ကိုဗစ်ကို ဘယ်လိုတိုက်ရမယ်

0
216

မုန်းကို ရေးသည်။

ဆောင်းလည်းဝင်လာပါပြီ။ ကိုဗစ်ကြီးကလည်း မပြီးသေး။ ပြီးခဲ့တဲ့နှစ်လလုံး ဖောင်ကြီးမှာ စေတနာ့ဝန်ထမ်းလုပ်ခဲ့ရတော့ ကိုဗစ်အကြောင်း ကောင်းကောင်းကို သိသွားတယ်။ သိကြတဲ့အတိုင်း ကိုဗစ်က တယ်မာယာများသကိုး။ ဒီတော့…ကျန်းမာရေးဝန်ထမ်းတွေခမျာ ရရာလက်နက်စွဲကိုင်ပြီး ရတဲ့နည်းနဲ့ တိုက်ရတယ်။ တစ်ယောက်က ကိုယ်တွေပူပြီး အဖျားကြီးတော့ ဆေးတစ်မျိုး။ တစ်ယောက်ဆို ချောင်းခြောက်တွေ အတင်းဆိုးနေတော့ ဆေးတစ်မျိုး၊ ဝမ်းတွေဆက်တိုက်လျှောနေတဲ့သူလည်းရှိသလို တစ်ကိုယ်လုံး အဖုအပိန့်တွေထပြီး ယားယံနေလို့ အိပ်မရသူတွေလည်း ရှိတယ်။ တချို့ကျတော့လည်း ဘာလက္ခဏာမှမပြဘဲ အေးအေးဆေးဆေး ပိုးကင်းစင်ပြီး ဆေးရုံက ဆင်းသွားတာလည်း ရှိတယ်။

ဒီလို ပုံစံမျိုးစုံ၊ လက္ခဏာမျိုးစုံနဲ့ ရောက်လာတတ်တဲ့ ကိုဗစ်ကို အတတ်နိုင်ဆုံးကတော့ မကူးစက်အောင် ကာကွယ်တတ်ဖို့ လိုပါတယ်။ မကူးစက်အောင် ဘယ်လိုကာကွယ်မလဲဆိုတာကတော့ ကျန်းမာရေးဝန်ကြီးဌာနရော တခြားမီဒီယာတွေကပါ ထပ်တလဲလဲ ထုတ်ပြန်ပြီးသားဖြစ်လို့မို့ အထူးပြောစရာလိုမယ် မထင်ပါဘူး။ ဒီတော့အကယ်၍ မတော်တဆပေါ့။ ကိုဗစ်များ ကိုယ့်ကို ကူးစက်လာပြီဆိုကြပါစို့ အဲဒီကိုဗစ်ကို ဘယ်လိုတိုက်ထုတ်မလဲ ဆိုတာလေးကို မျှဝေချင်ပါတယ်။

အိပ်ချိန်စားချိန်မှန်ပါစေ

လူဆိုတာ ကိုယ့်အကြောင်းကိုယ်ပဲ သိပါတယ်။ ကိုယ့်ကိုယ်ခံအားအခြေအနေနဲ့ ဘယ်လိုအနေအထားရှိတယ်ဆိုတာလည်း ကိုယ့်ကိုယ်ကိုယ်နည်းနည်းလောက် ဂရုစိုက်တတ်တဲ့ သူတိုင်း သိနိုင်တာချည်းပါပဲ။ ငါဘယ်လောက် အအေးခံလိုက်ရင် ခန္ဓာကိုယ်က ဘယ်လိုခံစားလာရတယ်။ အပူထဲ ဘယ်လောက်သွားလိုက်ရင် ခေါင်းမူးလာတတ်တယ်။ အစရှိသည်ဖြင့် ကိုယ့်ခံနိုင်ရည်အားကို ကိုယ်တိုင်သတိပြုမိသူ များပါတယ်။ ကိုဗစ်ကူးစက်ခံထားရပြီဆိုတာနဲ့ အဲဒီသတိကို အမြဲကပ်ထားရပါတော့မယ်။ ခန္ဓာကိုယ်ရဲ့ ခံနိုင်ရည်အား ကျဆင်းသွားစေမယ့် အပြုအမူတွေ ဘာမှ မလုပ်သင့်တော့ပါဘူး။ ဒါဟာ ကိုဗစ်ကိုခံနိုင်ရည်ရှိဖို့ အသက်တမျှအရေးကြီးပါတယ်။

ခန္ဓာကိုယ် ခံနိုင်ရည်အားဆိုတာနဲ့ အကြီးကြီးတွေ တွေးမနေပါနဲ့။ တကယ်က အိပ်ချိန်စားချိန်မှန်ဖို့ကို ဆိုလိုပါတယ်။ ဒါဟာအသေးအဖွဲ့ဆိုပေမယ့် ကိုဗစ်ကို အနိုင်တိုက်နေချိန်မှာတော့ အင်မတန်အရေးကြီးတယ်လို့ ပြောရမှာဖြစ်ပါတယ်။ ကိုဗစ်လူနာဟာ တစ်နေ့ကို ၈ နာရီအိပ်သင့်ပါတယ်။ မနက်စာ၊ နေ့လယ်စာနဲ့ ညစာစားချိန်ဟာ တစ်သမတ်တည်းရှိနိုင်လေ ကောင်းလေပါပဲ။ အဟာရဖြစ်စေမယ့်အစားအစာ ဗီတာမင်ကြွယ်ဝပြီး ကိုယ်ခံအားဖြစ်စေမယ့်အစားအစာတွေကို စနစ်တကျ တွက်ချက်စားသုံးနိုင်ရင် ပိုကောင်းပါတယ်။ ကိုဗစ်လူနာအများစုဟာ စိုးရိမ်လွန်တတ်ကြလို့ အိပ်မပျော်တဲ့ ဝေဒနာကိုလည်း ရင်ဆိုင်ရတတ်ပါတယ်။ ဒါကိုလည်း စနစ်တကျ ဖြတ်ကျော်ဖို့ လိုပါတယ်။ အဲဒါကြောင့် ကိုယ်ခံအားကောင်းနေဖို့ စားချိန်အိပ်ချိန် မှန်အောင်လုပ်ရင် ကိုဗစ်ကို တစ်ဝက်နိုင်ပြီလို့ ပြောလို့ရပါတယ်။

“လမ်းလျှောက်တာ၊
ရွရွပြေးတာစတဲ့
လေ့ကျင့်ခန်းတွေဟာလည်း
သွေးလည်ပတ်မှုမြန်စေပြီး
ရောဂါကာကွယ်နိုင်စွမ်းကို
မြှင့်တင်ပေးတာမို့ ကောင်းမွန်တဲ့
လေ့ကျင့်ခန်းတွေပါပဲ။”

ကိုယ်လက်လှုပ်ရှား အားကစားလုပ်ပါ။

ကိုဗစ်ဟာ ခန္ဓာကိုယ်ကနေ အမြန်ထွက်ခွာဖို့ မိမိခန္ဓာကိုယ်မှာ ကိုဗစ်ကို တိုက်ထုတ်နိုင်တဲ့ဓာတ်တွေ အမြန်ထွက်ဖို့လိုပါတယ်။ ဒါအတွက်ကတော့ ကိုယ်လက်လှုပ်ရှားအားကစား လုပ်ဖို့ပါပဲ။ အဲ …ကိုယ်လက်လှုပ်ရှားအားကစားဆိုလို့ ငါတို့ကအလေးမရမှာလား၊ ပြေးရမှာလားဆိုတဲ့ အပြင်းစားအားကစားတွေ အားကုန်အင်ကုန် လုပ်ကြဖို့မဟုတ်ပါဘူး။ ဒါက ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေ၊ ကြွက်သားတွေ၊ ခန္ဓာကိုယ် သွေးလည်ပတ်မှုနှုန်းတွေစနစ်ကျလာအောင် လုပ်ရမယ့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေသာ ဖြစ်ပါတယ်။ ပြည်ကဆရာမကြီးကတော့ ယိုဂတ်လို့ခေါ်တဲ့ ယောဂကစားတာကို အဓိကထားလုပ်ရင်း ကိုဗစ်ကိုအနိုင်တိုက်နိုင်ခဲ့ပါတယ်။ ယိုဂတ်ကို ဘယ်လိုကစားရသလဲဆိုတာလည်း ကျွန်တော် အသေးစိတ်ရေးပြထားဖူးပါတယ်။ ခက်ခက်ခဲခဲမဟုတ်ဘဲ အခြေခံလေ့ကျင့်ခန်းတွေ ကစားနေရင်ပဲ ကိုယ်လက်လှုပ်ရှား အားကစားဟာ အကျိုးသက်ရောက်မှု ရှိလာမှာပါ။

လမ်းလျှောက်တာ၊ ရွရွပြေးတာစတဲ့ လေ့ကျင့်ခန်းတွေဟာလည်း သွေးလည်ပတ်မှုမြန်စေပြီးရောဂါကာကွယ်နိုင်စွမ်းကို မြှင့်တင်ပေးတာမို့ ကောင်းမွန်တဲ့ လေ့ကျင့်ခန်းတွေပါပဲ။ ထိုက်ကျိချွမ်သိုင်းကစားခြင်းဟာလည်း ကိုဗစ်ကို ခုခံကာကွယ်ဖို့ နည်းလမ်းတစ်ခုပဲလို့ ပေကျင်းက သုတေသနပညာရှင်တွေက ဆိုပါတယ်။ ဒါကြောင့် ကိုဗစ်ဖြစ်ပြီဆိုပြီး အားကစားလုပ်တာ ရပ်မပစ်လိုက်ပါနဲ့။ မလုပ်တဲ့သူတွေတောင် စလုပ်သင့်တဲ့အရာပါ။

ညွှန်ကြားချက်အတိုင်းလိုက်နာပါ

ဒါကတော့ ကိုယ်တွေ့ကြုံရတာပါ။ ကျွန်တော်တို့ ဘော်လံတီယာတွေက ကိုဗစ်တိုက်ဖျက်ရေးအတွက် လျော်ညီတဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန်တဲ့အခါ လက်တွေ့လိုက်နာ ဆောင်ရွက်သူတွေဟာ ရောဂါကို မြန်မြန်တွန်းလှန်နိုင်တာကို တွေ့ရပါတယ်။ ဥပမာ ဒီဆေးကို ပမာဏ ဒီလောက် ဒီအချိန်မှာသောက်ရမယ်ဆိုရင် လိုက်နာလိုက်တာ အကောင်းဆုံးပါ။ မဟုတ်ရင် ကိုဗစ်ပိုးထွက်သွားဖို့ အချိန်ပိုကြာတတ်သလို ပိုပြီးလည်းဝေဒနာ ခံစားရပါတယ်။

ညွှန်ကြားချက်အတိုင်းလိုက်နာပါဆိုတာထက် မညွှန်ကြားတာတွေ မလုပ်ဖို့က ပိုအရေးကြီးပါတယ်။ တချို့ဆိုရင် ကိုဗစ်နိုင်ဆေးလျက်ဆားတွေ ဘာတွေ ယူလာပြီး လျက်ကြတာမျိုးတောင် ရှိပါတယ်။ ဒီအချိန်မှာတော့ လိုအပ်ချက်အရ တရားဝင်ညွှန်ကြားတဲ့ သောက်ဆေး ထိုးဆေးကလွဲပြီး ကျန်တဲ့ဆေးတေ​ွ ခဏရှောင်ထားဖို့ လိုပါလိမ့်မယ်။ တချို့ဆိုရင် သွေးတွေထိုးတက်နေတာတောင် အဆုတ်သန့် လျက်ဆားတွေ မှီဝဲလို့ တော်တော်ကုယူလိုက်ရတာတွေ ကြုံပါတယ်။ ဒါကြောင့် တတိယအချက် သတိထားရမှာက အနီးကပ်ရှိနေကြတဲ့ ကုသရေးစင်တာက ကျန်းမာရေးဝန်ထမ်းတွေရဲ့ ညွှန်ကြားချက်ကို လိုက်နာဖို့ပါပဲ။

ကိုဗစ်ကာကွယ်ဆေးရဖို့က အချိန်တွေ အများကြီး လိုအပ်ပါသေးတယ်။ ဒီကြားထဲမှာ ဒီအခြေအနေအတိုင်းဆိုရင် ကူးစက်မှုတွေက ပိုများလာဖို့ပဲရှိပါတယ်။ အခုအချိန်ဟာ ဒုတိယလှိုင်း နောက်ကတတိယလှိုင်း ဆက်ရိုက်ခတ်တဲ့အချိန်မို့ ကိုဗစ်ကူးစက်ခဲ့ရင် ဘယ်လိုတိုက်ရမလဲဆိုတဲ့ သင်ခန်းစာတွေကို ဆက်လက် ရေးသားပေးသွားပါဦးမယ်။ကျွန်တော်တို့မှာ ခွန်အားရှိဖို့ လိုနေပါတယ်။