ကိုဗစ်ကပ်ဘေးလွန်သော်

0
114

သက်ဆွေအေး ရေးသည်။

ကမ္ဘာ့ရေးရာတွေမှာ ဟောပြောတာနာမည်ကြီးတဲ့ ဟားဗတ်တက္ကသိုလ်က ဒေါက်တာဘွဲ့ရတစ်ယောက်ဖြစ်သူ၊ ကမ္ဘာလုံးဆိုင်ရာ အမြင်တွေကို ယခင်က တိုင်းမဂ္ဂဇင်း၊ နယူးစ်ဝိခ်မဂ္ဂဇင်းတို့မှာ ရေးသားခဲ့သလို၊ ယခုအခါ CNN မှာ အခန်းကဏ္ဍတစ်ခုယူပြီး ကမ္ဘာလုံးဆိုင်ရာ အမြင်များကို ဘက်မလိုက်ဘဲ တင်ဆက်နေသူ ဖြစ်တဲ့ Fareed Zakaria ရဲ့ စာအုပ်အသစ် ထွက်လာပါတယ်။

စာအုပ်နာမည်က Ten lessons for a postpandemic world လို့ပေးထားပြီး မကောင်းတာတွေပဲ ဖြစ်လာမယ်လို့ မပြောဘဲ ကောင်းတဲ့ဘက်ပေါင်းစုံကပါ ထင်သာ မြင်သာအောင်အစိုးရတွေ၊ နိုင်ငံတွေ၊ လူထုတွေမှာ ဖြစ်ပျက်လာမယ့် အနေအထားတွေကို မှန်းဆ ရေးသားထားလို့ ဖတ်ထိုက်တဲ့ စာအုပ်ကောင်းတစ်အုပ်လို့ ဆိုနိုင်ပါတယ်။

ဒီစာအုပ်အပေါ် နယူးယောက်တိုင်းမ်သတင်းစာက ဝေဖန်ချက်ကို အရင်ဆုံး တစ်ချက်ကြည့်ရအောင်ပါ။

ဒီစာအုပ်မှာ ကိုဗစ်ကာလရဲ့ နေ့စဉ် ကိစ္စတွေကို ကျော်လွှားပြီး၊ နောင်ကာလမှာ ဖြစ်လာနိုင်တဲ့စီးပွားရေး၊ အုပ်ချုပ်ရေး၊ ယဉ်ကျေးမှုတွေကို ဇောင်းပေး ရှင်းပြထားပါတယ်။ သမိုင်းမှာလည်း ဒီလို ကပ်ဘေးတွေ ဖြစ်ခဲ့ပါတယ်။ ဒီလိုကြီးကျယ်တဲ့ ကပ်ဘေးတစ်ခုဟာဆိုရင် စပိန်တုပ်ကွေးရောဂါဖြစ်ပြီး၊ သန်း ၅၀ လောက်တောင်သေဆုံးခဲ့ရတယ် ဆိုပါတယ်။

ဒီလိုကြီးကျယ်တဲ့ ဖြစ်ရပ်တွေကို သူက seismic effects ငလျင်လှုပ်သလို သက်ရောက်မှုလို့ ခေါ်ပါတယ်။ ရှေးခေတ် အေသင်တွေဆိုရင် သူတို့ ဒီမိုကရေစီကို ဂုဏ်ယူဝံ့ကြွားနေချိန်မှာပလိပ်ရောဂါ ဖြစ်ပျက်ခဲ့လို့ နာလန်မထူနိုင်အောင် ဖြစ်ခဲ့ရပါတယ်။ အလယ်ခေတ် (၁၃၄၆-၁၃၅၃)လောက်မှာ ဖြစ်ခဲ့ပြီး လူသန်းပေါင်း ၇၅ သန်းကနေ သန်း ၂၀ဝ ထိ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ စပိန်တုပ်ကွေး ဖြစ်လာချိန်မှာတော့ အမေရိကန်မှာ သေဆုံးနှုန်း တအားများခဲ့သလို၊ စီးပွားရေးကျဆင်းမှုဟာ ၃.၅ ရာခိုင်နှုန်းထိ ကျဆင်းခဲ့ပါတယ်။

ဒီအတိတ်က သင်ခန်းစာတွေဟာ ဝေ၀ါးနေသလို၊ ရှင်းလင်းပြတ်သားတဲ့ အကြံဉာဏ်လည်း မရပါဘူး။ ဒီကနေ သိပ္ပံပညာမှာ ရလိုက်တာနည်းနည်းပဲ ရလိုက်တာပါ။ အစိုးရတွေကလည်း ငွေ မသုံးဖို့လောက်သာ အဲဒီခေတ်က သိပြီး၊ ခုအခါမှာတော့ ထရီလျံချီပြီး ကိုဗစ်အတွက် ပုံအောသုံးလာကြပါတယ်။ ဒါက ထူးခြားချက်ပါ။ မရေရာတဲ့ အသေးစိတ်ပြောလာနေကြတဲ့ ခြိမ်းခြောက်မှုတွေရှိနေပေမယ့် ကျွန်တော်တို့ကမ္ဘာဟာ နဂို အနေအထားကို ပြန်ရောက်နိုင်တဲ့ ကမ္ဘာလို့ဆိုပါတယ်။

နိုင်ငံတွေဟာ ဒီလိုကျဉ်းထဲကြပ်ထဲ၊ ဒုက္ခပင်လယ်ဝေရာကနေ အားအင်တွေ ပြန်ရလာမယ်လို့ဆိုပါတယ်။ ကိုဗစ်မှာ တရုတ်လို အာဏာရှင်နိုင်ငံတွေက ဒီမိုကရေစီအစိုးရတွေထက် ပိုကောင်းအောင် ဆောင်ရွက်လာနိုင်တာလည်း သူက ပြောထားပါတယ်။ ဒါပေမယ့် အာဏာရှင်တိုင်းတော့ ကိုဗစ်ကို ကိုင်တွယ်ရာမှာ ကောင်းသွားတာတော့ မဟုတ်ပါဘူး။ အီရန်နဲ့ တူရကီ၊ ဘရာဇီးတို့မှာဆိုရင် အတော် ဆိုးဝါးသွားခဲ့ပါတယ်လို့ ဆိုပါတယ်။

ဒီမိုကရေစီနိုင်ငံလား၊ အာဏာရှင်စနစ်လားဆိုတဲ့ ရှင်းလင်းပြတ်သားတဲ့ ပုံစံလည်း မတွေ့ရပြန်ပါဘူး။ ဂျာမနီ၊ ဒိန်းမတ်၊ သြစတြေးလျတို့မှာတော့ အကောင်းဆုံးတွေ လုပ်နိုင်ခဲ့တယ်လို့ဆိုပေမယ့် နောက်ဆုံးဖြစ်စဉ်အရ မဟုတ်ပြန်သလိုပါပဲ။ အင်္ဂလန်၊ ဆွီဒင်၊ ဘယ်လဂျီယံတို့ကတော့ ကိုဗစ်ကိုင်တွယ်ပုံ ဆိုးတယ်လို့ပြောကြပါတယ်။ ထိုင်ဝမ်နဲ့ တောင်ကိုရီးယားတို့ကတော့ အလုံးစုံ ထိန်းချုပ်တဲ့ ဗျူဟာ မသုံးဘဲနဲ့ မြန်မြန် ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ အမေရိကန်ကတော့ သေနှုန်းများတဲ့ ကူးစက်နှုန်းများတဲ့ နိုင်ငံများစာရင်းထဲမှာ ပါဝင်နေခဲ့ပါတယ်။ အဲဒီတော့ ဘာတွေ သင်ခန်းစာယူမလဲ။

ခုကိုဗစ်ကပ်ဘေးဟာ နိုင်ငံတွေရဲ့ အယူအဆဆိုင်ရာ အသွေးအရောင်၊ နိုင်ငံအကြီးအသေးနဲ့မဆိုင်ဘဲ စွမ်းဆောင်ရည်ကသာ သိပ်အရေးကြီးသွားပါတယ်။ စွမ်းဆောင်ရည်ပြည့်ဝတဲ့ တကယ်အလုပ်ဖြစ်တဲ့ ယုံကြည်အားကိုးရတဲ့နိုင်ငံတွေသာ မထိခိုက်တာလို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံဆိုရင် ကိုဗစ်နဲ့ ပတ်သက်ပြီး စွမ်းဆောင်ရည် မရှိသလို အချင်းချင်းကြား အစေးကပ်မှုလည်း မဲ့သွားတယ်လို့ ဆိုပါတယ်။ ဂျာမနီဆိုရင် ရှုပ်ရှုပ်ထွေးထွေး ဖြစ်ပေမယ့် အဆင်ပြေနေဆဲလို့ယူဆနိုင်တယ်။

ဒီနေရာမှာ မေးစရာရှိလာတာက ကောင်းမွန်သော စီမံအုပ်ချုပ်မှု (Good Governance) ဆိုတာ ဘာများလဲ..။ စွမ်းဆောင်ရည် ပြည့်ဝသော ဗျူရိုကရေစီ (Efficient Bureaucracy)ဆိုတာက ပရပ်ရှားလိုလား၊ အမေရိကန်တွေရဲ့ စိတ်ထဲစွဲစွဲမြဲမြဲအမြစ်တွယ်နေတဲ့ လွတ်လပ်သော စိတ်လား။ အမေရိကန်တွေက မခံစားတတ်တော့တာလား..။ လူမှုလုံခြုံရေး အမြင့်ဆုံးအဆင့်ရှိပေမယ့် အငြိမ်းစားပြဿနာတက်နေတဲ့ နိုင်ငံပါ။ ဒီအချိန်မှာပဲ တရားဝင်ဖြစ်မှုကနေ နိုင်ငံတော်ဆန့်ကျင်ရေးသမားလို့ ယူဆရသူတွေက အရှိန်အဟုန်နဲ့ များများလာနေတယ်။ အမေရိကန်အတွက် လေ့လာသင်ယူထားရမှာက နိုင်ငံကြီးတာသေးတာ မဟုတ်ဘဲ ကောင်းမွန်တဲ့အုပ်ချုပ်ရေးဖြစ်ဖို့ပါ။ အမေရိကန်အနေနဲ့က တခြားသောရွေးချယ်စရာတွေကို ရွေးချယ်လာနေရင်းကစိတ်ပျက်လာနေရင်းက နောက်ဆုံး မှန်ကန်တာတွေ လုပ်လာနိုင်ဖို့ပါ။

စာရေးသူ ဇာကရီးယား ခင်းပေးတဲ့လမ်းက ကိုဗစ်ကပ်ဘေးကနေ အလုပ်မဖြစ် စွမ်းဆောင်ရည်မရှိတဲ့ အမေရိကကို ကောင်းမွန်တဲ့ အများထက်သာတဲ့ လမ်းတွေကို ချပြတာပါ။ လုပ်ရမယ့်စာရင်းက သိပ်များတယ်။ အပေါ်ဘက်ကို အတက်တွေမှန်သမျှ ကျဆင်းနေသလို၊ မညီမျှမှုတွေက ထောင်တက်လာနေတယ်။ မြောက်ဥရောပက အလေ့အထတွေကို အတုယူသင့်တယ်လို့ဆိုပါတယ်။ ဒိန်းမတ်ဆိုရင် တခြားသောဥရောပတိုင်းပြည်တွေနဲ့ နှိုင်းယှဉ်ရင် ခိုင်မာတဲ့နိုင်ငံဖြစ်လာတယ်။ စွမ်းဆောင်ရည်၊ ဈေးကွက်ဘောဂဗေဒနဲ့ ညီမျှမှုတွေမှာဆိုရင် အံ့သြစရာကောင်းလောက်အောင် ချိန်ခွင်လျှာ ထိန်းထားနိုင်တယ်။ အများက စိတ်ဝင်စားတဲ့ မော်ဒယ်နဲ့ဒိန်းမတ်တွေက ဆောင်ရွက်နေကြတယ်။

ကမ္ဘာ့ပြဿနာတိုင်းကို အမေရိကန်တွင်ပြုလုပ်သည်တော့ မဟုတ်ပါဘူး။ အလွန် အင်မတန်ခေတ်မီခြင်း ဆိုတဲ့ အပေါ်မှာလည်း မူတည်နေတာပါ။ အဲဒီခေါင်းစဉ်တွေကတော့ ဂလိုဘယ်လိုက်ဇေးရှင်း၊ အရာရာ အလိုလျောက်ဖြစ်စေခြင်း၊ သီးခြားဖြစ်အောင် ခွဲခြားသတ်မှတ်ခြင်း၊ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းနေထိုင်ကြခြင်း၊ ကမ္ဘာမြို့ကြီးတွေရဲ့ ဆွဲဆောင်မှုနဲ့ ကျဆင်းလာခြင်းဆိုတဲ့ အရင်းခံ အကြောင်းတွေရှိပါတယ်။ ဇာကရီးယားက ဒီနေရာမှာ စကားလှလှလေးတချို့ကို သုံးပြသွားတာ တွေ့ရပါတယ်။ လက်ဝဲ၊ လက်ယာတို့က ဖန်တီးထားတဲ့ သာမန်လူတန်းစားတွေက ခုခံလာတာ၊ သူသဘောကျတဲ့ လစ်ဘရယ်လူတန်းစားကိုလည်း အညှာမပေးဘဲ၊ အကောငး်ဆုံးပညာတတ်သူတွေ၊ လူချမ်းသာတွေရဲ့ လူတစ်စု ကောင်းစားရေးတွေ ဖြစ်လာတာကို ပြောသွားပါတယ်။ ဒီလူတန်းစားကပဲ မြို့ပြ၊ တောဘက်၊ ရေပေါ်ဆီလူအလွှာကြားရဲ့ ကွာဟချက်ကို ပိုကြီးမားလာအောင် သိမ်သိမ်မွေ့မွေ့လေး ဖန်တီးနေကြတာလို့ ဝေဖန်ပါတယ်။

စာအုပ်မှာ အခန်းပေါင်း ၁၀ ခန်းပါဝင်ပြီး၊ လင်းနို့ သက်ရောက်မှု (Bateffect ) ဆိုပြီး နိဒါန်းချီ ရေးသားထားပါတယ်။ အခန်း ၁ ကနေ စပြောရရင် (၁) မရေရာခြင်းအတွက် ပြင်ဆင်ထား၊(၂) အစိုးရတွေရဲ့ အရေအတွက်က အရေးမကြီးတော့ဘဲ၊ (၃) အရည်အသွေးသာ အရေးကြီးတယ်၊ (၄) ဈေးကွက်တွေ လိုအပ်ချက်ရှိလာ၊ (၅) လူတွေ ပညာရှင်ပြောတာနားထောင်သင့်သလို၊ ပညာရှင်တွေလည်း လူထုကို မျက်နှာမူပါ၊ (၆) ဘဝက ဒစ်ဂျစ်တယ်ဆန်လာခြင်း၊ (၇) အရစ္စတိုတယ်ပြောတဲ့ လူဆိုတာ လူမှုရေးသတ္တဝါဆိုတဲ့စကား မှန်လာတယ်၊ (၈) မညီမျှမှု ပိုမိုဆိုးဝါးလာမယ်၊ ဂလိုဘယ်လိုက်ဇေးရှင်းမသေသေးပါဘူး၊ (၉) ကမ္ဘာကြီး ဒွိ ဝင်ရိုး ပြန်ဖြစ်လာ၊ (၁၀) တစ်ခါတရံ အကြီးကျယ်ဆုံးသော လက်တွေ့ဝါဒီတွေက စိတ်ကူးယဉ်သမားတွေ ဖြစ်တတ်တယ်ဆိုတဲ့ အခနး်များ ခွဲခြားရေးသားထားပါတယ်။

စာအုပ်ထဲမှာ အဓိကပေးချင်တဲ့ မက်ဆေ့က သိပ်ကို ရုပ်ဆိုးတဲ့ ဒီကပ်ဘေးကြီးကနေ ကမ္ဘာသစ်အတွက် လမ်းဖွင့်ပေးလိုက်တယ်လို့ ဆိုပါတယ်။ များစွာသော ချမ်းသာတဲ့ လူ့အဖွဲ့အစည်းတွေက လူတိုင်းအတွက် အကျိုးရှိစေတဲ့ လူမှုပဋိညာဉ်ကို အလေးထားတာမရှိဘူး ဆိုပါတယ်။ ဒါကြောင့် ဆယ်စုနှစ်များစွာက နီယို လစ်ဘရယ်ဝါဒဟာ ရက်ဒစ်ကယ် (radical) ပြုပြင်ပြောင်းလဲမှု ဖြစ်လာဖို့ လိုလာတယ်ဆိုပါတယ်။ အစိုးရတွေက ဈေးကွက်ထဲမှာ ပိုမိုတက်ကြွတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာတာကို လက်ခံနိုင်ဖို့ လူတွေဘက်မှာ လိုအပ်လာပါမယ်။ ပြည်သူဝန်ဆောင်မှုတွေကို ရင်းနှီးမြှုပ်နှံမှုလို့ မြင်ဖို့ လိုပါမယ်။ ပြန်လည် ဖြန့်ဝေပေးတဲ့ သဘောတရားလည်း အစီစဉ်ထဲ ပါဝင်လာပါလိမ့်မယ်။ လူချမ်းသာတို့ရဲ့ ခိုလှုံရာကိုလည်း မေးစရာတွေ ဖြစ်လာနိုင်ပါတယ်။ ခုချိန်မှာ အရေးအကြီးဆုံးက အခြေခံဝင်ငွေနဲ့ ကြွယ်ဝမှုအပေါ်ကနေ ကောက်တဲ့ အခွန်တော်ငွေပဲ ဖြစ်တယ်။

ဇာကရီးယား စာအုပ်က အရင်းရှင်တွေဘက်ကပြောတဲ့၊ နေတဲ့သူတွေအတွက်တော့ သိပ်မကောင်းပါဘူး။

စာရေးသူကိုယ်တိုင်ကလည်း ကျွန်တော်တို့အပေါ် သက်ရောက်နေတဲ့ တော်လှန်ပြောင်းလဲတဲ့ အမြင်တွေ ဖြစ်ပါတယ်လို့ဆိုပါတယ်။ စကားတစ်လုံးနဲ့ ပြောရရင် zeitgeist ပါ။ ဆိုလိုတာကခေတ်တစ်ခုရဲ့ ယေဘုယျကျတဲ့ ယဉ်ကျေးမှု၊ ကျင့်ဝတ်၊ အသိပညာ ပတ်ဝန်းကျင်ကို ခေါ်တာပါ။နောက်ပြီး ဒါက အရှိတရားတစ်ခုလည်း ဖြစ်ပါတယ်။ ၁၉၈၀ လောက်ကတည်းက လွတ်လပ်ဈေးကွက်စီးပွားရေးဆိုတာ ကောင်းကောင်း အဆင်ပြေနေခဲ့တယ်ပေါ့။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့၂၀ဝ၈ ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်းက စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲကို ဖြစ်စေရာကနေ ကိုဗစ်-၁၉ က အရှိန်ဆက်တင်ပေးလိုက်သလိုဖြစ်သွားပါတယ်။ ကျွန်တော်တို့အားလုံး ဆိုရှယ်ဒီမိုကရက်တွေ ဖြစ်ကုန်ပါတယ်။

အနောက်တိုင်းက အစိုးရတွေလည်း စက်မှုလုပ်ငန်းဆိုင်ရာ မူဝါဒတွေကို ပြန်သုံးသပ်လာ၊ ငွေပုံအောသုံးလာသလို၊ ခြေခြေမြစ်မြစ် ပြောင်းလဲတဲ့ စီမံကိန်းတွေတော့ မဟုတ်သေးပေမယ့် သဘောတူညီချက် ရယူလာရတဲ့အဆင့်တွေ ရှိလာနေပါတယ်။ ပြန်လည်ဖြန့်ဝေပေးရတဲ့ အခွန်ကောက်ခြင်းဆိုတာကိုလည်း နယ်ခြားမျဉ်းတစ်လျှောက် တွေ့လာရနိုင်ပါတယ်။ ပြည်သူအတွက် အကောင်းဆုံးဖြစ်မယ့် အစိုးရဆိုတာ နယ်စပ်လုံလုံခြုံခြုံကာရံထားတဲ့ အတွင်းက လူတွေရဲ့ ပြိုင်ဆိုင်မှုတွေ၊ ထုတ်ကုန်တွေကို ဘရိတ်ထိန်းနိုင်တဲ့ အစိုးရမျိုးသာ ဖွံ့ဖြိုးစည်ပင်လာနိုင်စရာ ရှိပါတယ်။

နောက်ဆုံးအနေနဲ့ပြောရရင် ဒီသင်ခန်းစာ ၁၀ ခုလုံး လေ့လာသင့်ပါတယ်။ ဒါတွေက ကျွန်တော်တို့အခုရောက်နေတဲ့ ကမ္ဘာ့အခြေအနေအတွက် အမြော်အမြင်တွေ၊ ဆုံးဖြတ်စရာတွေ အသိပညာတွေပေးတဲ့ လမ်းညွှန်တစ်ခုလည်းဖြစ်ပါတယ်။ ကျနော်တို့ဟာ ပြည်တော်သာယာရေးဝါဒ (welfarism) ကို တစ်ဦးတစ်ယောက်ချင်းတာဝန်ခံမှုနဲ့ ပေါင်းစပ်နိုင်ရမှာပါ။

Ref:nytimes, ten lessons for a postpandemic world by fareed zakaria.