ကိုဗစ်ထောက်ပံ့ကြေးကိစ္စကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တာဝန်မှ ရပ်စဲခံရ

0
4151

တင်မျိုးငြိမ်း
ဟုမ္မလင်း၊ စက်တင်ဘာ -၁၄

အခြေခံလူတန်းစားများအတွက် ကိုဗစ်ကာလအတွင်း နိုင်ငံတော်မှထောက်ပံ့ပေးသော ငွေများအား အလွဲသုံးစားလုပ်သည်ဟု တိုင်ကြားချက်အပါအဝင် အခြားတိုင်ချက်များကြောင့် ဟုမ္မလင်းမြို့ ခိုပဲ၀ဲရပ်ကွက်အုပ်ချုပ်ရေးမှူးအား တာဝန်မှ ရပ်ဆိုင်းလိုက်သည်။

အုပ်ချုပ်ရေးမှူးသည် COVID -19 ကာလအတွင်း နိုင်ငံတော်ထောက်ပံ့ငွေများ အလွဲသုံးစားလုပ်ခြင်း၊ ရပ်ကွက်ဂုဏ်သိက္ခာ ထိခိုက်စေရန်ဆောင်ရွက်ခြင်း၊ ရပ်ကွက်လုံခြုံမှုဆိုင်ရာအခွင့်အရေးများ ပျက်စီးနေခြင်း၊ ဘာသာရေးသာသနာရေးနှင့် ပညာရေး၊ ကျန်းမာရေး လုပ်ငန်းကိစ္စများအား ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မှုမရှိခြင်း၊ ရပ်ကွက်အတွင်း မူးယစ်ဆေးဝါးနှင့် လောင်းကစားကိစ္စရပ်များကို တားဆီးဆောင်ရွက်မှုမရှိခြင်း စသည်တို့ကြောင့် အရေးယူပေးရန် ရပ်ကွက်နေပြည်သူ ၂၅ ဦးမှ တိုင်းအစိုးရထံ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

“သူလုပ်တာက ထောက်ပံ့ကြေးကတော့ အဆိုးဆုံးပေါ့။ ကျန်တာတွေလည်း အများကြီးပါ။ ခုလောလောဆယ်တော့ ဒီလောက်နဲ့ပဲ ကြည့်နေရတာပေါ့။ ရှေ့ဆက်လုပ်သင့်၊ မလုပ်သင့်ကတော့ လူကြီးတွေနဲ့ တိုင်ပင်ဆုံးဖြတ်သွားမှာပါ”ဟု တိုင်ကြားမှုတွင်ပါဝင်သော ဒေသခံ ဦးအောင်မျိုးဆွေက ပြောသည်။

၎င်းတင်ပြလာမှုအပေါ် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ စုံစမ်းစစ်ဆေးရာ အုပ်ချုပ်ရေးမှူးအား ရပ်ကွက်အုပ်ချုပ်ရေးမှူးလုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းဆောင်ရွက်မှုအားနည်းခြင်း၊ စီမံခန့်ခွဲမှုအားနည်းခြင်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်မှုမရှိခြင်းတို့ စိစစ်တွေ့ရှိရသဖြင့် စက်တင်ဘာ ၉ ရက်နေ့က တာဝန်မှရပ်စဲလိုက်ခြင်း ဖြစ်သည်။

“မြို့နယ်စစ်ဆေးရေးအဖွဲ့မှာလည်း သူတို့စစ်ဆေးချက်တွေကို ပြန်ဖြေထားတာရှိပါတယ်။ သူတို့စွပ်စွဲချက်တွေက ကျွန်တော့်လုပ်ဆောင်ချက်တွေနဲ့ တစ်ခုမှ မငြိပါဘူး။ ကိုဗစ်ကာလမှာလည်း ပေးခဲ့တဲ့၊ ထောက်ပံ့ခဲ့တဲ့ ထောက်ပံ့ငွေတွေလည်း အခြေခံလူတန်းစားတွေရဲ့လက်ဝယ်အရောက် ပေးအပ်ခဲ့ပါတယ်။ ဘာသာရေး၊ လုံခြုံရေးဆိုင်ရာကလည်း စွပ်စွဲချက်များသာ ဖြစ်ပါတယ်”ဟု တာဝန်ရပ်စဲခံရသော အုပ်ချုပ်ရေးမှူးက ပြောသည်။

အုပ်ချုပ်ရေးမှူးအား တာဝန်မှရပ်ဆိုင်းသည့်အပေါ် ရပ်ကွက်နေ ပြည်သူ့အချို့က ကန့်ကွက်စာတင်မည်ဖြစ်ပြီး ဆန္ဒပြမှုများပါ လုပ်ဆောင်ရန်စီစဉ်နေသည်။

၎င်းရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် ဒုတိယမဲအများဆုံးရခဲ့သော ဦးထွန်းလွင်အား ယာယီအုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ထားသည်။