ကိုဗစ်စစ်ဆေးစဉ် စိတ်ကြွဆေးများမိ

0
2106
ဓာတ်ပုံ - ခင်ဇော်ဝင်း
ဓာတ်ပုံ – ခင်ဇော်ဝင်း

မောင်စိန်ချို
ပင်လည်ဘူး၊ နိုဝင်ဘာ – ၂၀

ကောလင်းခရိုင် ပင်လည်ဘူးမြို့နယ်တွင် ကိုဗစ်ကာကွယ်ရေး ကျန်းမာရေးစစ်ဆေးမှုဂိတ်အား ဖြတ်သန်းလာသူနှစ်ဦးကို စစ်ဆေးရာ စိတ်ကြွဆေးပြားများ ဖမ်းမိခဲ့သည်။

မူးယစ်ဆေးသယ်လာသူများကို ပင်လည်ဘူး – ကောလင်းမြို့နယ် သွားလမ်း ရွာသာယာကျေးရွာ ကိုဗစ်စစ်ဆေးဂိတ်တွင် ယမန်နေ့ (နိုဝင်ဘာ ၁၉) နံနက် ၁၀ နာရီခွဲခန့် ဖမ်းမိခဲ့ခြင်းဖြစ်သည်။

၎င်းတို့ကို မြေလင်းရဲကင်းစခန်း ရဲတပ်ဖွဲ့နှင့် မိုးသောက်ကြယ်(မူးတား)အဖွဲ့တို့ ပူးပေါင်း ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

“ဆိုင်ကယ်စီးလာသူတစ်ဦးက ဆေးသုံးစွဲတတ်တယ်ဆိုတာသိနေလို့ စစ်ဆေးရှာဖွေရင်း မိတာ”ဟု မြေလင်းရဲကင်း စခန်းမှူး ဒုရဲအုပ် ရန်မိုးအောင်က ပြောသည်။

စိတ်ကြွဆေးပြား ၂၀၀ နှင့်အတူ ဖမ်းမိသူများမှာ ကျပွေ့သလင်ရွာနှင့် သိမ်ဇင်ရွာနေ အမျိုးသားများဖြစ်ကြပြီး ပင်လည်ဘူးဘက်သို့ ဆိုင်ကယ်ဖြင့်လာစဉ် ဖမ်းခံခဲ့ရခြင်း ဖြစ်သည်။

စိတ်ကြွဆေးပြား သယ်ဆောင်လာသူများကို ပင်လည်ဘူးမြို့မရဲစခန်းတွင် မယ(ပ)၁၉၉/၂၀၂၀၊ ပုဒ်မ ၁၉(က)၂၁ တို့ဖြင့် အမှုဖွင့်ထားသည်။