ကာဘိုးရွာ ရုန်းရင်းဆန်ခတ်မှု တစ်ယောက်မကျန် ဖော်ထုတ်အရေးယူရန် ဝန်ကြီးချုပ် မှာ

0
9923
ဝန်ကြီးချုပ်နှင့်အဖွဲ့ သွားရောက်စစ်ဆေးစဥ်။

ကိုသစ္စာ၊ အောင်မြင့်မြင့်
မုံရွာ၊ အောက်တိုဘာ-၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာတွင် ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ်မှု၌ ပြစ်မှုကျုးလွန်သူများကို ရဲတပ်ဖွဲ့မှ တစ်ယောက်မကျန် ဖော်ထုတ် အရေးယူရန် ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က ယနေ့ ပြောကြားလိုက်သည်။

အောက်တိုဘာ ၂၂ ရက် ညနေပိုင်းက ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူ အင်အား နှစ်ထောင်နီးပါးသည် ကာဘိုးဆည်- မူးလမ်းဆုံတံတားအနီး ကာဘိုးရွာအရောက်တွင် NLD ပါတီဝန်းရံသူ ဒေသခံအချို့နှင့် ရုန်းရင်းဆန်ခတ်မှု ဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။

၎င်းဖြစ်စဉ်အား ယနေ့တွင် ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်နှင့်တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းကြည်နှင့် မြို့နယ်တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့သည်။

“အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ မည်သည့်အကြောင်းကြောင့်ဖြစ်စေ လုံးဝ လက်မခံပါဘူး။ ဖြစ်စဉ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေကြည့်ပါ။ တုတ်တွေ၊ သံပိုက်တွေ၊ ဓားတွေ ကိုင်ဆောင်လာကြတာဆိုကတည်းက တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာ ပေါ်လွင်ပါတယ်။ ခင်ဗျားတို့ ရဲတပ်ဖွဲ့အနေနဲ့ ပြစ်မှုကျူးလွန်သူတွေကို တစ်ယောက်မကျန် ဖော်ထုတ်စစ်ဆေးပြီး ဥပဒေအရ အမြန်ဆုံးအရေးယူဖို့ လိုအပ်ပါတယ်။ ဒီဖြစ်စဉ်ကို ကျွန်တော် စောင့်ကြည့်အရေးယူသွားပါ့မယ်”ဟု ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောသည်။

ရုန်းရင်းဆန်ခတ်မှုတွင် ရိုက်နှက်ခံရသော NLD ပါတီ ဝန်းရံသူ အသက် ၃၈ နှစ်အရွယ် ဒေသခံမှာ အောက်တိုဘာ ၂၃ ရက်က ဇီးကုန်းဆေးရုံမှတစ်ဆင့် မန္တလေးဆေးရုံသို့ ပို့ဆောင် ကုသစဉ် သေဆုံးခဲ့ကြောင်း ကန့်ဘလူခရိုင်အမျိုးသားလွှတ်တော်အမတ် ဦးဝင်းအောင်က အတည်ပြုသည်။

သေဆုံးခဲ့သော လူငယ်၏နေအိမ်နှင့် ဖျက်ဆီးခံခဲ့ရသော နေအိမ်များသို့ ဝန်ကြီးချုပ်နှင့်အဖွဲ့က သွားရောက် မေးမြန်းမှုများ လုပ်ဆောင်ခဲ့သည်။

ရုန်းရင်းဆန်ခတ်မှုတွင် ကာဘိုးရွာအဝင် ကိုဗစ်စစ်ဆေးရေးဂိတ်မှ မောင်းတံ ရိုက်ချိုးခံရပြီး ဂိတ်တာဝန်ကျသူ၏ ဆိုင်ကယ်ဖျက်ဆီးခံရခြင်း၊ ဂိတ်ရှိ ပစ္စည်းများ ဖျက်ဆီးခံခဲ့ရကြောင်းသိရသည်။

၎င်းကြောင့် ဖျက်ဆီးမှု လုပ်ဆောင်သည့် လူများအား ဖော်ထုတ်အရေးယူရန် ရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဌေးမှ တရားလိုပြုလုပ်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅/၂၆/၁၀၉ ဖြင့် ရဲစခန်းတွင် အမှုဖွင့်ထားသည်။

ရုန်းရင်းဆန်ခတ်မှု စတင်ခြင်းမှာ ဒေသခံလူငယ်များ၏ ဆိုင်ကယ်နှင့် ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ အင်အားပြ ယာဥ်တန်းက ဆိုင်ကယ်တို့ ချိတ်မိရာမှ ဖြစ်ပွားခြင်း၊ ဟွန်းတီးဖယ်ခိုင်းရာမှ ဖြစ်ပွားခြင်း၊ ကိုဗစ်စစ်ဆေးရေးဂိတ်တွင် စစ်ဆေးစဥ် မကျေနပ်၍ဖြစ်ခြင်း စသဖြင့် ဒေသခံများက ပြောဆိုကြသည်။

အခင်းဖြစ်ပွားရာအနီး ဦးသန်းထွန်းအောင်နေအိမ်သို့ ရန်ဖြစ်နေသော လူစုထဲမှ လူတချို့ပြေးဝင်ခဲ့ပြီးနောက် နေအိမ်ကိုလည်း လမ်းခင်းကျောက်များ၊ လေးခွများ၊ တုတ်များဖြင့် ပစ်ပေါက်ဖျက်ဆီးခဲ့ကြောင်း ရဲစခန်းသို့ အမှုဖွင့်ထားချက်အရ သိရသည်။

နေအိမ်အတွင်း FZ ဆိုင်ကယ်၊ ကမ်ဘိုဝမ်းတူးဖိုက်ဆိုင်ကယ် နှစ်စီး၊ ကန်ဒါဆိုင်ကယ် တစ်စီး၊ စီဇက်အိုင်ဆိုင်ကယ် တစ်စီး၊ စကူဘီဆိုင်ကယ် တစ်စီး စုစုပေါင်း ဆိုင်ကယ် ၆ စီး ပျက်စီးခဲ့သည်။

ဘေးချင်းကပ်လျက်အိမ်ဖြစ်သော ဦးကျော်ကျော်နိုင်၏ အိမ်မှာလည်း ခဲများပစ်ပေါက်ခြင်းကြောင့် ပျက်စီးခြင်းများ ဖြစ်ခဲ့သည်။

၎င်းအမှုတွင် ဒေသခံတစ်ဦးနှင့်ကျူးလွန်သူများအား အရေးယူပေးရန် အိမ်ရှင်ဦးသန်းထွန်းအောင်က တရားလိုပြုလုပ်၍ ဇီးကုန်းရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၄၄၇/၂၉၄/ ၅၀၆ /၄၂၇/၁၁၄ တို့ဖြင့် အမှုဖွင့်ခဲ့သည်။

ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေးများကို ပုံစံအမျိုးမျိုးဖြင့် အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ခြင်း၊ အသွင်အမျိုးမျိုးဖြင့် ဘာသာရေး၊ လူမျိုးရေးအကြောင်းပြု၍ စည်းရုံးခြင်း၊ ဆူပူခြင်းဖြစ်အောင် ဖန်တီးခြင်း၊ ရပ်ရွာအေးချမ်းသာယာရေး ပျက်ပြားအောင် ကြံဆောင်ခြင်းများရှိ၍ ၎င်းတို့အား ထိရောက်စွာအရေးယူရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်မှ ယခုလ ၁၆ ရက်နေ့က အမိန့်စာ ထုတ်ပြန်ထားသည်။

Photo – Than Htay
Photo – Than Htay