ကိုဗစ်ကပ်ဘေးနှင့် ကမ္ဘာ့စီးပွားရေး

0
30

သက်ဆွေအေး ရေးသည်။

မျှော်မှန်းမရတဲ့ သက်ရောက်မှု ကြီးမားတဲ့ ဖြစ်ရပ်တွေဟာ လူအများသဘောပေါက် နားလည်ထားတာထက် ပိုမိုကျယ်ပြန့်နက်ရှိုင်းတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာတတ်တယ်လို့ “black swans” သီအိုရီက ဆိုပါတယ်။ ၂၀၂၀ ခုနှစ် မရောက်ခင် နှစ်ပေါင်းများစွာကတည်းက တိရိစ္ဆာန်ကနေ သယ်ဆောင်လာတတ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးကူးမှာ၊ ဒီလိုဖြစ်လာရင် အာရှကို အခြေခံပြီး၊ တကမ္ဘာလုံးကို ပျံ့နှံ့မှာထိ စိုးရိမ်သလို တွေးဆနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဖြစ်လာမယ့်အကျိုးဆက်ကို ဘယ်သူမှ ကြိုမမြင်ကြပါဘူး။ ၂၀၂၀ မရောက်ခင် ကြားကာလမှာလည်း ကပ်ဘေးအသွင်မဆောင်ပေမဲ့ အနည်းအပါး ဖြစ်ခဲ့ပါတယ်။ ကိုဗစ်ကိုတော့ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားပါတယ်။

၂၀၂၀ မတိုင်ခင်က အချက်အလက်များထည့်သွင်းပြီး တွက်ချက်ထားတဲ့ မော်ဒယ်တစ်ခုအရ ၁၉၁၈ ခုနှစ် စပိန်တုပ်ကွေးက ကမ္ဘာ့ပေါ်ကလူသား ၇၁ သန်းလောက် သေဆုံးခဲ့သလို ဖြစ်လာနိုင်ပြီး၊ စုစုပေါင်း တိုင်းပြည်ထုတ်ကုန်တန်ဖိုး (GDP) ၅ ရာခိုင်နှုန်း ကျဆင်းသွားမယ်လို့ တွက်ချက်ခဲ့ပါတယ်။ တော်သေးတာက ကိုဗစ်က အဲဒီလောက် လူအများ မသေစေပေမဲ့ (GDP) ကိုတော့ များစွာထိခိုက်သွားပါတယ်။ ဇွန်လအတွင်းက IMF (ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့) အစီရင်ခံစာအရ ၂၀၂၀ ကုန်လောက်မှာ ကပ်ဘေး ပြီးဆုံးသွားရင်တောင် ၈ ရာခိုင်နှုန်းထက် ပိုကျဆင်းနိုင်တယ်ဆိုပါတယ်။ ခုစာရေးနေချိန်မှာ အနောက်နိုင်ငံတချို့မှာ ကိုဗစ်တတိယလှိုင်းလို့တောင် ဆိုနေကြပြီး၊ တချို့သော နိုင်ငံများဆိုရင် လော့ဒေါင်းပြန်ချလိုက်ရပါတယ်။ ဒီအတွက် စီးပွားရေးတိုးတက်နှုန်း များစွာကျဆင်းလာနိုင်ပါတယ်။

စုစည်းပြီး တိုက်ရိုက်မဟုတ်တဲ့ သက်ရောက်မှုအားတွေက ပြင်းထန်စွာ စီးပွားရေး၊ လူမှုရေးအပေါ် ငလျင်လှိုင်းသဖွယ် ထိခိုက်သွားပါတယ်။ အလုပ်အကိုင်ရရှိနိုင်တဲ့ လမ်းကြောင်းတွေဟာ ဧပြီလအတွင်းကဆိုရင် အသက် ၂၅- ၅၄ အတွင်းအုပ်စုမှာ ၇၀ ရာခိုင်နှုန်းခန့်ထိ နှစ်ပေါင်း ၅၀ အတွင်း ကျဆင်းသွားပါတယ်။ ၂၀၂၀ ခုနှစ် ဒုတိယ ၄ လပတ်မှာ ကမ္ဘာပေါ်က လူငယ် အားလုံးရဲ့ ၆ ပုံ ၁ ပုံခန့် အလုပ်လက်မဲ့ ဖြစ်သွားပါတယ်။ အလုပ်လုပ်နေရင်လည်း အလုပ်ချိန်တွေလျော့လာပါတယ်။ ကမ္ဘာ့ဘဏ်အပြောအရဆိုရင်နှစ်ပေါင်း ၆၀ အတွင်းမှာ အနိမ့်စားဝင်ငွေရလုပ်ငန်း၊ အလတ်စားဝင်ငွေရလုပ်ငန်းတွေဟာပထမဆုံးအကြိမ်အဖြစ် ကျဆင်းမှုတွေ ရှိလာခဲ့ပါတယ်။

လူသန်းပေါင်း ၈၉ သန်းလောက် အလွန်အမင်း ဆင်းရဲခြင်းအဖြစ်ကို ရောက်သွားမယ်လို့လည်း ဆိုပါတယ်။ ကျောင်းတွေ လပေါင်းများစွာ ပိတ်ထားတဲ့အကျိုးဆက်ကို ဆယ်စုနှစ်ပေါင်းများထိ ခံစားရလိမ့်မယ်။ လော့ဒေါင်းကြောင့် လူတွေရဲ့စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများစွာလည်း ရှိလာမယ်။ အမေရိကန် ၁၀ ရာခိုင်နှုန်းကျော်က တကယ်ကိုပဲ သတ်သေဖို့ စဉ်းစားမိကြောင်း ပြောဆိုထားပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မှာ လော့ဒေါင်းလုပ်တော့ ဒီလိုလုပ်တာက အာဏာရှင်မို့သာဖြစ်တာ၊ နည်းပညာ အဆင့်မြင့်တွေသုံးနိုင်လို့သာ ဖြစ်တာလို့ဆိုပါတယ်။ လက်တွေ့လုပ်လာရတဲ့အခါ အင်္ဂလန်က သိပ္ပံပညာရှင်တွေက လော့ဒေါင်းလုပ်ဖို့မပြောတာက အကြောငး်ရှိပါတယ်။ နိုင်ငံရေးအရလုပ်လို့ မဖြစ်နိုင်လောက်ဘူးလို့ တွက်လို့ပါ။ အစိုးရအများစုက သူတို့နိုင်ငံတွေရဲ့ စီပွားရေးကိုပိတ်ချလိုက်ဖို့၊ အဆက်သွယ်တွေ ပိတ်ချလိုက်ဖို့ထိ လုပ်လာတဲ့အခါ အံ့သြစရာတွေထဲက တစ်ခုဖြစ်လာပါတယ်။ ကမ္ဘာမှာ မမြင်ဘူးလောက်တဲ့အနေအထားကို မြင်လိုက်ရပါတယ်။ ချမ်းသာနိုင်ငံကြီးတွေမှာဆိုရင်လည်း အလုပ်သမားရေးရာနဲ့အရင်းအနှီးဈေးကွက်တွေမှာ အစိုးရတွေရဲ့ ကြားဝင်ဆောင်ရွက်မှု လက်အကြီးကြီးတွေ မြင်လာရပါတယ်။ ဥရောပရဲ့ အကြီးဆုံး စီးပွားရေးဈေးကွက်ရှိတဲ့ နိုင်ငံကြီး ၅ နိုင်ငံမှာ ကိုဗစ်ကြောင့် အလုပ်ပျက်ကွက်သူပေါင်း သန်း ၄၀ ကျော်အတွက် အစိုးရက ငွေထုတ်ပေးတဲ့ အစီစဉ်တွေ လုပ်ခဲ့ရပါတယ်။ အမေရိကမှာဆိုရင် အလုပ်လက်မဲ့ခံစားခွင့်ကို တိုးပေးခဲ့ပါတယ်။ အမေရိကန်ဗဟိုဘဏ်က ကော်ပိုရိတ်ကြွေးမြီအတွက် ဈေးကွက် မပျက်သွားစေဖို့ ကျားကန်ပေးခဲ့ရပါတယ်။ ဂျာမနီမှာဆိုရင် နိုင်ငံ GDP ရဲ့ လေးပုံတစ်ပုံစာလောက်ထိ ကုမ္ပဏီငယ်တွေကို ထုတ်ချေးပေးခဲ့ရပါတယ်။

ပြည်သူ့ချေးငွေက အရှိန်အဟုန်နဲ့ တက်လာပါတယ်။ အဆင့်မြင့်စီးပွားရေးရှိတဲ့ နေရာတွေမှာ စုစုပေါင်း ပြည်သူ့ချေးငွေနဲ့ GDP အချိုးဟာဆိုရင်၂၀၁၉ မှာ ၁၀၅ ရာခိုင်နှုန်းတက်လာပြီး ၂၀၂၁ အထိ ၁၃၂ ရာခိုင်နှုန်းလောက်ထိ တက်လာနိုင်ချေရှိပါတယ်။ ဒီလိုမြင့်တက်လာတဲ့ ဝန်ထုပ်ဟာ ဘဏ္ဍာရေးဆိုင်ရာ အယူအဆသစ်တွေလည်း ဖြစ်လာနိုင်ပါတယ်။ ကမ္ဘာပေါ်က ဗဟိုဘဏ်တွေဟာ အစိုးရချေးငွေမှာ ထရီလျံထိ မြင့်တက်လာပါတယ်။ ဥရောပသမဂ္ဂဆိုရင် ပထမဆုံးအကြိမ်အနေနဲ့ နာလန်ထရေး ရန်ပုံငွေအတွက် အကြွေးပေးနေရတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်လောက်က ဘဏ္ဍာရေးအကြပ်အတည်းပြီးနောက် ပေါ်လာတဲ့မူဝါဒတွေကအချိန်တိုင်းအတွက် ခြေခြေမြစ်မြစ်ရှိတယ်ထင်ခဲ့ရာက ခုချိန်မှာ အဲဒီမူဝါဒတွေနဲ့တင် မလုံလောက်တော့လို့ နှိုင်းယှဉ်ပြောလာကြပါတယ်။

ပထမဆုံး ကမ္ဘာ့နိုင်ငံတွေ ကိုဗစ်ကို တုံ့ပြန်ပုံက လော့ဒေါင်းလည်း ခဏပါ၊ စီးပွားရေးပိတ်ချလိုက်ရလည်း ခဏပါ၊ အသွားအလာတွေ ပိတ်ချလိုက်လည်း ခဏပါလို့ပဲ တွေးကြပါတယ်။ ဒိန်းမတ် အလုပ်သမားရေးရာဝန်ကြီးက ကျွန်တော်တို့ စီးပွားရေးကို ခဏ ရပ်ထားဖို့ကြိုးစားနေတာပါလို့ မတ်လတုန်းက ပြောပါတယ်။ တကယ်က အတွေ့အကြုံတွေပေးတဲ့ သင်ခန်းစာအရဆိုရင် သဘာဝကပ်ဘေးပြီးတဲ့နောက်မှာတောင် ရပ်သွားတဲ့ စီးပွားရေးကို ချမ်းသာတဲ့တိုင်းပြည်တွေတောင် မြန်မြန်ပြန်ဖွင့်မရတတ်ပါဘူး။ ကထရီနာ ဟာရီကိန်းမုန်တိုင်းတုန်းက အလုပ်လက်မဲ့နှုန်းက ၆ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းထိ ထောင်တက်သွားပါတယ်။ နောက်နှစ် ၂၀ဝ၆ ဖေဖော်ဝါရီထိ ၆ ရာခိုင်နှုန်း ဆက်လက်ကျဆင်းနေခဲ့ပါတယ်။ တကယ်တော့ဒီကိုဗစ်ကပ်ဘေးကို အတိုဆုံးကပ်ဘေး ဖြစ်မယ်လို့ ထင်ကြပုံပါ။ ဒါပေမယ့် နိုင်ငံများစွာမှာ စံချိန်ချိုးပြီး စီးပွားပျက်သွားတယ်လို့ ဆိုပါတယ်။

ကထရီနာလို သဘာဝကပ်ဘေးကြောင့် ပျက်စီးရတာနဲ့ ကိုဗစ်ကပ်ဘေးကြောင့် ပျက်စီးတာက မတူသလို၊ စီးပွားရေးမှာလည်း ပိုကောင်းရာဆီ ထွက်ပြေးမသွားပါဘူး။ ခုတော့ စီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်း၊ ထွက်ပြေး၊ ဒေဝါလီခံ၊ စုံနေအောင်ကြားရတဲ့ အကျဘက် အဆိုးဘက်စီးပွားရေးမျက်နှာစာကို တွေ့လာရပါတယ်။ ကိုဗစ်က ဆက်လက်ပျံ့နှံ့တယ်။ တစ်နေ့တခြား ပိုးတွေ့နှုန်းက စံချိန်ချိုးလာတယ်။ ပြင်သစ်၊ စပိန်။ အင်္ဂလန်တို့ ဒုတိယလှိုင်းကူးစက်မှု ခံခဲ့ရတယ်။ အိန္ဒိယဆိုရင် တစ်ရက် ပိုးတွေ့နှုန်းက သိန်းချီရှိတယ်ထိ ကြားလာရတယ်။ ဆင်းရဲတဲ့နိုင်ငံလည်းထိခိုက်တာပါပဲ။ ၂၀၂၁ ဆိုရင် ကာကွယ်ဆေးရမယ်ဆိုတဲ့ မျှော်လင့်ချက်ရောင်ခြည် ရှိနေပေမယ့် အာမမခံနိုင်သေးတဲ့ အနေအထားပါ။ လာမယ့်နှစ်တွေမှာ Social Distancing လို့ ခေါ်တဲ့ ခပ်ခွာခွာနေရင်း စီးပွားရေးတွေ ပြန်ဖွင့်လာဖို့ကြိုးစားလာကြပါတယ်။ ဒါပေမယ့် တတိယလှိုင်းက တချို့သောနိုင်ငံများမှာ ဖြစ်လာတယ်လို့ဆိုပါတယ်။

ကိုဗစ်ကြောင့် ကုန်သွယ်ရေး၊ နည်းပညာ၊ ဘဏ္ဍာရေး၊ စီးပွားရေးမူဝါဒတွေ အရှိန်နဲ့ ပြောင်းလဲလာပါလိမ့်မယ်။ ကိုဗစ်ကပ်ဘေးမတိုင်ခင်က အခြေအနေကတော့ ၂၁ ရာစုရဲ့ အကြီးဆုံးသော ရှော့ကြီးသုံးပါးနဲ့ သွင်းခံနေရတယ် ဆိုနိုင်ပါတယ်။ ပထမတစ်ခုက တရုတ်ကို ကမ္ဘာ့ကုန်သွယ်ရေးစနစ်ထဲ ဆွဲသွင်းခြင်း၊ ဒုတိယတစ်ခုက ဘဏ္ဍာရေးအကြပ်အတည်းကာလ၊ တတိယတစ်ခုက ဒစ်ဂျစ်တယ်စီးပွားရေးတို့ ပေါ်ထွက်ခြင်းပဲ ဖြစ်ပါတယ်။ တရုတ်အလုပ်သမားတွေက ကျေးလက်ဆင်းရဲမွဲတေမှုကနေ မြို့ပြစက်ရုံတွေဆီ ထွက်သွားတဲ့အခါ ကမ္ဘာမှာ ဈေးပေါတဲ့ကုန်စည်တွေ အနောက်တိုင်းကို လှိမ့်ဝင်သွားပါတယ်။ ဘဏ္ဍာရေး ပိုင်ဆိုင်မှုတွေက အရှေ့ရောက်ကုန်ပါတယ်။ ဒီကနေ အရှေ့မှာ ငွေကြေးဖောင်းပွမှုနည်းလာတယ်၊ အတိုးနှုန်း နည်းလာတယ်၊ ချမ်းသာတဲ့ကမ္ဘာကြီးမှာ ကုန်ထုတ်ရေးဆိုင်ရာ အလုပ်အကိုင်တွေ ပျောက်ဆုံးလာပါတယ်။

ဘဏ္ဍာရေး အကျပ်အတည်းဟာ ဝယ်လိုအားကို ပြိုကျသွားစေပြီး၊ ဒီကနေ အတိုးနှုန်းကိုပါနက်နက်ရှိုင်းရှိုင်း လာထိပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်း တုန့်ဆိုင်းသွားပါတယ်။ နည်းပညာတွေပေါက်ကွဲ ပေါ်ထွက်တော့ ယှဉ်ပြိုင်မှုတွေကျဆင်းလာစေသလို၊ ကော်ပရိတ် အမြတ်ကိုပါ ထိလာပါတယ်။

ကိုဗစ်ဟာ စတုတ္ထမြောက် ကြီးမားတဲ့ရှော့ဖြစ်ပါတယ်။ စုဆောင်းမှုတွေကို နှစ်များကြာအောင်ပြန်လုပ်ယူရဦးမယ်။ အတိုးနှုန်းနိမ့်တာ၊ အတိုးနှုန်းမပါတာတွေက ရေရှည်နိုင်ပါတယ်။ ပစ္စည်းပိုင်ဆိုင်မှု တန်ဖိုးကတော့ ဆက်တက်နေနိုင်ပါတယ်။ ကုမ္ပဏီတွေက ဆပ်ပလိုင်းချိန်းမှာ အပြန့်ကျယ်လာတတ်တဲ့၊ ပြိုကွဲလွယ်တဲ့ အန္တရာယ်ကို ပိုမိုသတိထားလာပါလိမ့်မယ်။ ကိုဗစ်က ပြည်ပထွက်နေတဲ့ ကုမ္ပဏီတွေကို မိခင်တိုင်းပြည် ပြန်လာစေနိုင်ပါသလို၊ ဆပ်ပလိုင်းယာလို့ (Suppliers) ခေါ်တဲ့ တစ်ဆင့်ခံ လက်ခွဲအပ်တဲ့ ကုမ္ပဏီငယ်ပေါင်းများစွာလည်း ဖြစ်လာနိုင်ပါတယ်။ နောက်တစ်ချက်က ကိုဗစ်က အရာရာကို ဒစ်ဂျစ်တယ်လိုင်းဇေးရှင်းဖြစ်အောင် လုပ်ရာမှာ ပိုမြန်သွားစေနိုင်ပါတယ်။ စားသုံးသူကလည်း ရုပ်ပိုင်းဆိုင်ရာထိတွေ့ဝယ်ယူမှု ဆိုတာထက် အီး ကုန်သွယ်ရေးဘက် များစွာပြောင်းသွားပါတယ်။ ကျန်းမာရေးနဲ့ပညာရေးတွေ အွန်လိုင်းပေါ်ရောက်သွားပြီး အသားကျသွားပါလိမ့်မယ်။ ကုမ္ပဏီတွေဟာ အဝေးရောက်အလုပ်ခွင်တွေနဲ့ အံ့ဩလောက်စရာ အရှိန်နဲ့ ပြီးမြောက်လာတဲ့အပေါ် နေသားကျလာပါမယ်။ နည်းပညာနယ်ပယ် ရင်းနှီးမြှုပ်နှံမှုက တစ်လှမ်းတိုးလာပါလိမ့်မယ်။

ကိုဗစ်ကပ်ဘေးက နိုင်ငံရေး၊ ပထဝီနိုင်ငံရေးနဲ့ စီးပွားရေးတို့မှာ အလှည့်အပြောင်း အမှတ်
တစ်ခုကို ရောက်သွားစေပါတယ်။ ၂၀၂၀ ခုနှစ်မှ ပိုမိုပြင်းထန်သော ဆူပါပါဝါယှဉ်ပြိုင်မှုခေတ်တစ်ခေတ်ကို ဖြစ်စေနိုင်ပါတယ်။ ကိုဗစ်ကြောင့် ယခင်က တင်းမာနေတဲ့ တရုတ်-အမေရိကန် နှစ်နိုင်ငံဟာ ပိုမိုတင်းမာလာသလို၊ ကမ္ဘာ့ရေးရာမှာလည်း တရုတ်အတွက် မျက်နှာပျက်စရာ များလာပါတယ်။ ကုန်သွယ်ရေးအငြင်းပွားမှုဟာ ပိုမိုကျယ်ပြန့်လာတဲ့ နှစ်နိုင်ငံကြားကစစ်ပွဲရဲ့ တစ်စိတ်တစ်ဒေသလို့ ဆိုရပါမယ်။ အမေရိကန်ဘက်က တရုတ်ရဲ့ 5G အင်တာနက်ကွန်ရက်ကို ငြင်းဆန်နေဖို့ တစ်ကမ္ဘာလုံးကို လော်ဘီလုပ်ပြောနေပါတယ်။ အမေရိကန်မှာရှိတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းလာပါတယ်။ တရုတ်-အမေရိကန်ဟာ ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး ပိုဝေးကွာ အစွန်းတွေဆီ ရောက်ကုန်ပါတယ်။

ချမ်းသာတဲ့ ကမ္ဘာ့နိုင်ငံတွေအတွက်ကတော့ ကိုဗစ်ကပ်ဘေးက လက်ရှိအခြေအနေလေးကို လာစိန်ခေါ်တာ ခံလိုက်ရတာပါပဲ။ ဘဏ္ဍာရေးအကျပ်အတည်းဆို ဝေါစထရိ အပြစ်တင်သလို၊ ခုဟာ ဝေါစထရိကြောင့်လည်း မဟုတ်ပါဘူး။ ဒီတော့ မေးခွန်းက လက်ရှိနိုင်ငံရေးက အလုပ်ဖြစ်ရဲ့လား၊ အဆင်ပြေပါ့မလား၊ ခေတ်နောက်ပြန်ကြည့်တဲ့ လူပြိန်းကြိုက်ဝါဒ နောက်တစ်ကျော့ကို ပုံစံပြောင်းလာပြီး စိတ်ညစ်စရာတို့နဲ့ အဆုံးသတ်ပျက်စီးသွားနိုင်သလား။ ဘယ်လိုအပြောင်းအလဲလိုအပ်သလဲဆိုတာက ကိုဗစ်ကပ်ဘေးကနေ ပေါ်ထွက်နိုင်ခြေရှိတဲ့ အဓိကကျတဲ့ စီးပွားရေးဆိုင်ရာပြောင်းလဲမှုကို ဘယ်လို နားလည်သလဲဆိုတဲ့ အပေါ်မူတည်သွားပါတယ်။

Ref:economist