ကိုဗစ်ကာလ မဲဆွယ်အခက်အခဲ

0
23

၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပါတီအသီးသီး အပြိုင်အဆိုင်မဲဆွယ်မှု စတင်နေသည်။ ယင်းနှင့်အပြိုင် ကိုဗစ်-၁၉ ကပ်ရောဂါဟာလည်း ပြည်တွင်းကူးစက်မှု တဟုန်ထိုး မြင့်တက်လျက်ရှိသည်။ ကပ်ရောဂါကြောင့် လူအကန့်အသတ်ဖြင့်သာ မဲဆွယ်မှုပြုလုပ်ရန်ရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားထားခြင်းအပြင် ပြည်သူများ၏ ရွေးကောက်ပွဲအပေါ် အာရုံစိုက်မှုနည်းခြင်းကလည်း ပါတီများအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်နေသည်။ ကိုဗစ်ကာလ မဲဆွယ်မှုအခက်အခဲများအား ပါတီအချို့မှအကြီးအကဲများနှင့် ကိုယ်စားလှယ်လောင်းများအား မေးမြန်းထားပါသည်။

ဦးမြင့်ကြည်
တိုင်းအတွင်းရေးမှူး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ။

မဲဆွယ်တဲ့အခါ ကော်မရှင်ရဲ့ ဥပဒေကိုပဲလိုက်နာရတယ်။ အခုကျတော့ ကျန်းမာရေးဝန်ကြီဌာနက ထုတ်ပြန်ချက်တွေကိုပါ လိုက်နာရတယ်။ စည်းကမ်းညီ၊ မညီကိုလည်း သေချာကြီးကြပ်ရတယ်။ အမှုမဲ့၊ အမှတ်မဲ့လုပ်မိရင် ရွေးကောက်ပွဲကိုနိုင်ရဲ့သားနဲ့ အရှုံးဖြစ်မှာလားဆိုပြီး အင်မတန်ခက်ခက်ခဲခဲဖြတ်သန်းနေရပါတယ်။ ခွဲခြားဆက်ဆံခံရတာတော့ တစ်ဖက်ကအမြင်ပါ။ လက်ရှိမှာတော့ တခြားပါတီတွေက အစိုးရပါတီဆိုတဲ့အမြင်နဲ့ပြောနေကြတာပါ။ စည်းမျဉ်းစည်းကမ်းနဲ့အညီဖြတ်သန်းနေပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲက တရားမျှတလိမ့်မယ်လို့ ထင်ပါတယ်။ ပြည်သူလူထုကို မဲဆွယ်စည်းရုံးပြောဆိုခွင့်တောင် မရှိသေးတာတောင် ပြည်သူတစ်ရပ်လုံးက သူတို့စိတ်ဆန္ဒနဲ့အညီ ထွက်လာကြတာပါ။ ဒါကို မှားတယ်ပြောမရပါဘူး။ လွတ်လပ်စွာပြောဆိုခွင့်ဆိုတာ ဒီမိုကရေစီရဲ့ရည်ရွယ်ချက်တွေပါပဲ။ နိုင်ငံသားမှန်သမျှက အာဏာရှင်စနစ်နဲ့ဖြတ်သန်းလာခဲ့ရတော့ တချို့ကိစ္စတွေမှာ အာဏာရှင်ပုံစံမြင်ပြီး အထင်လွဲကြတာပါ။

ဦးဝင်းဗိုလ်
ပြည်သူ့ရှေ့ဆောင်ပါတီ။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း(မုံရွာမဲဆန္ဒနယ်)

ရွေးကောက်ပွဲကာလ အခက်အခဲကတော့ ပါတီတိုင်းမှာရှိနေပါတယ်။ UEC က ထုတ်ပြန်ထားတဲ့ စီတန်းလှည့်လည်မှု၊ လူစုလူဝေးမလုပ်ရတာတွေရှိတယ်။ ရပ်ကွက်၊ ကျေးရွာတွေထိ မြေပြင်ကို တိုက်ရိုက်မဲဆွယ်သွားရတယ်။ ကျန်းမာရေးဝန်ကြီးဌာနက လူစုလူဝေးမလုပ်ရဘူးဆိုတဲ့ ထုတ်ပြန်ချက်ကတော့ အကြီးမားဆုံးအခက်အခဲပဲ။ ရွေး/ကော်က လူ ၅၀ ထက်မပိုရဘူးဆိုပေမယ့် တချို့ပါတီကြီးတွေက လူတွေအများကြီးနဲ့ စီတန်းလှည့်လည်နေကြတာတွေရှိတယ်။ သူတို့ကတော့ ဝန်းရံသူတွေလုပ်တာလို့ ပြောတယ်။ လွတ်လပ်တရားမျှတတဲ့ရွေးကောက်ပဲဖြစ်ဖို့တော့ UEC နဲ့ဆိုင်တာဖြစ်လို့ ယှဉ်ပြိုင်မှုကပဲ တရားမျှတဖို့လိုတာပါ။

ဦးမြင့်ကျော်
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ။ (နှင်းဆီပါတီ)

မဲဆွယ်တဲ့နေရာမှာ လူဦးရေကန့်သတ်ထားတော့ လွတ်လွတ်လပ် ဟောပြောလို့မရဘူး။ ကျွန်တော်တို့ပြောချင်တာတွေကို လက်ကမ်းစာစောင်တွေလုပ်ပြီး အိမ်တိုင်ရာရောက်လိုက်ဝေရတယ်။ ပါတီအချင်းချင်း တိုက်ခိုက်ကြတာမျိုးတော့ မရှိပါဘူး။ သမာသမတ်ကျတယ်၊ မကျဘူးဆိုတာတော့ အခုတော့တိုင်းတာလို့မရသေးဘူး။ ဘယ်သူတွေစည်းကမ်းဖောက်ဖျက်တယ်ဆိုတာလည်း သိကြပါတယ်။ ကျွန်တော်တို့ကတော့ ယှဉ်ပြိုင်ခြင်းကသာအဓိကပါ။

ဦးလှမြင့်
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ။

ကော်မရှင်ကရော၊ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်တွေမှာရော လူ ၅၀ ထက်မပိုရဘူးဆိုပြီး သတ်မှတ်ထားပေမယ့် တချို့ပါတီကျတော့ မြို့ထဲမှာလူပေါင်းရာနဲ့ချီ ကားတန်းတွေနဲ့ သွားလာနေကြတာရှိပါတယ်။ ဘာမှအရေးယူတာလဲမရှိဘူး။ အဲဒီတော့ ကော်မရှင်ရော၊ နိုင်ငံတော်ရော ဘက်လိုက်လွန်းတယ်လို့ထင်ပါတယ်။ ကျွန်တော်တို့မှာ ရွေးကောက်ပွဲဟောပြောတာလည်း မလုပ်ရတော့ ကျွန်တော်တို့ရဲ့ မူဝါဒလမ်းစဉ်တွေကို ချပြလို့မရဘူး။ မပြိုင်ဘဲနေရင်လည်း ရှုံးမှာပဲ။ ပြိုင်တော့လည်း ဒီပုံစံအတိုင်းဆို တဖက်စောင်းနင်းဖြစ်နေတယ်ဆိုတော့ မတရားဘူးလို့ ပြောချင်ပါတယ်။ ရက်ရွေ့ဖို့ တခြားပါတီတွေက တင်ပြပေမယ့်လည်း ကော်မရှင်က လက်မခံပါဘူး။ ဆက်လုပ်မှာပါလို့ပြောတယ်။ လာမယ့်ရွေးကောက်ပွဲက ဘယ်လိုမှလွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ပါဘူး။

ဦးအောင်နေမျိုး
တိုင်းအတွင်းရေးမှူး၊ ပြည်သူ့ပါတီ။

အဓိကတော့ ကိုယ့်ကြောင့်လူတွေကြားမှာ ရောဂါပိုးသယ်သလိုဖြစ်မှာစိုးလို့ မလုပ်ရဲမကိုင်ရဲဖြစ်နေတာက အဓိကအခက်အခဲပါ။ တချို့နေရာတွေမှာ အာဏာရပါတီက ပါတီဝတ်စုံဝတ်ထားတဲ့သူ တချို့က နယ်လှည့်စည်းရုံးရေးဆင်းနေတဲ့သူတွေကို လှောင်ပြောင်တာမျိုး၊ သူတို့ပါတီသီချင်းတွေ အကျယ်ကြီးဖွင့်ကြတာမျိုး ကြုံတယ်လို့ ပြောကြတယ်။ ဒီပုံစံအတိုင်းသွားမယ်ဆိုရင်တော့လာမယ့်ရွေးကောက်ပွဲက လွတ်လပ်တရားမျှတမှုမရှိနိုင်ဘူး။ တစ်ဖက်စောင်းနင်းဖြစ်နေတာတွေ့ရတယ်။

ကော်မရှင်နဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေကို အများဆုံးချိုးဖောက်နေတာလည်း အာဏာရပါတီပဲ။ ဒါတွေကို သတိပေးတာ၊ စိစစ်အရေးယူတာတွေလည်း မရှိခဲ့ဘူး။ ရွေးကောက်ပွဲရွေ့ရေး၊ မရွေ့ရေးကိုလည်း သေချာချင့်ချိန်ဆုံးဖြတ်သင့်ပြီ၊ မျက်နှာကြီးရာ ဟင်းဖတ်ပါပုံစံမျိုးမလုပ်သင့်ဘူး။ အဓိကတော့ ပြည်သူ့ကျန်းမာရေးကို အဓိကထားငဲ့ညှာရမှာပါ။ တစ်ရက်ထက်တစ်ရက် သေနှုန်း၊ ကူးစက်နှုန်းလည်းများလာတဲ့အတွက် ပြည်သူ့ကျန်းမာရေးကို အဓိကထားစေချင်ပါတယ်လို့ ကော်မရှင်ကို ပြောချင်ပါတယ်။

ဒေါက်တာမြင့်သိန်း (တိုင်းဥက္ကဋ္ဌ)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ။

အခုကာလမှာ အခက်အခဲတွေကတော့ အများကြီးပါ။ ဒါပေမယ့် ဥပဒေနဲ့အညီ မဲဆွယ်တာတွေရှိနေတယ်။ ကျွန်တော်တို့ပါတီမဲဆွယ်နေတဲ့အချိန် တခြားပါတီက နှောင့်ယှက်တာတွေလည်း ကြုံရတယ်။ ဟောပြောပွဲလုပ်နေရင် စည်းရုံးရေးကားတွေနဲ့ ပိတ်ထားတာတွေရှိတယ်။ ဒီအနေအထားအတိုင်းသွားမယ်ဆိုရင် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဘယ်လိုမှမဖြစ်နိုင်ဘူး။