ကိုဗစ်က ဘယ်နယ်ပယ်တွေ ထိခိုက်နေလဲ

0
39

ပြည်တွင်းမှာ ကိုဗစ်ကပ်ရောဂါကူးစက်မှုဟာ ရှစ်လကျော် ကြာမြင့်နေပါပြီ။ “ကိုဗစ်ကြောင့် ခင်များတို့အသိုင်းအဝိုင်း ဘာတွေထိခိုက်သွားသလဲ” ဆိုတဲ့မေးခွန်းကို မုံရွာဂေဇက်က ကျပန်းမေးမြန်းထားတာ ဖြစ်ပါတယ်။ နယ်ပယ်အားလုံး ထိခိုက်နစ်နာမှုများ ရှိနေပေမယ့် အဲဒီထဲကမှ အလွှာစုံမလွှမ်းခြုံနိုင်သော်လည်း လုပ်ငန်းရှင်အချို့ရဲ့အသံကိုသာ ကောက်နုတ်ဖော်ပြထားခြင်း ဖြစ်ပါတယ်။

ဦးသက်ခိုင်
Chindwin River စားသောက်ဆိုင်။

တစ်လကို ငှားခနဲ့ စရိတ်စကတွေနဲ့ဆိုရင် သိန်း ၅၀ လောက် နစ်နာတယ်။ ဌာနဆိုင်ရာတွေအနေနဲ့ကတော့ ဆိုင်ဖွင့်လို့ရတယ်။ ပါဆယ်ပဲရောင်းရတာဆိုတော့ ၉၉ ရာခိုင်နှုန်းက ဆိုင်ပိတ်ရတာပါပဲ။ လုပ်ငန်းရှင်ဘက်ကတော့ ပါဆယ်က မရောင်းရဘူး။ ဝန်ထမ်းတွေအနေနဲ့တော့ပြန်လို့ရတဲ့နေရာကဆို ပြန်ပေါ့။

ပြန်လို့မရရင် ဒီမှာနေကြတာပေါ့။ အခက်အခဲတွေကတော့ အနောက်ဘက်ဆိုင်က ပထမအသုတ်တုန်းက ကိုဗစ်ချေးငွေရတယ်။ မြို့ထဲဆိုင်ကတော့ တင်တာမရတော့ တစ်လ၊ တစ်လကို အိတ်စိုက်လုပ်ရတယ်။ ပြီးခဲ့တဲ့လကဆို ငှားခမပါ၊ စရိတ်မပါ။ သိန်း ၂၀ လောက် စိုက်ရတယ်။ အစိုးရအနေနဲ့တော့ ချေးငွေလေး မျှော်လင့်တာပေါ့။ ကျန်တာတော့ ကိုယ်တစ်ယောက်မဟုတ်ဘဲ အများဖြစ်နေတာဆိုတော့ မမျှော်လင့်ပါဘူး။ ကျွန်တော်တို့ရော၊ ဆိုင်ကဝန်ထမ်းတွေအတွက်ရော ချေးငွေထောက်ပံ့ကြေးလေးရရင် ကောင်းမှာပေါ့။

ဦးအောင်မြင့်
မီနီအိုးဝေမောင်းသူ။

ကျွန်တော်တို့မှာ ဈေးဦးမပေါက်တဲ့ရက်ကများတယ်။ ရှိတာလေးနဲ့ လောက်ငှအောင်စားဝတ်နေရေး ဖြေရှင်းနေရတယ်။ အရစ်ကျနဲ့ဝယ်ရတာဆိုတော့ တစ်လကို နှစ်သိန်းကျော်သွင်းရတာ အခုတော့ မသွင်းနိုင်တော့ဘူး။ အဲဒီလိုနဲ့ တစ်ပတ်ကိုနှစ်သောင်းပဲ ဈေးလျော့ပေးတယ်။ နောက်တော့တစ်ရက်ကို ၁၅၀ဝ သွင်းခိုင်းတယ်။ အဲဒီလိုသွင်းဖို့ကို တော်တော်ခက်ခဲတယ်။ တစ်ပတ်ကို ၃ ရက်၊ ၄ ရက်လောက်က ဈေးဦးမပေါက်ဘူး။ စားဝတ်နေရေးနဲ့ဆိုတော့ မသွင်းနိုင်တော့ တိုင်းအစိုးရကိုစာတင်ထားတယ်။ တစ်ရက်ကို တစ်ထောင်တောင် မသွင်းနိုင်ဘူး။ စားဝတ်နေရေးကျတော့ ရှိပြီးသားလက်ကျန်လေးတွေကို ထုခွဲရောင်းချနေရတယ်။ အရင်လိုတော့ သိပ်ဝယ်မစားနိုင်ဘူးပေါ့။ ဆန်၊ ဆီရှိရင် ပြီးရောဆိုပြီး ဝယ်ထားပြီးဖြစ်သလို စားနေရတယ်။

ဦးသိန်းဇော်
SEC ကိုယ်ပိုင်အထက်တန်းကျောင်း။

နစ်နာဆုံးရှုံးမှုတော့ အများကြီး မရှိသေးဘူး။ ကြာရင်တော့ ဆုံးရှုံးမှုပိုများမယ်။ အငှားဖွင့်ရတဲ့သူတွေဆိုရင် မကိုက်ကြဘူး။ ဆရာ၊ ဆရာမတွေကလည်း ကျွန်တော်တို့နဲ့ ၅ နှစ်အထက် လက်တွဲလာတဲ့သူတွေတော့ လခပေးတယ်။ တခြားသူတွေတော့ ၈ လပိုင်းထိပဲ လခပေးနိုင်တယ်။ အွန်လိုင်းသင်တဲ့ ဆရာတွေကိုလည်း လခပေးတယ်။ အလုပ်တစ်ခုကို ပျက်စီးရလောက်အောင်ထိတော့ မဖြစ်သေးဘူး။ မန္တလေးမှာ ကိုယ်ပိုင်ကျောင်းတွေ ချေးငွေရတယ်ဆိုတော့ နိုင်ငံလုံးဆိုင်ရာ ကိုယ်ပိုင်ကျောင်းအသင်းချုပ်ကနေ စာတင်ဖို့တော့ လုပ်နေပါတယ်။ စစ်ကိုင်းတိုင်းမှာကျတော့ သင်တန်းကျောင်းတွေအတွက်ပဲရတယ်။ ကိုယ်ပိုင်ကျောင်းတွေအတွက်တော့ မရသေးဘူး။ ချေးငွေရရင်တော့ ဆရာတွေကို ပံ့ပိုးပေးနိုင်တာပေါ့။ ကျောင်းတွေပြန်ဖွင့်ရတော့မယ်ဆို တော့ အများကြီးပြင်ဆင်တာတွေကလည်းတော်တော်ကုန်တယ်။ ဆရာတွေကိုလည်း မပံ့ပိုးနိုင်တော့ စိတ်မကောင်းဘူး။

ဒေါ်သူသူထွန်း
ခေတ်မင်းသားစတားဇာတ်သဘင် တည်ထောင်သူ။

ကိုဗစ်ကြောင့်နားလိုက်ရတဲ့အချိန်က တကယ့်ပွဲရာသီ ဖြစ်နေတယ်။ ပွဲကာလမှာ နားရတာကိုက ၈ လလောက် ရှိသွားပြီ။ စားဝတ်နေရေးအနေနဲ့တော့ ပြေလည်ပါတယ်ဆိုပေမယ့် ကိုယ်ကဒီလုပ်ငန်းပဲ အဓိကဆိုတော့ ကြပ်တယ်။ COVID ချေးငွေလည်းမရဘူး။ ဇာတ်သဘင်ဥက္ကဋ္ဌ ကိုဖိုးချစ်ထောက်ပံ့တာလေးတွေတော့ ရပါတယ်။ ကိုယ့်ရဲ့ဇာတ်အဖွဲ့သားတွေကို သုံးငွေကလည်း ကြိုပေးထားပြီးမှ ပွဲကခွင့်တွေ ပိတ်လိုက်တာ။ ဇာတ်အဖွဲ့သားတွေကတော့ ပွဲမရှိရင် လုပ်နေကျ နေ့စားအလုပ်လေးတွေ လုပ်နေကြတယ်။ တချို့အဆင်မပြေတဲ့သူတွေကျတော့ ရှိတာလေးရောင်းလိုက်၊ ပေါင်လိုက်နဲ့ တော်တော်ကို အဆင်မပြေကြဘူး။

ဦးလေးလွင်
အောင်ကမ္ဘာကားအသင်း အုပ်ချုပ်ရေးမှူး။

ခရီးသည်တင်ယာဉ်လိုင်းတွေ အားလုံးပိတ်ထားတော့ တော်တော်ထိကြတယ်။ ယာဉ်ပိုင်ရှင်တွေအပါအဝင် အားလုံးနစ်နာတာပေါ့။ ကျွန်တော်တို့ယာဉ်လိုင်းမှာဆို အားလုံးနစ်နာတာပေါ့။ ကျွန်တော်တို့ယာဉ်လိုင်းမှာဆိုရင် တစ်ရက်ကို ကားအစီး ၃၀ ကျော်ထွက်တာ။ တစ်စီးမှမထွက်ရတော့ တော်တော်လေးကျပ်တည်းသွားပြီ။ လစာပေးဖို့တောင် အတော်ကျပ်တည်းသွားပြီ။ နစ်နာတာတွေတော့ အများကြီးပဲ။ ဒါကတော့ ဒုတိယအကြိမ်ဆိုတော့ ပိုနာတာပေါ့။ ပထမလှိုင်းတုန်းကလည်း နှစ်လနားရတယ်။ နားပြီး ၃ လကျော်ပဲ ပြန်ထွက်ရသေးတာ ပြီးခဲ့တဲ့လ ၂၀ ရက်နေ့က တစ်ခါပြန်ပိတ်လိုက်တယ်။ ဒုတိယလှိုင်းကျတော့ ဝင်ငွေမရှိတော့ အရင်က စုဆောင်းထားတာလေး၊ ရှိတာလေးနဲ့ပဲ စားနေကြတာပေါ့။