ကိုဗစ်ကပ်ဘေးအသာလေးဖြတ်ကျော်ဖို့ မုံရွာလူထုကပေးသော သင်ခန်းစာများ

0
6168

မိုးသက်အောင်(IR) ရေးသည်။

ဇီဝဗေဒပညာရပ်တွင် သြဇာတိက္ကမကြီးမားလှသော ချားလ်ဒါဝင်က မိမိရောက်ရှိနေသော ပတ်ဝန်းကျင်အနေအထားအား လိုက်လျောညီထွေရှိစွာ ပြောင်းလွယ်ပြင်လွယ်ရှိသော သတ္တဝါနှင့်အပင်များသည် လိုက်လျောညီထွေ နေနိုင်စွမ်းမရှိသည့် သတ္တဝါများနှင့် အပင်များထက် အသက်ရှင်နိုင်စွမ်းရှိသည်ဟုဆိုသည်။

The Survival of the Fittest ကို လိုက်လျောညီထွေအဖြစ်ဆုံး၏ အသက်ရှင်ရပ်တည်နိုင်မှုဘာသာပြန်သော် ရနိုင်မည်။ COVID-19 ရောဂါကို သယ်ဆောင်သည့် ကိုရိုနာဗိုင်းရပ်စ်သည်နှစ်သန်းပေါင်းများစွာကပင် လင်းနို့ပေါ်တွင်သာ အသက်ရှင်ရပ်တည်နိုင်သည်။

သို့သော် အစားကြူးသော တရုတ်တို့ အာဖရိကနှင့် အာရှတိုက်မှ တောရိုင်းသတ္တဝါများ ရောင်းဝယ်ဖောက်ကားရာတွင် လင်းနို့ကို စွပ်ပြုတ်လုပ်သောက်ရာမှလည်းကောင်း၊ ဝူဟန်သားရိုင်းတိရစ္ဆာန်ဈေးကွက်မှတစ်ဆင့် နီးစပ်နေသောလူများမှတစ်ဆင့် ကူးစက်ခဲ့ခြင်း ဖြစ်သည်။ ယခုတော့ ကိုရိုနာဗိုင်းရပ်စ်သည် လင်းနို့ထက်လူသားတို့နှင့်အတူ နေထိုင်တော့မည် ဖြစ်သည်။ ကိုဗစ်ကြောင့် ခရီးသွားလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ ရပ်တန့်လိုက်ရသဖြင့် တစ်ကမ္ဘာလုံးစီးပွားရေးကပ် ဆိုက်ရသည်။ အခက်အခဲမျိုးစုံကိုရင်ဆိုင်ရသည်။ ကိုရိုနာဗိုင်းရပ်စ်က လူသားခန္ဓာကိုယ်ပေါ်တွင် လိုက်လျောညီထွေ နေနိုင်ရန်အောင်မြင်နေချိန်တွင် ကျွန်တော်တို့ လူသားများမှာ ဒုက္ခပင်လယ်ဝေနေဆဲ။ ကိုဗစ်ကပေးသောအခြေအနေတွင် လိုက်လျောညီထွေနေနိုင်မှသာလျှင် အသက်ရှင်ရပ်တည်နိုင်မည့် နည်းလမ်းများကိုစောင့်ကြည့်လေ့လာနေစဉ် ပြည်တွင်းကူးစက်မှုဟုယူဆရသော ရခိုင်ကိုဗစ်က အားလုံးကို ချောက်ခြားစေခဲ့သည်။

သို့သော် ရခိုင်မှ ကိုဗစ်အတည်ပြုလူနာနှင့် လေယာဉ်အတူစီးလာမိ၍ သံသယလူနာအဖြစ်မုံရွာတွင် စောင့်ကြည့်ခံနေရသူအား Save Monywa က အခမဲ့ဈေးဝယ်ပေးခြင်းဖြင့် ပြန်လည်ကူညီမည်ဆိုသော သတင်းကို ကြားရသည်။ ကိုဗစ်ကာလတစ်လျှောက် မြန်မာပြည်တွင်းအထူးခြားဆုံး တုံ့ပြန်ဆောင်ရွက်သည်မှာ မုံရွာလူထုဖြစ်ပြီး၊ ယင်းတို့၏ တုံ့ပြန်မှုပုံသဏ္ဍာန်များကိုမတ်လမှ မေလနှောင်းပိုင်း (New Normal) ပေါ်လာသည့်အချိန်ပိုင်းထိ ကျွန်တော် စောင့်ကြည့်လေ့လာဖြစ်သည်။

အလေးမထားခြင်းနှင့် အကြောက်လွန်ခြင်းကြားက ကိုဗစ်အစ မုံရွာ

ကိုဗစ်ရောဂါ ကမ္ဘာတဝန်း ဒီရေကဲ့သို့ တိုးလာနေချိန်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက လူစုလူဝေးမလုပ်ရန် မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါအတည်ပြုလူနာ မပေါ်ခင်ထိအမိန့်ထုတ်ပြန်ထားသည်။ ထိုအချိန်တွင် ကိုဗစ်ဖြစ်ပွားနေသည့် နိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားများသည် မိမိနေရပ်သို့ ပြန်လာကြသည်။

လူစုလူဝေးမလုပ်ရန် အမိန့်ထုတ်ပြန်ထားသော်လည်း မုံရွာနားရှိ နာမည်ကြီး အလုံဘိုးဘိုးကြီးနတ်ပွဲမှာ လူတွေနှင့် ကြိတ်ကြိတ်တိုးနေဆဲ ဖြစ်သည်။ မြန်မာပြည်တွင် အတည်ပြုလူနာ မရှိသေးသည့်အတွက် ငါတို့နှင့် မဆိုင်ဟု ဆိုနိုင်သည်။ မတ် ၂၃ ရက် ပထမဦးဆုံး အတည်ပြုလူနာ တွေ့သည်အထိ မုံရွာသည် အသွားအလာမပျက်။ သို့သော် ဧည့်လမ်းညွှန် ကိုဗစ်လူနာက မုံရွာနှင့် ချင်းတွင်းမြစ်အနောက်ပိုင်းကို လည်ပတ်ခဲ့ကြောင်း သတင်းများထွက်ပေါ်လာသည့်အခါမှသာ အကြောက်ကြီးကြောက်ကြတော့သည်။

ရွာတွေမှ မုံရွာသို့တက်ကာ စားသောက်ကုန်များ ဝယ်ယူကြသည့်အတွက် မုံရွာလမ်းမများပေါ်တွင် စည်စည်ကားကား။ အကျိုးဆက်အားဖြင့် မုံရွာမြို့ပေါ် လက္ကားစားသောက်ကုန်ဆိုင်များတွင် ရောင်းစရာပြတ်သွားသည်အထိ မုံရွာတွင် တကယ်ကြောက်တော့လည်း အကြောက်လွန်ခဲ့ကြသည်။ ကြောက်ကြမှာပေါ့။ တစ်ကမ္ဘာလုံးအတုံးအရုန်း သေနေကြသည်ကိုး။ အတည်ပြုလူနာအမှတ် ၁ သည် အမေရိကန်ပြန်ဖြစ်သဖြင့် မုံရွာတဝိုက်ရှိ ရွာများတွင် ဝါးတားဂိတ်များ အလျှိုလျှိုပေါ်လာကြသည်။ ငွေချေးကုမ္ပဏီများနှင့် ထီသည်များကို ရွာသို့ ဝင်ခွင့်မပြုတော့။ ရွာမှ မြို့တက်ပြီးဈေးဝယ်သူများပင် ရွာအဝင်တွင် အပူချိန်တိုင်းခံရသည်။ လက်ဆေးပြီးမှ ရွာတွင်းသို့ ဝင်ရသည်။ ကြောက်မယ့် ကြောက်တော့လည်း ကိုယ့်ရွာကလူတောင် ရွာထဲကို အပူချိန်တိုင်းပြီးမှဝင်ရတော့သည်။ လူပင် ခြေချုပ်မိသည်မဟုတ်။ နှစ်စဉ်ကျင်းပနေကျ မအူနတ်ပွဲကိုလည်း မကျင်းပဖြစ်တော့ချေ။ ရေစင်သောက်ခွင့်ရှိသည်ကိုပါ ရွာထိပ်လမ်းကို ပိတ်လိုက်ခြင်းဖြင့် ရပ်ဆိုင်းလိုက်ကြသည်။ ကိုဗစ်ကြောင့် လူရောနတ်ပါ မပျော်ရတော့ချေ။ အကြောက်ကြီးပုံများ။

အလှူအမျိုးမျိုး လက်နဲ့မကွာ တို့မုံရွာ

မုံရွာလက္ကားဆိုင်များ ရောင်းစရာမရှိချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရက စားသောက်ဆိုင်များတွင် ပါဆယ်သာ ရောင်းချရန် အမိန့်ထုတ်သည်။ ပါဆယ်ဆိုတော့လည်း မုံရွာသည် ပါဆယ်ဝယ်ကာ မိမိတို့ မပစ်ပယ်နိုင်သောဆိုင်တွင် ထိုင်စားသည့် အကျင့်ကို ချိုးနှိမ်လိုက်ကြသည်။ အမိန့်ထုတ်ပြန်ပြီး မတ်လ ၂၈ တွင် မုံရွာမနက်ခင်းရှိဆိုင်ကယ်များတွင် ပါဆယ်အထုပ်ကလေးများကိုယ်စီနှင့် စည်းကမ်းရှိလိုက်ကြပြန်သည်။ ရင်တမမနှင့် မတ်လကုန်၊ ဧပြီလဆန်းတွင် မုံရွာရှိ စေတနာ့ဝန်ထမ်းစိတ်ဓာတ်ကို ဘွားခနဲ တွေ့ရတော့သည်။ မုံရွာအနောက်ဖက်ကမ်းမှ မြို့ပေါ်သို့လာသောဈေးသည်များ၊ ဈေးဝယ်များကို နှာခေါင်းစည်းများဝေခြင်းဖြစ်သည်။ နှာခေါင်းစည်းတပ်၍ အပြင်ထွက်ရမည်ဆိုသော အမိန့်ကို လိုက်နာရန်မှာနှာခေါင်းစည်းများက လွယ်လွယ်နှင့် ဝယ်မရသည့်အပြင် ဈေးလည်း အလွန်ကြီးသည်။ မဖြစ်မနေအပြင်ထွက်ရသော အလုပ်သမားတို့အတွက် နှာခေါင်းစည်းတပ်ရေးမှာ အဆင်မပြေချေ။ ထို့ပြင် မုံရွာအိမ်ခြံမြေလုပ်ငန်းရှင်များ စုပေါင်း၍ အလုပ်သမားများအတွက် နှာခေါင်းစည်းများ လှူကြသည်။ လှူတာမှ တစ်နေ့ကို အရေအတွက် ရှစ်ထောင်ခန့် လှူသည်။

ကိုဗစ်ဖြစ်သဖြင့် အကျိုးဆက်မှာ စီးပွားရေးလုပ်ငန်းများ ရပ်နားကြသဖြင့် အခြေခံလူတန်းစားများ စားဝတ်နေရေး ခက်ခဲသွားကြပြန်သည်။ လမ်းပေါ်တွင် နှာခေါင်းစည်းလှူရုံဖြင့် အားမရသော မုံရွာသည် အခြေခံလူတန်းစားများ၏စားဝတ်နေရေးကို အဆင်ပြေစေရေးအတွက်ဟင်းသီးဟင်းရွက် ၆ မျိုးကို အလကား အိမ်တိုင်ရာရောက် ဒီမိုကရေစီကို ကူညီကြသူများကွန်ယက် (HPD) က ဦးစိုးဝင်းဆွေ ဦးဆောင်ပြီး လှူကြသည်။ ၂၂ ရက်ခန့် တစ်ဆက်တစ်စပ်တည်း လှူနိုင်သည်မှာ အံ့မခန်းသောစေတနာ ဖြစ်သည်။ ၂၂ ရက်တွင်း အိမ်ပေါင်း ၂၂၀ဝ ကို ကူညီနိုင်ခဲ့သည်။ ယခုအလှူသည် နိုင်ငံတော်အစိုးရမှ အခြေခံလူတန်းစားအား ဆန်၊ ဆီအပါအဝင် အမယ် ၅ မျိုး လှူဖို့အရေးမှာ စာရင်းကောက်ရာ ပါသည့်လူလည်းပါ၊ မရသည့်သူလည်း မရ ဖြစ်နေသေးသည်။ HPD ကတော့ ကိုယ့်သဘောနှင့်ကိုယ် ကိုယ်နိုင်သလောက်နှင့် လှူတာက တော်တော်ခရီးရောက်သည်ဟု ဆိုရမည်ဖြစ်သည်။

လူဆိုသည်မှာ ဘယ်လောက် ချမ်းသာ၊ ချမ်းသာ အလကားဆိုလျှင် လိုချင်သည့် လောဘရှိကြသည်ချည်း ဖြစ်သည်။ သို့သော် ကိုယ့်ထက်အဆင်မပြေသည့်သူတွေ အစိုးရထံမှ အမယ် ၅ မျိုးအလှူကို မယူဘူးဟု ငြင်းလိုက်သည့် ရွာကလည်း ရှိသေးသည်။ မုံရွာမြို့အနောက်ဖက်၊ ယင်းမာပင်ရှိ မုံသွင်ရွာ ဖြစ်သည်။ မုံသွင် ရွာသူ၊ ရွာသားများက ကိုယ့်ထက်ကြပ်တည်းတဲ့သူတွေရှိလို့ သူတို့အတွက် အစိုးရပေးတဲ့ အထောက်အပံ့ကိုမယူတော့ဟု မုံသွင်ကျေးရွာအုပ်ချုပ်ရေးမှူးကပြောသည့်စကားကို ဖတ်ရသည့်အခါ ကျွန်တော်ကြက်သီးဖြန်းဖြန်းထသွားသည်။ လောကမှာအများအတွက် ကိုယ်ကျိုးစွန့်သောသူတွေ ရှိနေပါလားဆိုပြီး ကြည်နူးမိသည်။ မျက်ရည်ဝဲကာသာဓုခေါ်မိသည်။

မန္တလေးမှအစပြုသော Food Box ယဉ်ကျေးမှုသည် ကိုဗစ်ရင်ဆိုင်ရေးကာလာတွင် မုံရွာကိုမမီ။ မုံရွာတွင် အခြေခံလူတန်းစားများအတွက် ဆန်၊ ဆီ စသော အခြေခံစားသောက်ကုန်များကို Food Box တွင်ထားကာ အလကားဝေပေးသည်။ မိမိလိုအပ်သောအရာများ Food Box တွင် ကုန်သွားပါက လိုအပ်သည့်သူက လိပ်စာ၊ ဖုန်းနံပါတ်ပေးထားနိုင်ပြီး Food Box အဖွဲ့သားများက အိမ်တိုင်ရာရောက်ကူညီပေးသည်။ အလှူတွင် ရက်ရောလှသောမုံရွာသည် မုံရွာသူ၊ မုံရွာသားများအတွက်ပါ ဂရုစိုက်သည်မဟုတ် ဘုရားဖူးနည်းပါးသွားသဖြင့် စားရေးအခက်တွေ့နေသော ဖိုလ်ဝင်တောင်မှ မျောက်များအတွက်ပါ တစ်တပ်တစ်အား သွားလှူလိုက်ကြသေးသည်။

ရှိတာနဲ့ တုံ့ပြန်အဖြေရှာ တို့မုံရွာ

နှာခေါင်းစည်းများ ဈေးအဆမတန်ကြီးနေခြင်း၊ ကုန်ပစ္စည်းပြတ်လပ်နေခြင်းတို့ကြောင့် ဝယ်ယူရန် ခက်ခဲနေခြင်းတို့ကြောင့် အဝတ်ပိတ်စဖြင့်ချုပ်လုပ်သော ဒေသခံနှာခေါင်းစည်းချုပ်လုပ်ရန်စေတနာ့ဝန်ထမ်းများ လိုအပ်နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရက ဖိတ်ခေါ်သည်။ မုံရွာရှိ ဆည်ကြီးတောမှ ထိုအခက်အခဲကို ဖြေရှင်းလိုက်သည်။

ပိတ်စများဖြင့် ဆည်ကြီးတောရှိ အပ်ချုပ်စက်များကို အသုံးပြုပြီး ဒေသအတွက် လိုအပ်နေသော နှာခေါင်းစည်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုက်သည်။ ကိုဗစ်ကြောင့် ဆည်ကြီးတောစက်ချုပ်လုပ်ငန်းမှာ ရပ်နားထားရသည်မှာ ကြာပြီဖြစ်သည်။ အလုပ်သမားလည်း အလုပ်ရ၊ ဒေသအတွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ဆည်ကြီးတောမှ တစ်ရက်လျှင် နှာခေါင်းစည်း တစ်သောင်းခန့် ချုပ်လုပ်နိုင်သဖြင့် ဆည်ကြီးတောနှင့် လိုအပ်သော ဒေသများအတွက် နှာခေါင်းစည်းများပြဿနာ ပြေလည်သွားသည်။ ကျန်းမာရေးအသိရှိသော ဆည်ကြီးတောစက်ချုပ်လုပ်ငန်းသည် Social Distancing ကို နေရာငါးခုခွဲကာ ချုပ်စေခြင်းဖြင့် အလုပ်သမားများအတွက် ဘေးအန္တရာယ်ကိုပါ တစ်ပါတည်း လျှော့ချခဲ့သည်။

ထို့ပြင် MADE IN ဆည်ကြီးတော နှာခေါင်းစည်းများကို ရဲ၊ စည်ပင်၊ ထွေအုပ်နှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများက မုံရွာလမ်းများပေါ်တွင် နှာခေါင်းစည်းမတပ်ဘဲ သွားလာမောင်းနှင်နေသော ဆိုင်ကယ်စီးသူများကို အခမဲ့ဝေပေးပြီး ပညာပေးနိုင်ခဲ့သည်။

ကိုဗစ်ဖြစ်သည့်အချိန်တွင် မုံရွာတစ်မြို့လုံးအား ပိုးသတ်ဆေးဖြန်းသည့်လုပ်ငန်းအား မုံရွာမီးသတ်အဖွဲ့မှ မီးသတ်ကားများဖြင့် ဆောင်ရွက်သည်။ သို့ရာတွင် Save Monywa က အလိုအလျောက် ပိုးသတ်ဆေးဖြန်းစက် ဝယ်ပေးရန်ဝန်ကြီးချုပ်အား တိုက်တွန်းသည်။ ထိုအချိန်တွင်လိုအပ်သောပိုးသတ်ဆေးဖြန်းစက်ကို ချက်ချင်းဝယ်ယူရေးမှာ ထင်သလောက်မလွယ်ကူချေ။ ထိုအခက်အခဲအား မုံရွာနည်းပညာကျောင်းသား ၃ ယောက်က ယင်းတို့တီထွင်ထားသော ပိုးသတ်ဆေးဖြန်းစက်ကို စမ်းသပ်ပြသည်။ ထို့နောက် Save Monywa က ပိုက်ဆံစိုက်ပြီး အလိုအလျောက်ဆေးဖြန်းစက်ကို တီထွင်နိုင်ခဲ့သည်။

ဒါတင်မကသေးပါ။ မေလကုန်ခါနီးတွင် ဆည်ကြီးတောမှ PPE ဝတ်စုံများပါ ထုတ်လုပ်လာနိုင်ခဲ့သည်။ တရုတ်မှလာသော ဝတ်စုံများသည်တစ်စုံလျှင် သုံးသောင်းခန့် ရှိနေချိန်တွင် Made in ဆည်ကြီးတောက တစ်သောင်းခန့်သာ ကုန်ကျသည်။ ရှိတာ၊ ရတာနှင့် ဒေသအတွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သော တို့ဆည်ကြီးတောပါပေ။

ပြဿနာကို အခွင့်အလမ်းနှင့် တုံ့ပြန်တာ တို့မုံရွာ

ယခုလို ရောဂါကပ်ဘေးဆိုးကို ရင်ဆိုင်ရသည့်အချိန်တွင် ပြေးရန်မြေ မရှိပါချေ။ မိမိရင်းနှီးထားသော စီးပွားရေးလုပ်ငန်းများမှာ အခြေအနေမကောင်းပါချေ။ ထိုအချိန်တွင် အကောင်းမြင်ဖို့လိုအပ်သည်ဟု အောက်စဖိုဒ့်ဆရာတော်က အမြဲတိုက်တွန်းသည်ကို ကြားရနာရပါသည်။ သို့ရာတွင်ပါရမီနုသော ကျွန်တော်တို့အတွက် အကောင်းမြင်ရန်မှာ ကျင့်နိုင်ခဲလှပါသည်။ သို့သော် ပြဿနာကို အခွင့်အလမ်းအဖြစ် ပြောင်းလဲရှုမြင်ရန်လက်တွေ့ပြသလိုက်သူမှာ မုံရွာမှ သုံးဘီးမောင်းသူကိုကျော်ငြိမ်းနှင့် အလွတ်တန်းသတင်းထောက် ကိုမောင်လေးငယ်ငယ်ဖြစ်သည်။ မုံရွာဂေဇက်၏ ရုပ်သံသတင်းတွင် ဝိုင်းဝိုင်းလည်နေသော ဖောက်သည်များကြား ဂျုံလုံးများကို လက်ဝါးနှင့် တဖျပ်ဖျပ်ရိုက်ပြီး ပြောလိုက်သော စကားများက ကျွန်တော့်နားတွင် ပဲ့တင်နေသေးသည်။ “ဆိုက်တွဲတွေက ခုဆို ဆွဲမကောင်းတော့ဘူး။ အဲ့တော့အိမ်က သုံးဘီးကလည်း အားနေတယ်။ ဘာလုပ်ရမလဲ ဘာလုပ်ရမလဲဆိုပြီး ဒီမှာ (ကန်သာယာဈေး)မှာ လာစဉ်းစားတာ သုံးရက်လောက်ရှိတယ်။ နောက်တော့ ဘယ်သူမှ မလုပ်သေးတဲ့ နံပြားရောင်းမယ်”ဟု ကိုကျော်ငြိမ်းက အိုင်ဒီယာရကာ သူ့သုံးဘီးပေါ်တွင် နံပြားဖိုတင်ပြီး နံပြားရောင်းခြင်းဖြစ်သည်။ အလွတ်တန်းသတင်းထောက် ကိုမောင်လေးငယ်ငယ်က သူ့မိန်းမအွန်လိုင်းရှော့ပင်လုပ်ချင်တာကို ငြင်းပြီး သူတတ်ကျွမ်းသော ထပ်တရာ၊ ဆိတ်ကီးမား၊ ကြက်ကီးမားကို အိမ်တွင်ကြော်၍ အိမ်တိုင်ရာရောက် ပို့ခြင်းဖြင့် လိုအပ်နေသော ပါဆယ်ဆွဲ ယဉ်ကျေးမှုကပေးသော စီးပွားရေးအခွင့်အလမ်းကို ရယူလိုက်ပြန်ပါသည်။

ပြဿနာနှင့်တွေ့လျှင် စိတ်မညစ်ဘဲ အခွင့်အလမ်းအဖြစ်ပြောင်းနိုင်ရေးကို လက်တွေ့ပြသသွားသော ကိုကျော်ငြိမ်းနှင့် ကိုမောင်လေးငယ်ငယ်အား ကျွန်တော် အားကျနေဆဲဖြစ်ပါသည်။

ကိုဗစ်ကာလတွင် ပျံကျဈေးများမှာ လူထူထပ်လှသဖြင့် ဈေးသည်များကို ကန်သာယာသို့ပြောင်းရွှေ့ခိုင်းသည်။ ကန်သာယာတွင် ဈေးရောင်းနေသော ဈေးသည်များကို အင်တာဗျူးသောမုံရွာဂေဇက် ရုပ်သံသတင်းတွင် ဈေးသည်များက တညီတညွတ်တည်းပြောသည်မှာ ခုလောလောဆယ်တော့ ဈေးရောင်းမကောင်းဘူး။ အစပိုင်းပဲရှိသေးတယ်။ နောက်ပိုင်းကျတော့ ဈေးရောင်းကောင်းမှာပါဟု အကောင်းမြင်နေကြသည်။ နောက်ရက်ပိုင်း မုံရွာဂေဇက်ရုပ်သံတွင် ဈေးသည် တစ်ဦးကို တစ်နေ့လျှင် နှစ်သောင်းဖိုး အနည်းဆုံး ရောင်းရသည်တဲ့။ ဈေးကောက်လည်းမပေးရ၊ လေကောင်းလေသန့်လည်းရှုရနှင့် သူတို့ကိုကြည့်ရသည်မှာ ကိုဗစ်ကိုပဲ မေ့နေသလိုလို။ တကယ်တော့ အကောင်းမြင်တော့ ကောင်းတာတွေချည်း ကိုယ့်ဆီရောက်လာသည့်သဘောပင်။ အောက်စဖိုဒ့်ဆရာတော်၏ အကောင်းမြင်ရေးဝါဒအလုပ်ဖြစ်ပုံကို ကန်သာယာဈေးသည်များကသက်သေပြလိုက်ပြီဖြစ်သည်။

ကျွန်တော်၏ လေ့လာသုံးသပ်မှုကို နိဂုံးချုပ်ပါမည်။ မုံရွာလူထုနှင့် တွေ့ဆုံသော နိုင်ငံတော်၏အတိုင်ပင်ခံ အွန်လိုင်းဆွေးနွေးဝိုင်းတွင် အတိုင်ပင်ခံက “အားလုံးက မုံရွာကပြည်သူတွေလို စစ်ကိုင်းက ပြည်သူတွေလို လိမ္မာမယ်ဆိုရင် ကျွန်မတို့ ဒီ COVID-19 စိန်ခေါ်မှုကြီးကို ကျော်လွှားနိုင်မှာပါ”ဟု တစ်နိုင်ငံလုံးအား ဥပမာပြုသွားသည်။ ကျွန်တော်လေ့လာချက်များအရ ကိုဗစ်အစပိုင်းတွင် မုံရွာလူထုသည် အလေးမထားခြင်းနှင့် အကြောက်လွန်ခြင်းကြား အစွန်းနှစ်ဖက်လုံးကိုရောက်ခဲ့သော်လည်း တုံ့ပြန်ရာတွင် မိမိတွင်ရှိထားသည့် ရင်းမြစ်များကို အသုံးချကာ အများအတွက်အကျိုးပြုခြင်းဖြစ်သည်။ ကိုဗစ်အားခုခံရန် လိုအပ်သော နှာခေါင်းစည်းမှ အစ၊ အခြေခံစားသောက်ကုန်အဆုံး တက်တက်ကြွကြွ လှူကြခြင်းဖြစ်သည်။ အစိုးရပေးသောအထောက်အပံ့ကို လူတိုင်းလိုချင်၍ မရသောသူတို့ ဒေါသထွက်နေချိန်တွင် မုံသွင်ရွာက အဆင်မပြေတဲ့သူ ရကြပါစေဟူသောစေတနာက တစ်တိုင်းလုံးသာမက တစ်နိုင်ငံလုံးလွှမ်းသွားသည်။ နှာခေါင်းစည်းမတပ်သည့်အတွက်နိုင်ငံတော်အတိုင်ပင်ခံက နှာခေါင်းစည်းပြိုင်ပွဲမကျင်းပမီပင် ဆည်ကြီးတောရွာက ဒေသခံပိတ်စများကို အသုံးပြုသောနှာခေါင်းစည်းကိုထုတ်လုပ်ပြီး လမ်းသွားလမ်းလာများကို ပညာပေးပြီး ဝေငှနေပြီဖြစ်သည်။ အလိုအလျောက်ဆေးဖြန်းစက်ကို ကျောင်းသားများက တီထွင်နိုင်ခဲ့သလို ဆည်ကြီးတောမှပင် PPE ထုတ်လုပ်လာနိုင်သည်။ ဒါတင်မကသေး ကိုဗစ်ကာလတွင် စိတ်ဓာတ်ကျသူများသော်လည်း ကန်သာယာဈေးသည်များက အကောင်းမြင်ပြီး လုပ်စရာရှိတာလုပ်သည်။ သုံးဘီးမောင်းသူကိုကျော်ငြိမ်းနှင့်ကိုမောင်လေးငယ်ငယ်က စိန်ခေါ်မှုကို အခွင့်အလမ်းဖြစ် ပြောင်းလဲနိုင်သည်။ လူတိုင်းက ကိုဗစ်ရောဂါထိတွေ့နေခဲ့သူကို ကြောက်ရွံ့ကြသော်လည်း Save Monywa က ဈေးပင် ဝယ်ပေးလိုက်သေးသည်။ ဝေဖန်မနေ၊ အပြစ်မတင်နေ။ အသိစိတ်ဓာတ်ဖြင့်ကူညီကြခြင်းဖြစ်သည်။ ကိုဗစ်ကာလတွင် မုံရွာလူထုသည် ရက်ရောစွာ လှူဒါန်းခြင်း၊ တီထွင်ဖန်တီးနိုင်စွမ်းရှိခြင်းနှင့် အကောင်းမြင်စိတ်ရှိခြင်းတို့သည် မြန်မာတစ်ပြည်လုံးက ပြည်သူတွေအတွက် စံနမူနာပြ သင်ခန်းစာ ပေးသွားနိုင်ခဲ့သည်။ ထိုသင်ခန်းစာများဖြင့် ကျွန်တော်တို့သည် တွေ့ကြုံနေရသောအခက်အခဲများကို ကျော်လွှားနိုင်ကာနောက်ဆုံး ကျွန်တော်တို့ပဲ အောင်ပွဲဆင်နိုင်ပါလိမ့်မည်။

ထို့ကြောင့် ကျွန်တော်တို့သည် မုံရွာလူထုကပေးသော သင်ခန်းစာများကိုသာ ကျင့်သုံးပါက ကိုဗစ်ကပ်ဘေးအား ကျော်လွှားနိုင်မည်ဟု အခိုင်အမာယုံကြည်မိပါသည်။