစခန်းမှာနေတာနဲ့စာရင် သင်တန်းကျောင်းမှာဆိုရင် သူ့အခွင့်အရေးနဲ့အညီ ဖြစ်တာပေါ့။ ဒါ့ကြောင့်စစ်ကိုင်းတိုင်းမှာ မရှိတဲ့အတွက် လိုအပ်ပါတယ်။ ဆရာ့တို့ရဲ့ ဆွေးနွေးချက်တွေကိုလည်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီကနေ ပြည်ထောင်စုကို တင်ခဲ့ပါတယ်။

ဒါကြောင့် ၂၀၂၀-၂၀၂၁ စီမံကိန်းမှာလျာထားပြီး ဖြစ်ပါတယ်။ တိုင်းအစိုးရအဖွဲ့အနေနဲ့လည်း မြေနေရာ ချထားပေးပြီး ဖြစ်ပါတယ်။ ကနီမြို့နယ်မှာ ၉ ဧကနဲ့ ရွှေဘိုမြို့နယ် ကျောက်မြောင်းမှာ ၉ ဧကလောက် ပေးထားပါတယ်။ ဒါပေမယ့် ကျွန်မတို့က အခြားနည်းသုံးစွဲခွင့်နဲ့အဆောက်အအုံအနေအထားကို ယူနေရတဲ့အချိန်ဖြစ်ပါတယ်။ အစိုးရကလည်း မြေနေရာပေးထားပြီး ဦးစီးဌာနကလည်း ဘတ်ဂျက်လျာထားပြီးဖြစ်ပါတယ်။

မုံရွာဂေဇက် – ဟုတ်ကဲ့။ ကိုဇော်သူရိန်ထွန်းကို မေးချင်ပါတယ်ဗျ။ ကိုသူရိန်တို့အဖွဲ့အနေနဲ့စစ်ကိုင်းတိုင်းအတွင်းမှာ တစ်နှစ်တာအတွင်းကူညီဆောင်ရွက်ပေးတဲ့ အမှုတွေ၊ လုပ်ခဲ့တဲ့ဖြစ်စဉ်တွေမှာ ဘယ်လိုဖြစ်စဉ်တွေက ပိုများလဲ။ အကျဉ်းလေး သုံးသပ်ပြပါလား။

ဦးဇော်သူရိန်ထွန်း – ကျွန်တော်တို့က Justice House (တရားဥပဒေစိုးမိုးရေးအိမ်) ဆိုပြီး အမေရိကန်ရဲ့ အကူအညီနဲ့ ဥပဒေပိုင်းဆိုင်ရာအထောက်အကူပြုဖို့ ပြည်သူတွေအတွက် ဆောင်ရွက်ခဲ့တယ်။ ရုံးအဖွဲ့ ဖွဲ့တယ်။ ရှေ့နေငှားပြီးဆောင်ရွက်ခဲ့တယ်။ အဲဒီမှာ တစ်နှစ်အတွင်းဆောင်ရွက်ခဲ့မှုက ဥပဒေအကြံပေးခဲ့ရတာ စုစုပေါင်း ၁၂၁ မှု ရှိတယ်။ ကျွန်တော်တို့အဖွဲ့ကနေရှေ့နေငှားပေးရတဲ့အမှုက အမှုပေါင်း ၃၀ ရှိပါတယ်။ အဲဒီအမှု၃၀) စလုံးက သက်ငယ်မုဒိမ်းမှုတွေ ဖြစ်ပါတယ်။ အဲဒီအမှုတွေအားလုံးနိုင်ခဲ့ပြီးကျူးလွန်တဲ့ တရားခံတွေအားလုံး ထောင်ဒဏ်အနှစ် ၂၀ ကျခဲ့တယ်။

ရွာတွေမှာ သက်ငယ်မုဒိမ်းမှုသည် ထောင်ဒဏ်အနှစ် ၅၀ ချမှတ်နိုင်သော အမှုဖြစ်သည်ဆိုပြီး ဗီနိုင်းတွေ လိုက်ပြီးထောင်တယ်။ ကျူရှင်၊ ဘော်ဒါနဲ့ ကျောင်းတွေမှာ အသိပညာပေး ဟောပြောပွဲတွေလုပ်ခဲ့တယ်။ တစ်နှစ်အတွင်းမှာ ၁၀ ကြိမ်လုပ်ခဲ့တယ်။ ဥပဒေစာအုပ်တွေကို သာမန်လူတွေအနေနဲ့က နားလည်ရခက်တယ်။ ဘယ်လိုကျူးလွန်ရင် ထောင်ဒဏ်ဘယ်လောက်ဆိုပြီး ဥပဒေကိုကိုးကားပြီး လူတွေနားလည်အောင် ဘယ်အမှုဆိုဘယ်လောက်ထောင်ဒဏ်ဆိုတဲ့ စာအုပ်တွေလည်းထုတ်ခဲ့တယ်။ စစ်ကိုင်းတိုင်းအတွင်းမှာ ၄ ကြိမ် ထောင်ခဲ့တယ်။ ဗီနိုင်းကတော့ မုံရွာအပါအဝင် တခြားမြို့တွေမှာ ထောင်ခဲ့တယ်။

မုံရွာဂေဇက် – ဦးတင်မြင့်ကို ပြန်မေးပါရစေ။ အခု ၂၀၁၉ ကလေးသူငယ်များဆိုင်ရာဥပဒေမှာအရင်အဟောင်း (၁၉၉၃ ခုနှစ် ဥပဒေ) ကို ပြင်ဆင်လိုက်တာဆိုတော့ သိချင်တာက တပ်မတော်အစိုးရလက်ထက်မှာ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေနဲ့ အခုဥပဒေသစ်နဲ့ကြားမှာ ဘယ်လိုကွာခြားမှုတွေရှိလဲ။

ပြင်သင့်ပြင်မယ်၊ လိုအပ်တာရှိရင် ပြန်ပြင်ဆွဲမယ်။ အသစ်လိုရင်ရေးမယ်။ ဒီဥပဒေကဘာလိုအပ်ချက်တွေရှိလို့ ပြင်ခဲ့လဲ။ တပ်မတော်အစိုးရလက်ထက်က ဥပဒေနဲ့ လက်ရှိဥပဒေကြားဘာတွေက ပိုကောင်းလာလဲဆိုတာ သိသာမြင်သာတဲ့အချက်ရှိရင် ပြောပြပါ။

ဦးတင်မြင့် – NLD အစိုးရလက်ထက်မှာ ပြဋ္ဌာန်းခဲ့တဲ့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ သဘောတူညီစာချုပ် Children Right
Charter နဲ့အညီ ပြည့်ပြည့်စုံစုံ ပြဋ္ဌာန်းလိုက်တာပါ။ ၂၀၁၉ ခုနှစ်မှာ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေက ပိုပြီးပြည့်စုံပါတယ်။ ၁၉၉၃ ခုနှစ် ဥပဒေမှာကျတော့ ၁၆ နှစ်အောက်ကလေးကို ကလေးသူငယ်သတ်မှတ်တယ်။ ၂၀၁၉ မှာကျတော့ ၁၈ နှစ်အောက်ကလေးတွေကို ကလေးသူငယ်အဖြစ် သတ်မှတ်တယ်။ ပိုမိုပြည့်စုံခိုင်မာတဲ့ဥပဒေလို့ ပြောချင်ပါတယ်။

မုံရွာဂေဇက် – ဆရာက အခုဥပဒေဟာ တခြားသော ဥပဒေပညာရှင်တွေ သုံးသပ်သလို ဥပဒေကတော့ တော်တော်ပြည့်စုံကောင်းမွန်တယ်ဆိုတဲ့ မှတ်ချက်မျိုးပေါ့။ အခုတော့ ဦးညွန့်အောင်ကိုမေးချင်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ကရယ်၊ သြဂုတ်လကရယ် မန္တလေးလူငယ်သင်တန်းကျောင်းကိုပြောင်းသွားတဲ့ မုံရွာက ကလေးနှစ်ယောက် အသက်ဆုံးရှုံးခဲ့တယ်။ အမှုအခင်းစစ်ဆေးနေဆဲမှာ အရိုက်အနှက်ခံရတယ်။ ကျောင်းမှာလည်း ပြောထားတယ်။ သေမှုသေခင်း ဖြစ်သွားတယ်။ ပြစ်မှုရှိတဲ့ကလေးကို ဆုံးမပေမယ့် တဖက်မှာတော့ နစ်နာသွားစေတဲ့အချက်တွေရှိတယ်။ သေတဲ့အထိဖြစ်လာတယ်။ ဒီလိုဖြစ်စဉ်တွေက ဘာဖြစ်လို့လို့သုံးသပ်မိလဲ။ လေ့လာမိလဲ။ အဲဒါလေး ရှင်းပြပါလား။

ဦးညွန့်အောင် – အမှန်တိုင်းပြောရရင် ဇူလိုင် ၁၃ က လွှတ်တော်ကို သွားရတယ်။ ဩဂုတ်လ ၂၈ ရက်မှ ပြန်လာရတယ်။ ခါတိုင်းတော့ စနေ၊ တနင်္ဂနွေဆို ပြန်လာတယ်။ ကိုဗစ်ကာလဆိုတော့ပြန်လာလို့မရဘူး။ ဒီဖြစ်စဉ်ကို သေသေချာချာမသိဘူးလို့ ပြောပါရစေ။ ဒါပေမယ့် ဖြစ်သွားတာနဲ့ပတ်သက်လို့ မဖြစ်သင့်ဘူးလို့တော့ ထင်တယ်။ ဘာပဲပြောပြော လူငယ်တွေက ပြစ်မှုရှိတယ်ဆိုပေမယ့် တချိန်ချိန်မှာ လူကောင်းပြန်ဖြစ်လာနိုင်တာပဲ။ ဒါမျိုးကတော့ သေဆုံးတဲ့အထိ ဖြစ်သွားတာကတော့ မဖြစ်သင့်တဲ့ အာဏာပါ။ နောက်ဆင်ခြင်ရမယ့်၊ သင်ခန်းစာယူရမယ့် ကိစ္စဖြစ်တယ်လို့ ပြောချင်ပါတယ်။

မုံရွာဂေဇက် – ဆရာမဒေါ်သန္တာထွေးကို မေးချင်ပါတယ်ဗျ။ လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ ကူညီဆောင်ရွက်ပေးရတဲ့အခါ ဘယ်လိုဟာတွေက အခက်အခဲ ဖြစ်စေလဲ။ ဥပဒေညွှန်ကြားချက်တွေအရလား၊ ဘတ်ဂျက်အရလား ဘာတွေက စိန်ခေါ်မှုဖြစ်စေလဲ။

ဒေါ်သန္တာထွေး – ကျွန်မတို့က ကလေးသူငယ်အမှုတွေဖြစ်လာရင် ကလေးသူငယ်ကိုယ်တိုင်ကပြစ်မှုကျူးလွန်တယ်ဆိုရင်တော့ တရားရုံးမှာ PO (ကလေးသူငယ်ကြီးကြပ်သူ) အစီရင်ခံစာတင်ရပါတယ်။ အဲဒီဟာကျတော့ သူတို့က မြို့နယ်တရားရုံးတွေက အမိန့်ချခါနီးမှ PO အစီရင်ခံစာကို Target Date တွေနဲ့ ဘယ်နေ့တင်ရမယ် ပြောတယ်။ ဒါပေမဲ့ သူတို့ပေးပေမယ့် ကိုယ့်ဆီရောက်လာပြီဆိုရင် ရက်က နီးကပ်လာတော့ အချိန်နှစ်ရက်၊ သုံးရက်ပဲရတယ်။ ကျွန်မတို့ဌာနက ဝန်ထမ်းအင်အားနည်းပါးတဲ့အတွက် Target Date တွေနဲ့သွားတဲ့အခါ သူတို့ပေးထားတဲ့ သတ်မှတ်ရက်ကိုပေးပို့ဖို့ရာ အခက်အခဲရှိတယ်။ သွားလာရတဲ့အခါ ကသာခရိုင်၊ ကသာမြို့နယ်တင်မကဘဲ နယ်တွေထိလိုက်ရတာ ရှိပါတယ်။ ခရီးအကွာအဝေး၊ လမ်းပန်းဆက်သွယ်ရေး အရသော်လည်းကောင်း၊ Target Date အရသော်လည်းကောင်း ဝန်ထမ်းအနေအထားပေါ်မူတည်ပြီး လည်းကောင်း၊ အခက်အခဲတွေ ရှိပါတယ်။

မုံရွာဂေဇက် – ကိုဇော်သူရိန်ထွန်းအနေနဲ့ရော လူမှုဝန်ထမ်းဦးစီးဌာနမှာ အခက်အခဲတွေရှိနေသလို အရပ်ဖက်အဖွဲ့တွေမှာလည်း အစိုးရနဲ့ဒေသခံတွေနဲ့ကြားမှာ ဆောင်ရွက်ရတယ်။ ဥပဒေကြောင်းအရ ကူညီရတာတွေမှာ ဘယ်လိုဟာတွေက အဓိက အခက်အခဲ ဖြစ်စေလဲ။

ဦးဇော်သူရိန်ထွန်း – အခက်အခဲတွေကတော့ အများကြီးပဲ။ ပထမတစ်ခုက သတင်းအချက်အလက်ရဖို့ ခဲယဉ်းတယ်။ သက်ငယ်မုဒိမ်းတို့လိုဖြစ်ရင် ဘယ်မြို့တွေမှာ၊ ဘယ်လိုအခက်အခဲတွေရှိတယ်ဆိုတာ မသိရပါဘူး။ ရဲတပ်ဖွဲ့ကိုကလေးသူငယ်အမှုတွေ ဖြစ်တဲ့အခါမှာ ဖုန်းလေးဖြစ်ဖြစ် ဆက်ပေးပါလို့ အကူအညီတောင်းတယ်။ ကူညီထောက်ပံ့မှုတွေလုပ်ပေးချင်လို့ပါဆိုပြီး တချို့ရဲစခန်းတွေက ဖုန်းဆက်ရတာ အဆင်ပြေတယ်။ တချို့ရဲစခန်းက အဆင်မပြေဘူး။ နောက်ဆုံးကျတော့ ရဲကြေးနန်းကိုပဲ အားကိုးရတယ်။

နောက်တစ်ခုကကျတော့ အထူးသဖြင့် သက်ငယ်မုဒိမ်းတွေမှာ ပြစ်မှုကျူးလွန်ခံရတဲ့ဘက်ကဆင်းရဲရင် ဆင်းရဲသလို အမှုတွေက လမ်းကြောင်းပြောင်းသွားတာ တွေ့ရတယ်။ ၃၇၆ ပုဒ်မမြောက်ပေမယ့် ၃၇၆ ကို ၅၁ နဲ့ တွဲလိုက်တာမျိုး၊ နောက်ပြီး ပြစ်မှုကျူးလွန်ပြီးပြီးချင်း ဆေးစစ်ချက်မယူဘဲ နောက်ကျမှ ဆေးစစ်ချက်မရတာတွေ တရားရုံးမရောက်ခင်ကတည်းက ရဲတွေဘက်ကဘက်လိုက်မှုတွေ တွေ့ရတယ်။

နောက်တစ်ခုက ကျွန်တော်တို့မှာ ဘတ်ဂျက်က အကန့်အသတ်နဲ့လုပ်ရတာဆိုတော့ အမှုတိုင်းကို ရှေ့နေမငှားနိုင်ဘူး။ တစ်နှစ်လုံးမှာ လိုက်ပေးခဲ့တဲ့အမှုပေါင်း ၃၀၊ ဒါပေမယ့် ရုံးကိုရောက်လာတဲ့အမှုတွေက အများကြီးပဲ။ ကျွန်တော်၊ ကျွန်မတို့ကို ရှေ့နေငှားပေးပါဆိုလို့ တွေ့ရရင် စိတ်တော့မကောင်းဘူး။ အထူးသဖြင့် တွေ့ရတဲ့ အခက်အခဲက ပြည်သူတွေရဲ့ ဥပဒေကို နားမလည်တဲ့အပေါ်နားလည်အောင် ပြန်ရှင်းရတာခက်တယ်။ ဘာသာရေးခေါင်းဆောင်တွေနဲ့ ပတ်သက်တဲ့အမှုတွေမှာဆိုရင် ဘုန်းကြီးတွေက မုဒိမ်းကျင့်တာမျိုးဆိုရင် သက်ဆိုင်ရာဌာနက သင်္ကန်းချွတ်ခိုင်းရတာအရမ်းခက်တယ်။ သူတို့က သင်္ကန်းတော့ချွတ်ပေးလိုက်တယ်။ ရွာပြန်ရောက်တော့ ကျောင်းတိုက်ပေါ်တက်နေထိုင်တာမျိုး၊ ကျွန်တော်တို့က တင်ပြပေမယ့် သက်ဆိုင်ရာဌာနက အရေးမယူရဲတာမျိုးရှိတယ်။ တစ်ဖက်မှာလည်း ဘာသာရေးခေါင်းဆောင်ဆိုတော့ အရေးမယူရဲတာမျိုးတွေ့ရတယ်။ ကျွန်တော်တို့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီမှာ (CRC) အရပ်ဖက်အဖွဲ့အစည်း ပါဝင်နိုင်မှု အားနည်းတယ်။ ဒါကြောင့်ကော်မတီကို အကြံပြုချင်တာတွေကို ဆွေးနွေးညှိနှိုင်းလို့ မရတာတွေရှိတယ်။

မုံရွာဂေဇက် – ဆရာဦးတင်မြင့်ကို မေးချင်ပါတယ်။ ကိုဇော်သူရိန်ပြောသလိုပဲ ကလေးသူငယ်ဥပဒေကိုကျင့်သုံးဖို့ အားနည်းတဲ့၊ ပျက်ကွက်တဲ့အပိုင်းလို့ ပြောလို့ရတယ်။ ဆရာတို့အနေနဲ့ ဥပဒေကို လက်တွေ့အကောင်အထည်ဖော်တဲ့အခါ ဘယ်အချက်တွေကများ၊ အားနည်ချက်တွေဖြစ်နေလို့ မအောင်မြင်နိုင်တာလဲ။

ဦးတင်မြင့် – ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအရ ပြဋ္ဌာန်းထားတဲ့ အခန်း(၃)၊(၄)အရ ဆရာမပြောသွားသလို အမျိုးသားကော်မတီအဖွဲ့အစည်းတွေ ပြည်နယ်နဲ့ တိုင်းတွေမှာ၊ မြို့နယ်၊ ခရိုင်တွေအလိုက် သက်ဆိုင်ရာတွေက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီတွေ ဖွဲ့စည်းတယ်။ ဖွဲ့စည်းမှုမှာ တာဝန်ပိုင်းဆိုင်ရာအရ ဆောင်ရွက်မှုမှာ အားနည်းမှုတွေရှိနေတယ်လို့ မြင်ပါတယ်။ ဒီအဖွဲ့အစည်းဟာ ကလေးသူငယ်များနဲ့ ပေါင်းစပ်ညှိနှိုင်းဖို့ဆိုတာ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဆိုတာ လုံးဝမဖွဲ့ရသေးတာတွေ့ရတယ်။ မြို့နယ်ဖျန်ဖြေရေးအဖွဲ့ဟာ ပုဒ်မ (၇၅) အရ ဖွဲ့ကိုဖွဲ့ရမှာပါ။ ဖျန်ဖြေရေးရဲ့ ညှိနှိုင်းမှုအရ ပြေလည်သွားတယ်ဆိုရင်တရားရုံးမှာ ရောက်နေတဲ့ အမှုပဲဖြစ်စေ၊ စီရင်ချက်အရ ပြေလည်သွားရင် အဲဒီအဖွဲ့ရဲ့ အစီရင်ခံစာအရ ပိတ်သိမ်းနိုင်တဲ့အထိ ရှိနေတယ်။

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေအရ မြို့နယ်ဖျန်ဖြေရေးအဖွဲ့က မဖွဲ့နိုင်သေးတာဖြစ်တဲ့အတွက် နှောင့်နှေးကြန့်ကြာမှုတွေအခက်အခဲတွေ ရှိနေတယ်။ ကော်မတီဖွဲ့ရုံမဟုတ်ဘဲ ဖျန်ဖြေရေးအဖွဲ့က ဥပဒေအရ နစ်နာသူကို လျော်ကြေးပေးမယ်။ ဆိုဆုံးမမယ်လို့ ပုဒ်မ(၇၅)မှာ အတိအကျ ပြဋ္ဌာန်းထားပါတယ်။ ကော်မတီရော ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့နဲ့ပေါငး်စပ်မယ်ဆိုရင် ကလေးသူငယ်အခွင့်အရေးတွေက ဒီထက်ပိုရလာနိုင်ပါတယ်။

မုံရွာဂေဇက် – ဖျန်ဖြေရေးအဖွဲ့ ဖွဲ့ဖို့အတွက် ဆရာမကို မေးကြည့်ပါမယ်။ ဆရာမမှာလည်း ဖြေစရာ အဖြေရှိနေမှာပါ။ အခုတော့ ဆရာဦးညွန့်အောင်ကို မေးချင်တာက ကျန်တဲ့သူတွေပြောသွားခဲ့တဲ့ ကလေးသူငယ်ဥပဒေမှာပါတဲ့ အချက်အလက်တွေ လက်တွေ့မှာ အသက်မဝင်တာတွေရှိတယ်။ တချိူ့ကလေးတွေ တောင်းရမ်းစားသောက်နေကြတာတွေရှိတယ်။ ပညာသင်ကြားခွင့်ဆုံးရှုံးရတာရှိတယ်။ ဥပဒေအရပေးထားတဲ့အချက်ကိုကျော်ပြီး အန္တရာယ်များတဲ့ လုပ်ငန်းခွင်မှာ ကလေးတွေကို တွေ့နေရဆဲပါပဲ။ အဲဒီတော့ လွှတ်တော်အမတ်တစ်ယောက်အနေနဲ့ အခုလိုဖြစ်နေတာက ကလေးသူငယ်ဥပဒေကိုထပ်ပြီးသုံးသပ်ဖို့ လိုသေးလား။ ဒါမှမဟုတ် ဥပဒေက သုံးသပ်ဖို့ မလိုတော့တဲ့ သက်ဆိုင်ရာဌာနတွေမှာ Review လုပ်ဖို့လိုလား။ မလိုဘူးဆိုရင်လည်း မလိုတဲ့အကြောင်း ပြည်သူကပဲ သေချာအသုံးပြုဖို့လိုတာလား။ အခုလို ဖြစ်နေတဲ့အချက်ကို လွှတ်တော်ကပြန်ထိန်းကျောင်းဖို့ လိုလား။

ဦးညွန့်အောင် – ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်ဆိုတာက လုပ်ငန်းသုံးရပ်ရှိပါတယ်။ အဓိကတော့ ဥပဒေပြုရေး၊ ထိန်းညှိရေး၊ ကိုယ်စားပြုရေးပေါ့။ ဥပဒေပြုရေးမှာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေမှာ ၂၀၁၉ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေ ၂၂ ဖြစ်ပါတယ်။ အစက အခန်းပေါင်း ၁၉ ခန်းနဲ့ ပုဒ်မ ၇၅ ခုပဲပါတာပါ။ နောက်ထပ်ပြင်လိုက်တဲ့အခါ အခန်းပေါင်း ၃၀ ဖြစ်သွားပါတယ်။ နောက်တစ်ခါဥပဒေပုဒ်မပေါင်း ၁၁၇ ခုထိ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာပါတယ်။ အများကြီးရှိတဲ့အတွက် အတော်လေးကို အကောင်အထည်ဖော်ဖို့ လိုပါတယ်။

ပုဒ်မ-၄၅(ခ)မှာ မွေးကင်းစကလေးကနေ ကလေးသူငယ်တိုင်း လိုအပ်သော ကူညီစောင့်ရှောက်မှုများ စနစ်ကျကျ ချမှတ်ဆောင်ရွက်ရမည်။ အစိုးရကလည်း ဒါမျိုးတွေလုပ်ဖို့ စီမံချက်တွေချနေတယ်။ အစိုးရကလည်း စီမံချက်တွေဆွဲပြီး Pilot Project တွေနဲ့ လုပ်နေပါတယ်။ နောက်တစ်ခါဥပဒေပုဒ်မ (၄၇) (က)မှာ ကလေးသူငယ်များကို ကျောင်းမှန်မှန်တက်စေရေး လိုအပ်သော အစီအမံများ ပြုလုပ်ဆောင်ရွက်ရမည်လို့ ပါပါတယ်။ အစိုးရကလည်း ဒါတွေလုပ်နေပါတယ်။ ဒါတွေကချက်ချင်းလုပ်လို့မရဘူး။ ဥပမာအားဖြင့် ဒီပညာသင်နှစ်မှာ ကျောင်းအဆင့်တိုးကျောင်းပေါင်း ၅၆၅၁ ကျောင်းရှိပါတယ်။ မုံရွာမြို့နယ်မှာပဲ ၁၄ ကျောင်း တိုးခဲ့ပါတယ်။ ကျောင်းထွက်နှုန်း လျော့ကျအောင် ဖြစ်ပါတယ်။ ဒါမှသာ ကလေးတွေအတွက် လမ်းမှားရောက်မှုနည်းမှာ ဖြစ်ပါတယ်။ အကောင်အထည်ပေါ်ဖို့ စောင့်ကြည့်နေပါတယ်။ နောက်တစ်ခါ အမှုအတွက်ကတော့ ဥပဒေအတိုင်းဖြစ်ဖို့စောင့်ကြည့်ဖို့ လိုပါတယ်။ အကူအညီတောင်းလာခဲ့ရင် ဆောင်ရွက်ပေးဖို့တော့ လုပ်ရမှာဖြစ်ပါတယ်လို့ပဲ ပြောချင်ပါတယ်။

မုံရွာဂေဇက် – ဆရာမကို မေးချင်ပါတယ်။ ခုနက ဆရာဦးတင်မြင့်ပြောတာလေး ပြန်ဖြေပေးလို့ ရမလားဗျ။ တိုင်းအဆင့်ကော်မတီတွေဖွဲ့ထားပေမယ့် ဖျန်ဖြေရေးအဖွဲ့ လိုအပ်နေတယ်လို့ပြောတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဆရာမဖြေပေးလို့ရမလားဗျ။

ဒေါ်သန္တာထွေး – ဟုတ်ကဲ့ပါ။ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ အသုံးအနှုန်းထက် မြို့နယ်ညှိနှိုင်းဖြေရှင်းရေးအဖွဲ့တော့ ဖွဲ့စည်းထားတာတော့မရှိဘူး။ ဒါပေမယ့် ၂၀၁၉ Child Right Law ပြဋ္ဌာန်းပြီးနောက်မှာတော့ တိုင်းခရိုင်မြို့နယ်ကော်မတီတွေကို ၂၀၂၀ ဇွန်လမှာ ဖွဲ့စည်းခဲ့တယ်။ဖွဲ့တဲ့အခါမှာ အရင်က CRC ကော်မတီမှာ တရားဥပဒေနဲ့ပတ်သက်တဲ့ တိုင်းမှာဆိုရင် တိုင်းဥပဒေအရာရှိ၊ တိုင်းတရားသူကြီးတို့ ပါတာလည်း ရှိပါတယ်။ ဒါပေမယ့် နောက်ဖွဲ့တဲ့အထဲမှာ တိုင်းဥပဒေတို့ တိုင်းတရားရေးတို့ မပါတော့ပါဘူး။ အဲဒါနဲ့ပတ်သက်ပြီးတော့လည်း ဝန်ကြီးကို မေးပါတယ်။ ဘာလို့လဲဆိုတော့ ဥပဒေတို့၊ တရားရေးတို့အနေနဲ့ သူ့ရဲ့တာဝန်ဝတ္တရားအရ ဥပဒေဆိုင်ရာကိုအကြံပေးမယ်။ ဥပဒေနဲ့ ဆုံးဖြတ်မယ်။ တိုင်းကလည်း ဒီလိုပဲသတ်မှတ်ပြီး တရားရုံးက သတ်မှတ်ဆုံးဖြတ်တဲ့အခါ သူ့အနေနဲ့ CRC ထဲမှာမပါတဲ့အတွက် CRC ကတော့ ညှိနှိုင်းဖျန်ဖြေရုံသက်သက်ပဲလို့ ပြောခဲ့ပါတယ်။

အဲလိုပြောခဲ့တော့ ဒီ ၂၀၂၀ သြဂုတ်လ၊ ၂၇ ရက်မှ တိုင်းအဆင့် Child Right Law ပေါ်ပြီးတဲ့နောက် ပထမဆုံးအစည်းအဝေး လုပ်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ ပြောခဲ့ပါတယ်။ ခရိုင်မြို့နယ်၊ CRC ကော်မတီတိုင်းမှာလည်း တိုင်းဥပဒေတို့၊ တိုင်းတရားရေး မပါထားပါဘူး။ အဲလိုပါမထားတာက အဓိကဝန်ကြီးပြောတာက အဲဒီနှစ်ခုမပါပေမယ့် တခြားဌာနဆိုင်ရာတွေ အရပ်ဖက်အဖွဲ့အစည်းများလည်း ပါပါတယ်။ အဲလိုပါတဲ့အခါကျတော့ CRC အနေနဲ့ ညှိနှိုင်းဖျန်ဖြေဖို့ ဒီလိုတာဝန်တွေကို CRC ကော်မတီကနေ လုပ်ဆောင်ဖို့ဖြစ်တယ်။ ဥပဒေနဲ့တရားရေးကတော့ သူ့ကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်ဖို့ လမ်းညွှန်ထားပါတယ်။ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးခေါင်းစဉ်အနေနဲ့ မရှိပေမယ့် CRC ကော်မတီအနေနဲ့ ညှိနှိုင်းဖျန်ဖြေလို့ရတယ်လို့ ပြောထားပါတယ်။ ကျွန်မတို့ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့မှာ ဥပဒေဆိုင်ရာအထောက်အကူဖြစ်ဖို့ရာ အဲဒီအစည်းအဝေးပြီးသွားတဲ့နောက်မှာ တိုင်း CRC ကော်မတီမှာ ဝန်ကြီးကနေ လမ်းညွှန်ထားတာက တိုင်းဥပဒေဆိုင်ရာအထောက်အကူအဖွဲ့ကနေ တစ်ဦးထည့်ပေးဖို့ ပြောထားပါတယ်။ ဒါကပြင်ဆင်ဖွဲ့စည်းဖို့ ဆုံးဖြတ်ချက်အနေနဲ့ ထည့်ထားပါတယ်။ မြို့နယ်တွေမှာလည်း မြို့နယ်ဆိုင်ရာ ဥပဒေအထောက်အကူပေးရေးအဖွဲ့တွေရှိပါတယ်။ အဲဒါတွေကိုလည်း အဖွဲ့ဝင်အဖြစ်ထည့်ဖို့ လမ်းညွှန်ထားတာ ရှိပါတယ်ရှင့်။

မုံရွာဂေဇက် – ကိုဇော်သူရိန်ကို မေးချင်တာက ခုနက ဆရာတို့ဆွေးနွေးသွားတာနဲ့ ပတ်သက်ပြီးမေးရမယ်ဆိုရင် တရားဥပဒေစိုးမိုးရေးနဲ့ ကလေးသူငယ်အခွင့်အရေးတွေရဖို့ ဥပဒေပြဋ္ဌာန်းချက်တွေ တကယ်ပဲအသုံးချဖို့အတွက် အကုန်လုံးခြုံပြောရရင် တရားဥပဒေစိုးမိုးရေးမှာ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍက ဘယ်လောက်ထိအရေးပါလဲ။ လိုအပ်လဲ။

ဦးဇော်သူရိန်ထွန်း – အရပ်ဖက်ရဲ့ အခန်းကဏ္ဍကတော့ အလွန်အရေးကြီးတယ်လို့ မြင်ပါတယ်။အရေးကြီးတယ်ဆိုတာ အရပ်ဖက်အဖွဲ့အစည်းတွေက သူတို့မှာ အင်အားတစ်ခုရှိတယ်။ ငွေကြေးအင်အားအတွက်ဆိုလည်း နိုင်ငံတကာက International Donor တွေဆီကနေ အလှူခံလို့ရတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်ရင် အဓိကကြုံတွေ့ရတာက ပြည်သူတွေအနေနဲ့ ဥပဒေကိုနားမလည်တာ။ နားမလည်တဲ့အခါ အမှုရင်ဆိုင်တဲ့အခါ ဘယ်သူ့မေးလို့မေးရမှန်း မသိတာရှိတယ်။ အဲတော့ ရှေ့နေကိုသွားမေးရအောင်ကလည်း ပိုက်ဆံကုန်မှာစိုးကြတော့ ရှေ့နေလည်း သွားမမေးချင်ဘူး။ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ စောစောက ကျွန်တော်တို့လုပ်ခဲ့သလို ဥပဒေအကြံပေးရုံးတွေ ထားလို့ရတယ်။ ပြည်သူတွေအဲဒီမှာ လွတ်လွတ်လပ်လပ်လာပြီး ပိုက်ဆံပေးစရာမလိုဘဲ ဥပဒေအကြံတောင်းလို့ရတယ်။ အဲလိုလုပ်နိုင်တာကလည်း အရပ်ဖက်အဖွဲ့အစည်းတွေကပဲ လုပ်နိုင်မှာ။ ကျန်တဲ့သူတွေက လုပ်နိုင်မှာမဟုတ်ဘူး။

နောက်တစ်ခုက ငွေကြေးပိုင်းဆိုင်ရာပေါ့။ ငွေကြေးပိုင်းဆိုင်ရာက ကျွန်တော်တို့အတွေ့အကြုံအရ အမှုတွေဖြစ်တဲ့အခါမှာ ကျွန်တော်မှတ်မှတ်ရရရှိနေတာက သမီးလေးမုဒိမ်းကျင့်ခံရတာတောင်မှ တရားရုံးရောက်ပြီး တရားရုံးချိန်း သူ့ကိုခေါ်တာကို ကိုယ့်သမီးအမှုတောင် ရုံးချိန်းကို သူမသွားဘူး။ မသွားတော့ ကျွန်တော်တို့က ဘာဖြစ်လို့လဲမေးတယ်။ နောက်မှပြန်ကြားသိရတာက သူကရုံးချိန်းသွားတဲ့အခါမှာ သူ့အလုပ်ပျက်မယ်။ သူတို့က တစ်ရက်လုပ်တစ်ရက်စားတွေ ဖြစ်တဲ့အတွက် ရုံးချိန်းကို သူတို့မသွားနိုင်ဘူး။ တရားရုံးကထုတ်ပေးတဲ့ သက်သေစရိတ်ဆိုတာလည်း မြင်တောင်မမြင်ဖူးကြဘူး။ အဲဒီခါကျတော့ ကျွန်တော်တို့အဖွဲ့အစည်းအဝေးခေါ်လိုက်တော့ သူတို့ကို တရားရုံးချိန်း တစ်ခေါက်လာလို့ဆိုရင် ဘယ်လောက်ထောက်ပံ့မယ်ဆိုတာ လုပ်လိုက်တယ်။ ကျန်တဲ့အမှုတွေလည်း အဲလိုပဲ။ အဲလိုထောက်ပံ့ကြေးပေးတော့ သူတို့အနေနဲ့ ရုံးချိန်းမှန်မှန် တက်သွားနိုင်တယ်။ တက်လာတာလည်းတွေ့ရပြီး အမှုလည်း မြန်မြန်ဆန်ဆန်ပြီးသွားတာတွေ့ရပါတယ်။ အဲလိုလုပ်တာက အရပ်ဖက်အဖွဲ့အစည်းတွေကပဲ လုပ်ပေးနိုင်မှာပါ။

နောက်တစ်ခုက တရားရုံးဆုံးဖြတ်ချက်တွေအပေါ်မှာ ဖိအားပေးတောင်းဆိုတာကလည်း အရပ်ဖက်အဖွဲ့အစည်းတွေကပဲ တောင်းဆိုနိုင်တာ။ ဘာလို့လဲဆိုတော့ တစ်ခုနဲ့တစ်ခု ကွန်ရက်တွေလို ရှိနေတယ်။ ဥပမာပြောရရင် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ကလေးခရိုင်တရားရုံးကနေ ချမှတ်လိုက်တဲ့ သက်ငယ်မုဒိမ်းမှုပြစ်ဒဏ်ကို တိုင်းတရားရုံးကနေပြီးတော့ ပြင်ဆင်လိုက်တဲ့အပေါ် ကလေးမြို့က အရပ်ဖက်အဖွဲ့အစည်းတွေအကုန်လုံးက ဆန္ဒပြကြတယ်။ အရပ်ဖက်အဖွဲ့အစည်းဆိုတာ ပြည်သူကိုလည်း ကူညီနိုင်သလို အစိုးရကိုရော၊ တရားရေးမဏ္ဍိုင်ရော၊ မဏ္ဍိုင်ကြီးသုံးရပ်စလုံးကို ထောက်ပြဝေဖန်တဲ့သူတွေဖြစ်လို့ တရားဥပဒေစိုးမိုးရေးလုပ်တဲ့အခါမှာ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍက အလွန်အရေးပါတယ်။ ပြီးတော့ အရေးလည်းပေးရမယ်လို့ မြင်ပါတယ်။

မုံရွာဂေဇက် – ဆရာ ဦးတင်မြင့်ကို မေးချင်ပါတယ်ဗျ။ ဆရာ့ကိုမေးချင်တာ နှစ်ချက်ရှိပါတယ်။အဓိက ဆရာတို့ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့အနေနဲ့ ကလေးသူငယ်ဆိုင်ရာအမှုတွေမှာ ကူညီပေးတဲ့အခါ ဥပဒေအရ အကာအကွယ်ပေးနိုင်မှု ဘယ်လောက်ရှိလဲ။ ကလေးသူငယ်ဆိုင်ရာဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ဘယ်လိုအချက်တွေကိုရအောင်ယူနိုင်ခဲ့လဲ။ အဲဒီရဲ့အခြားတစ်ဖက် ဥပဒေရဲ့ ပေးထားချက်ကိုတောင် မရလိုက်တဲ့ နစ်နာဆုံးရှုံးမှုတွေက ဘာလဲဗျ။

ဦးတင်မြင့် – ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အမှုအခင်းတွေကို လိုက်တဲ့အခါမှာ ကျွန်တော်တို့ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့က လိုက်တာက၊ ဆောင်ရွက်ပေးတာကတရားရုံးမှာစပြီး အချုပ်မကျခင် ရဲစခန်းမှာကတည်းက လိုက်ပါတယ်။ ဆောင်ရွက်တဲ့အခါမှာတချို့ကလေးတွေ အာမခံရရေး ဆောင်ရွက်တယ်။ ဗန်းမောက်မှာဆိုရင် ညတွင်းချင်းမှာ ရဲတပ်ဖွဲ့နဲ့ပေါင်းစပ်တော့ ခံဝန်ချုပ်နဲ့ အာမခံရတဲ့ကိစ္စမျိုး အောင်မြင်ခဲ့တာရှိတယ်။ ဒီမှာလည်း အောင်မြင်ခဲ့တာရှိပါတယ်။ တရားရုံးကို မရောက်ခင် စခန်းမှာကတည်းက ဖြေရှင်းနိုင်ခဲ့တယ်။ ထို့အတူတရားခံဘက်ကနေ အမှုဆောင်ရွက်တာ မဟုတ်ပါဘူး။ နစ်နာသူဘက်ကလည်း ဆောင်ရွက်ပါတယ်။ သက်ငယ်မုဒိမ်းကိစ္စဆိုရင် ဖြစ်ဖြစ်ချင်း သက်ဆိုင်ရာ လူမှုဝန်ထမ်းဦးစီးဌာနနဲ့ ညှိနှိုင်းပြီး တရားရေးရင်ဆိုင်စရိတ်ရရှိရေးကို ချက်ချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့တာတွေ ရှိပါတယ်။

အမှုတွေမှာ သက်ဆိုင်ရာနစ်နာသူဘက်က ရှေ့နေရှိရင် ကျွန်တော်တို့ မပါပါဘူး။ ဆင်းရဲနွမ်းပါးတဲ့ တရားခံဟူသမျှ ရှေ့နေမငှားနိုင်ဘူးဆိုရင် ဆောင်ရွက်တယ်။ ကလေးသူငယ်ကိစ္စတွေမှာဆောင်ရွက်ပါတယ်။ ကလေးသူငယ်နဲ့ အမျိုးသမီးတွေဆိုရင် ပထမဦးစားပေးအနေနဲ့ ဆောင်ရွက်ပါတယ်။ ဆောင်ရွက်တဲ့အခါမှာ ကလေးသူငယ်အခွင့်အရေးတွေ ရအောင်ယူနိုင်ခဲ့သလို အာမခံမရတဲ့ ကိစ္စလေးတွေလည်း ရှိပါတယ်။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ (၈၃)အရ ကျွန်တော်တို့အမှုစစ်ဆေးနေစဉ်အတွင်း တရားစွဲဆိုခံရသောကလေး ကောင်းမွန်စွာကျင့်ကြံနေထိုင်ရေးအတွက် အာမခံဖြင့် ခံဝန်ချုပ်ချုပ်စေပြီး စည်းကမ်းချက်သတ်မှတ်ပြီး မိဘအုပ်ထိန်းသူထံဖြစ်စေ၊ ယာယီစောင့်ရှောက်ရေးဂေဟာတွင်ဖြစ်စေ၊ အခြားတစ်နေရာရာတွင်ဖြစ်စေ အုပ်ထိန်းရန် အပ်နှံနိုင်သည်ဆိုတဲ့ ကိစ္စရပ်ကို ကျွန်တော်တို့ ယနေ့ချိန်ထိ ဆွေးနွေးလို့ မရသေးဘူး။ အမှုရင်ဆိုင်နေစဉ်အတွင်းတရားခံကလေးသူငယ်ဟာ ကောင်းမွန်စွာပြုမူနေထိုင်ရန် စည်းကမ်းချက်ဖြင့် မိဘအုပ်ထိန်းသူထံ အပ်ဖို့ပါ။ မိဘအုပ်ထိန်းသူမှမဟုတ်ရင် ယာယီစခန်းတွေမှာ အပ်နှံနိုင်ဖို့ပါ။ ဒီကိစ္စကို ကျွန်တော်တို့ မရနိုင်သေးပါဘူး။

မည်သည့်အကြောင်းအရင်းနှင့်မှ ကလေးသူငယ်ကို ရဲအချုပ်တွင်ဖြစ်စေ၊ အကျဉ်းထောင်တွင်ဖြစ်စေ ချုပ်မိန့်မပေးရဆိုတာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ ၈၃(င)မှာ အတိအကျ ပြဋ္ဌာန်းထားပါတယ်။ ဒါပေမဲ့ ကလေးတွေကို အာမခံမပေးဘူး။ မိဘများကို ခံဝန်ချုပ်နဲ့ မပေးဘူးဆိုပေမယ့်လည်း ရဲစခန်းကို ထိန်းသိမ်းထားလိုက်တယ်ဆိုတာကိုက အင်မတန်မှ ကလေးသူငယ်အခွင့်အရေး နစ်နာပါတယ်။ သက်ဆိုင်ရာရဲစခန်းမှာ ကလေးသူငယ်ကို လူကြီးအချုပ်နဲ့ လူကြီးအကျဉ်းသားများနဲ့အတူ ရောနှောမချုပ်ရဆိုတာကိုရောနှောချုပ်ထားတာ အများကြီးတွေ့ရပါတယ်။ ရဲစခန်းမှာ နေရတဲ့ကာလကို ချုပ်ရက်မရတာဒါကနစ်နာမှုတွေ အများကြီးရှိပါတယ်။ ကလေးသူငယ်အခွင့်အရေးဆုံးရှုံးမှုတွေ ရှိနေပါတယ်။

ဦးဆောင်ဆွေးနွေးသူများ၏ မှတ်ချက်များ

ဦးညွန့်အောင် – တကယ်တမ်းဥပဒေတစ်ခုအသက်ဝင်ဖို့ဆိုတာ ချက်ချင်းအသက်ဝင်ဖို့ အင်မတန် ခက်ပါတယ်။ အဖွဲ့အစည်းတွေ ဖွဲ့ရတယ်။ ဘတ်ဂျက်တွေ ပေါင်းရတယ်။ ဒါမှသာ ဥပဒေကအသက်ဝင်လာတာပါ။ နောက်တခါ ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်မိခင်တွေ ထောက်ပံ့တာ၊ ကျောင်းထွက်နှုန်းနည်းအောင် လုပ်တာကအစ အများကြီးလိုတယ်။ ဒါတွေကို ကာကွယ်ဖို့ ပြည်သူတွေအားလုံးက ပါဝင်မှ၊ ဖြစ်မှာဖြစ်ပါတယ်။ တချို့အချက်တွေက ရနိုင်ပေမယ့် တချို့အချက်တွေကတော့ မရနိုင်သေးဘူး။ ဥပမာအားဖြင့် ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ အချက် ၁၅ ချက်ရှိပါတယ်။ အဲဒီ ၁၅ ချက်ထဲကနေ ဒါကဝန်ကြီးဌာနက အခါအားလျော်စွာ ထုတ်ပြန်တဲ့အချက် မပါသေးပါဘူး။ အဲဒီ ၁၅ ချက်ကို ပုဒ်မ(၅၈)မှာ မည်သူမဆို အဲဒီ ၁၅ ချက်နဲ့ကိုက်ညီတဲ့ ကလေးကိုတွေ့လို့ဆိုရင်၊ ကာကွယ်ဖို့လိုအပ်ရင် သက်ဆိုင်ရာလူမှုဝန်ထမ်းကို အကြောင်းကြားရမယ်။ လမ်းမှာတောင်းစားနေတဲ့ကလေးတွေ ပညာမသင်ရတဲ့ကလေးတွေကိုတွေ့ခဲ့ရင် အကြောင်းကြားဖို့ လိုပါတယ်။ အကုန်လုံးကဝိုင်းဝန်းဆောင်ရွက်မှသာ ဥပဒေကပိုပြီး အသက်ဝင်လာတယ်လို့ ယုံကြည်ပါတယ်။ သက်တမ်းအားဖြင့် စောသေးတယ်လို့ ပြောချင်ပါတယ်။ အဲလိုပဲပြောရမယ် ထင်ပါတယ်။

ဒေါ်သန္တာထွေး – ဆရာဦးညွှန့်အောင်ပြောသွားတာ တော်တော်လေး မှန်ပါတယ်။ သက်တမ်းကလည်း နုနယ်တယ်။ ဥပဒေကို ပြဋ္ဌာန်းလိုက်ပြီး ဒီဥပဒေအပေါ်မှာ ဘာတွေလိုအပ်လဲဆိုတာမူတည်ပြီး နောက်က ဖြည့်ရသလိုတော့ ရှိတာပေါ့။ လိုအပ်ချက်တွေကို ဆက်လက်ဖြည့်ဆည်းသွားမှပဲ ဥပဒေအညီ ရရှိမှာဖြစ်ပါတယ်။ အစိုးရကလညး် အစိုးရဘက်အပိုင်းကနေ မူဝါဒချသလို ထပ်ကြပ်မကွာ အကောင်အထည်ဖော်ဖို့လည်း စီမံကိန်းတွေချထားပြီး ဒါလုပ်ဖို့လည်း လိုပါတယ်။ ဒါ့အပြင် ပြည်သူတွေဘက်ကလည်း ဒါကို အကောင်အထည်ဖော်လိုက်နာဖို့ လိုပါတယ်။ အရပ်ဖက်အဖွဲ့အစည်းတွေကလည်း အစိုးရနဲ့ ပြည်သူလူထုရဲ့ကြားမှာ ကြားကနေ လိုအပ်ချက်တွေကို ကြားဝင်ဖြည့်ဆည်းပေးမှလည်း ပိုပြီး ထိရောက်အောင်မြင်တဲ့ လုပ်ငန်းစဉ် ဖြစ်မှာပါ။

ဦးဇော်သူရိန်ထွန်း – ကျွန်တော်ပေးချင်တဲ့မှတ်ချက်ကတော့ ကလေးသူငယ်ဆိုင်ရာဥပဒေတွေမှာ အသက်ပြင်လိုက်တဲ့ ကိစ္စကိုတော့ ဘဝင်မကျဘူး။ ၁၈ နှစ်ဆိုပြီးထားလိုက်တော့ အမှုအခင်းတွေမှာကြည့်မယ်ဆိုရင် ခိုး၊ ဆိုး၊ လု၊ နှိုက်မှုတွေမှာ မုံရွာအပါအဝင်တစ်နိုင်ငံလုံးမှာ ကျူးလွန်နေတဲ့လူငယ်အများစုရဲ့ အသက်တွေက ၁၆ ၊ ၁၇ နှစ်တွေ အများဆုံးပဲ။ သူတို့က အဲလိုပြစ်မှုတွေမှာ ကျူးလွန်တဲ့သူတွေ ဖြစ်နေကြတယ်။ ဒါပေမဲ့သူတို့က ဥပဒေအရကျတော့ ကလေးဖြစ်နေတယ်။ သူတို့ကို ထောင်ချဖို့ ခက်ခဲတယ်။ ပြီးတော့ သူတို့ကို လူငယ်သင်တန်းကျောင်းကို သွားပို့လိုက်တယ်။ ကျွန်တော်ကတော့ အရင်လိုအသက် ၁၆ နှစ်ကိုပဲ ထားစေချင်တယ်။ လက်တွေ့မှာအဆင်မပြေဘူးလို့ပဲ သုံးသပ်ချင်တယ်။

နောက် လူငယ်သင်တန်းကျောင်းတွေနဲ့ပတ်သက်ပြီးတော့ အရင်ကတည်းက အခုထိကြားရတဲ့သတင်းက တစ်ခုမှမကောင်းဘူး။ လူငယ်သင်တန်းကျောင်းကို ပို့တဲ့ကလေးတွေက ထွက်ပြေးတာရယ်၊ ဟိုတလောကဆို အသက်သေတဲ့အထိဖြစ်သွားတာတောင် ရှိတယ်။ အစိုးရအနေနဲ့လူငယ်သင်တန်းကျောင်းတွေကို ပြုပြင်ပြောင်းလဲဖို့ အချိန်တန်ပါပြီ။ ပြီးတော့လူငယ်သင်တန်းကျောင်းတွေမှာ စိတ်ပညာဆိုင်ရာ ဆရာဝန်တွေ ထည့်သွင်းသင့်တယ်။ ကျွန်တော်တို့အမြင်မှာတော့ လူငယ်သင်တန်းကျောင်းကို ရောက်သွားပြီး ထွက်လာတဲ့ကလေးတွေမှာ လိမ္မာတဲ့ကလေး မတွေ့ဘူးသေးဘူး။ ပိုဆိုးလာတဲ့ကလေးပဲများတယ်။ လူငယ်သင်တန်းကျောင်းတွေ ပြုပြင်ပြောင်းလဲသင့်ပြီလို့ထင်ပါတယ်။

နောက် ပြစ်မှုကျူးလွန်တဲ့ ကလေးအများစုကလည်း လမ်းဘေးကလေးတွေပဲ။ လမ်းဘေးကလေးတွေအတွက် စင်တာကို အစိုးရအနေနဲ့ ဖန်တီးပေးရမယ်။ ဂေဟာတွေရှိတယ်လို့ အကြောင်းပြလို့ရပေမယ့် မတူဘူး။ လမ်းဘေးကလေးကျတော့ တခြားကလေးတွေနဲ့ ရောနှောထားလို့ မရပါဘူး။ သူတို့ကိုကျတော့ ပုံစံတစ်မျိုးနဲ့ အုပ်ချုပ်တဲ့ကျောင်းဖြစ်လာဖို့ မျှော်လင့်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ ကလေးတွေကိုဗန်းပြပြီး တောင်းရမ်းနေတဲ့ အမှုတွေ၊ မုံရွာဆိုရင် တော်တော်များလာတယ်။ ကလေးတွေကို ကတုံးတုံးပြီး ကိုရင်၊ သီလရှင် ဝတ်ခိုင်းတယ်။ ပြီးရင် တကယ့်ကိုရင်၊ သီလရှင်လည်း မဟုတ်ဘူး။ အဲလိုတောင်းရမ်းနေတဲ့သူတွေကို လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ဦးဆောင်ပြီး အရေးယူပေးဖို့ ဒီကနေပဲ အကြံပြုပါတယ်။

ဦးတင်မြင့် – ကလေးသူငယ်အမှုအခင်းတွေ ကျဆင်းဖို့ကိစ္စကို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ ၂၀၁၉ မှာ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ ဖွဲ့ဖို့ လိုပါတယ်။ နောက်တစ်ချက်ကနည်းဥပဒေ အမြန်ထွက်ဖို့ လိုပါတယ်။ အမြန်ပြုစုပြီး အကောင်အထည်ဖော်ဖို့ပါ။ ကလေးသူငယ်ဥပဒေက ကျွန်တော်တို့နိုင်ငံမှာ ၁၉၃၀ ခုနှစ်မှာ ကလေးသူငယ်ပြစ်မှုကျူးလွန်မှုများ အက်ဥပဒေကိုပြဌာန်းခဲ့တယ်။ အမှုအခင်းဖြစ်တဲ့ ကလေးတွေကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေပါပဲ။ ကလေးသူငယ်ဥပဒေက ၁၉၉၃ ခုနှစ်မှာ ကလေးသူငယ်ဥပဒေနဲ့ ၂၀ဝ၁ ခုနှစ်မှာ နည်းဥပဒေကိုပြဋ္ဌာန်းခဲ့ပါတယ်။ နည်းဥပဒေအရ လုပ်တဲ့အခါ အသက်အရွယ်အပိုင်းအခြားဆိုပြီး အမှုအခင်းတွေမှာ အသက်အရွယ်အပိုင်းအခြားနဲ့တော့မဆိုင်ပါဘူး။ ကလေးသူငယ်အမှုအခင်းမဖြစ်အောင် ကြိုတင်ကာကွယ်တဲ့ဥပဒေချမှတ်ဖို့ကော်မတီများမှာ ဒေသဆိုင်ရာကော်မတီအဆင့်ဆင့်ဟာ မြို့နယ်အဆင့်ထိ ဖွဲ့စည်းပြီးပြီလို့ သိရပါတယ်။ ဒီကော်မတီအနေနဲ့ ကလေးသူငယ်အမှုအခင်းမဖြစ်အောင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ် လိုပါတယ်။

၁၆၊ ၁၇၊ ၁၈ နှစ် ဘယ်နှစ်မဆို ထိန်းကျောင်းဖို့အစီအစဉ်နဲ့ ဆောင်ရွက်မယ်ဆိုရင် အောင်မြင်မှာပါ။ ဖျန်ဖြေညှိနှိုင်းရေးအဖွဲ့ကလည်း လုပ်မယ်ဆိုရင် မှုခင်းတွေ ကျဆင်းသွားမှာပါ။ ၁၆၊ ၁၇၊ ၁၈ ဘယ်အရွယ်မဆို ကလေးကလေးပါပဲ။ ၁၉၃၀ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ဥပဒေအရကလေးသူငယ်အမှုအခင်းမဖြစ်အောင် ကြိုတင်ကာကွယ်ရေးကော်မတီများက ဒီအစီအစဉ်ကို ချမှတ်ဖို့ လိုပါမယ်။ နည်းဥပဒေအမြန် ပြဋ္ဌာန်းဖို့ လိုပါမယ်။ ဒါမှသာ ကလေးသူငယ်များဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ကလေးသူငယ်များအခွင့်အရေးကို နည်းဥပဒေနဲ့ ချိန်ညှိပြီး နည်းဥပဒေနဲ့အညီ ပြဋ္ဌာန်းလိုက်မယ်ဆိုရင် ပိုပြီးအောင်မြင်မယ်လို့ ထင်ပါတယ်။

မှတ်ချက်။ ။ ဆွေးနွေးချက်အပြည့်အစုံနှင့် ပရိသတ် မေး/ဖြေ ကဏ္ဍများကို မုံရွာဂေဇက်ဖေ့စ်ဘွတ်ခ်ပေ့ချ် Monywa Gazette Facebook Page (စကားဝိုင်းတိုက်ရိုက်လင့်ခ်)တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။