ကိုဗစ်ကာလ မဲရုံစောင့်ရမယ့် ဆရာ၊ ဆရာမများ ရင်ဖွင့်သံ

0
176

၂၀၂၀ ရွေးကောက်ပွဲသည် တစ်ပြည်လုံးအတိုင်းအတာဖြင့် နိုဝင်ဘာ ၈ ရက်၌ ကျင်းပတော့မည် ဖြစ်သည်။ ရွေးကောက်ပွဲအတွက် မဲရုံများ စောင့်ရမည့် ဆရာ၊ ဆရာမများကိုလည်း တာဝန်ကျရာ ဒေသများသို့ အောက်တိုဘာလအတွင်း အရောက်ပြန်လာရန် ပညာရေးဝန်ကြီးဌာနမှလည်း ထုတ်ပြန်ထားသည်။ ကပ်ရောဂါကာလအတွင်း လူစုလူဝေးကြား မဲရုံစောင့်တာဝန်ထမ်းဆောင်ရမည့် ဆရာ၊ ဆရာမများက ၎င်းတို့၏ စိုးရိမ်သောကများကို မုံရွာဂေဇက်သို့ ယခုလို ရင်ဖွင့်ခဲ့ကြသည်။

ဦးဆန်းနိုင်
မူလတန်းကျောင်းအုပ်၊ မြောက်ကုန်းရွာ၊ အရာတော်မြို့နယ်၊ မြို့နယ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်။

မဲရုံစောင့်ရမယ့် အခက်အခဲကတော့ အဓိကကျွန်တော်တို့တာဝန်ထမ်းဆောင်ရမယ့်နေရာတွေက Quarantine Center ဖြစ်နေတယ်။ ထွက်နေတဲ့ တိုင်းခြား၊ မြို့နယ်ခြားတွေ သတ်မှတ်ထားတော့ ပိတ်ထားတဲ့မြို့နယ်တွေလည်းရှိတော့ အခက်အခဲရှိမှာပဲ။ တကယ်ရောဂါဖြစ်ပွားတဲ့ နေရာက ဆရာ၊ ဆရာမ တစ်ယောက်ပါလို့ ကျန်တဲ့သူတွေ ဖြစ်သွားရင် တော်တော်စိုးရိမ်ပါတယ်။ သင်တန်းပေးမယ့် စာသင်ခန်းတစ်ခန်းမှာ အယောက် ၂၀ ထားပေမယ့် Positive ဖြစ်ရင် ကူးဖို့များတယ်။ အဲဒီတော့ ကိုယ့်မြို့နယ်က ဆရာ၊ ဆရာမတွေနဲ့ပဲ လုပ်ချင်တာပေါ့။ တကယ်လို့ ရှိတဲ့ဆရာ၊ ဆရာမတွေနဲ့ မလောက်ရင် ပညာရေးဝန်ထမ်းမှမဟုတ်ပါဘူး။ တခြားဌာနကဝန်ထမ်းတွေကိုလည်း ကိုယ့်မြို့နယ်ကာကွယ်ရေးအတွက် ပူးပေါင်းပါဝင်သင့်တယ် ထင်တယ်။ တကယ်တော့ ဒီအလုပ်က ပညာရေးဝန်ထမ်းမှ လုပ်တတ်တာမဟုတ်ပါဘူး။ ခက်ခဲတဲ့လုပ်ငန်းမဟုတ်တော့ ဘွဲ့ရလောက်ဆိုရင်ကို ကူညီနိုင်မယ်ထင်တယ်။ ညွှန်ကြားချက်တွေကလည်း အထက်နဲ့အောက် တစ်ထပ်တည်းမကျတာ တွေ့နေရတယ်။

ဦးမင်းဇော်ဦး
အလယ်တန်းကျောင်းအုပ်၊ ဘုတ်ကုန်းရွာ၊ ကန့်ဘလူမြို့နယ်။

မြို့နယ်တူရင်တော့ ကိစ္စမရှိပေမယ့် တခြားမြို့နယ်ကလူဆိုရင်တော့ မဲရုံတာဝန်ကျတဲ့ဆီ သွားရမယ်ဆိုရင် အခက်အခဲတွေရှိမယ်။ ကိုယ်သွားမယ့်ဒေသက အခက်အခဲကတော့ ရောဂါတွေ့ထားတဲ့လူရှိမယ်ဆိုရင် အဆင်မပြေဘူး။ တချို့ကလေးငယ်ရှိတဲ့ ဆရာမတွေဆိုရင် ကလေးခေါ်လို့ အဆင်မပြေ။ ထားခဲ့လို့လည်း မရ ဖြစ်နေကြတယ်။ ကောင်းတာတော့ လက်ရှိရောက်နေတဲ့ မြို့နယ်မှာပဲ ဌာနချင်းချိတ်ဆက်ပြီး တာဝန်ပေးရင် အဆင်ပြေမယ်။ ဆိုင်ကယ်နဲ့သွားလို့ရတဲ့ ဒေသဆိုရင်တော်သေး၊ ကားတွေ ဆိုင်ကယ်တွေနဲ့ သွားရမယ့်သူဆိုရင် မလွယ်ဘူး။ မဲရုံစောင့်ဖို့ဆိုရင် မဲပေးမယ့်သူတွေ အများကြီးဖြစ်တဲ့အတွက် ခါတိုင်းနှစ်တွေနဲ့မတူဘဲ Safe ဖြစ်ဖို့တော့ အများကြီးပြင်ရမယ်။

ဦးသူဝေလွင်
ကသာမြို့နယ်၊ ပျဉ်ထောင်လေးရွာ၊ အ.ထ.ကခွဲ။

တစ်နိုင်ငံလုံးမှာရှိတဲ့ ဆရာ၊ ဆရာမတွေက ကိုယ့်နေရပ်ကနေတာဝန်ကျတဲ့ဆီ ပြန်ရမှာဖြစ်တဲ့အတွက် အဓိကတော့ လမ်းပန်းဆက်သွယ်ရေးပါ။ ကျန်းမာရေးထောက်ခံချက်တွေလည်း လိုမယ်။ အဓိကတော့ မဲရုံကို မဲလာပေးမယ့် ပြည်သူတစ်ယောက်ချင်းအတွက်ရော ဆရာ၊ ဆရာမတွေရဲ့ တစ်ဦးချင်း ကျန်းမာရေးလုံခြုံမှုအတွက် အစိုးရက ဘယ်လိုစီစဉ်ပေးတယ်။ ကာကွယ်ပေးတယ်ဆိုတာ တစ်လလောက်လိုတော့တဲ့အချိန်ထိ တိတိကျကျ အခုထိ မသိရသေးပါဘူး။ ကျွန်တော်တို့လို အေးချမ်းတဲ့ဒေသမှာ နေရတဲ့သူတွေတောင် ဒီလောက်စိုးရိမ်ရရင် ချင်း၊ ရခိုင်ပြည်နယ်တွေက ရောဂါဘေးရော၊ စစ်ဘေးရောဖြစ်နေတဲ့အချိန်မှာ အဆင်ပြေနိုင်ပါ့မလား။ ကျွန်တော်တို့ကြားတာ ရောဂါပြင်းထန်တဲ့ ရန်ကုန်တို့၊ မန္တလေးကလူတွေဆိုရင် ကိုယ်ရောက်တဲ့ နေရာမှာပဲ တာဝန်ထမ်းဆောင်ရမယ်ဆိုတာ အရမ်းအဆင်ပြေပါတယ်။ ကျွန်တော်တို့ဆိုရင် တန့်ဆည်ကနေ ကသာမြို့နယ်ကို သွားရမယ်ဆိုရင် ဖြတ်သွားရမယ့်လမ်းမှာရော၊ ကိုယ့်ဒေသ၊ သွားရမယ့်ဒေသမှာရော ပိုးတွေ့လူနာတွေ ရှိနေတယ်။ တကယ်လို့ ဆရာ၊ ဆရာမ အင်အားမလောက်ရင် ကိုယ်တာဝန်ကျတဲ့ ဒေသထိသွားရတာနဲ့စာရင် နီးစပ်ရာဒေသမှာတင် တာဝန်ထမ်းဆောင်ခိုင်းရင် ပိုကောင်းမယ်။

ဒေါ်ယဉ်ယဉ်ဌေး
မုံရွာမြို့ခံဆရာမ၊ ကလေးမြို့၊ ရာဇဂြိုလ်ရွာသို့ တာဝန်ထမ်းသွားရမည့်သူ။

မဲရုံစောင့်သွားဖို့ရာ ဆိုင်ကယ်နဲ့ကလည်း ဝေးတော့ အဆင်မပြေဘူး။ ကားနဲ့ငှားသွားဖို့ကျလည်း ကားခတွေက ဈေးကြီးပေမယ့် ငှားသွားရမယ်။ သက်ဆိုင်ရာမြို့နယ်တွေကို တာဝန်ထမ်းဆောင်ဖို့ ပညာရေးမှူးတွေကို အကြောင်းကြားတော့လည်း ခရိုင်ကိုမေးတော့ မြို့နယ်ကလုပ်တာ၊ မြို့နယ်ကိုမေးတော့ ခရိုင်ကလုပ်တာနဲ့ ပြောကြတယ်။ ကိုယ်ကကြားထဲက ဘာလုပ်ရမှန်းမသိဘူး။ ၅ ရက်နေ့ အရောက်သွားရမှာလို့ ကျောင်းအုပ်ဆရာမကြီးက ပြောတယ်။ အမြန်ယာဉ်စီစဉ်ပေးတယ် ပြောပေမယ့် အမြန်ယာဉ်က ကလေးဝထိတင်ဆိုတော့ အချိန်နဲ့ ကားနဲ့က အဆင်မပြေဘူး။ ကားတွေကလည်း ကလေးမြို့ထိကျတော့ မလိုက်ချင်ကြဘူး။ စိုးရိမ်စိတ်တွေဖျောက်ပြီး အလုပ်သဘောထားပြီး လုပ်ရမယ်။ အခုချိန်မှာတော့ မဲရုံစောင့်ရမယ့်အချိန် ရောဂါစိုးရိမ်မှုထက် လမ်းခရီးကိုပဲ စိုးရိမ်နေရတယ်။

အရာတော်မြို့နယ်မှ ဆရာမတစ်ဦး

ဟိုမှာနေရရင် တော်သေးတယ်။ အခုကျတော့ ကျောင်းပိတ်ထားတော့ အားလုံးက နယ်အိမ်ပြန်နေကြတာ။ အိမ်ကနေ လာကြမှာ။ လမ်းပန်းဆက်သွယ်ရေးတွေကလည်း ပိတ်ထားတယ်။ ဘာမှလည်း ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သေချာမသိသေးဘူး။ ရွေး/ကော်ကလည်း သူတို့ အစီအစဉ်ကို ချမပြသေးဘူး။ ဝန်ထမ်းဆိုတော့လည်း တာဝန်ကျေအောင် သွားရမှာပါ။ စိုးရိမ်ပူပန်မှုကတော့ အားလုံးမှာရှိကြမှာပါ။ အခုဟာက သွားရင်းလာရင်းတောင်မှ ဘယ်သူ့ဆီက ဘယ်လိုကူးမယ်လည်း မသိသေးဘူး။ မဲရုံစောင့်ဖို့ကတော့ ဝန်ထမ်းဆိုတော့ သူတို့တာဝန်ချပေးတဲ့အတိုင်းပဲ လုပ်ရမှာပေါ့။