ကိုဗစ်နဲ့ ယောဂ

0
173

မုန်းကို ရေးသည်။

အခုတလော ရန်ကုန်မှာ ကိုဗစ်က သောင်းကျန်းနေတော့ မအားမလပ်ဖြစ်နေပြီး မုံရွာဂေဇက်ပရိသတ်ကြီးနဲ့ အတန်ကြာ အဆက်အသွယ် ပြတ်သွားရပါတယ်။ အခုတော့ အချိန်ပြန်ရလာလို့ စာရေးတဲ့အလုပ်ကို ပြန်စနိုင်ပါပြီ။ မုံရွာကိုလည်းသတိရပါတယ်။ မုံရွာရဲ့ ကိုဗစ်သတင်းတွေကိုလည်း အမြဲနားစွင့်ဖြစ်ပါတယ်။ ဒီလိုရတက်မအေးနိုင်ရတဲ့ကာလမှာ ကိုဗစ်အကြောင်းပဲ ပြောကြတာပေါ့။

တကယ်လို့ သင့်မှာ ကိုဗစ်နိုင်တင်းရောဂါပိုးရှိနေပြီလို့ သိလိုက်ရရင် သင်ဘာလုပ်မလဲ။ တချို့ကတော့ စိတ်ဓာတ်ကျသွားမှာပေါ့။ တချို့ကလည်းဒီပိုးကို အနိုင်တိုက်မယ်ဆိုပြီး အားတင်းမှာပေါ့။ ကျွန်တော်ကတော့ ဒုတိယတစ်ခုကို ရွေးစေချင်ပါတယ်။ ကိုဗစ်ဆိုတာက ကျွန်တော်တို့ အနိုင်တိုက်လို့ရတဲ့ ရောဂါတစ်ခုမို့ပါ။ သင့်မှာ ဘယ်လောက်ပဲရောဂါအခံတွေရှိနေပါစေ ကိုဗစ်ကို အရှုံးမပေးဘဲ သူတင်ကိုယ်တင် ပြန်တိုက်နိုင်ရင် ဒီရောဂါကအနိုင်ယူဖို့ သိပ်မခက်ပါဘူး။ ဒီလို တိုက်တဲ့နေရာမှာ လက်နက်ကောင်းကောင်းတော့ ရှိဖို့လိုတာပေါ့။

တလောက ကိုဗစ်ကို အနိုင်တိုက်လိုက်နိုင်တဲ့ ဆရာဝန်မကြီးတစ်ယောက်နဲ့ တွေ့ဖြစ်တယ်။ ကိုဗစ်ရောဂါ ခန္ဓာကိုယ်ထဲ ဝင်လာပြီး ကိုယ်ခံအားစနစ်ကို ဝင်တိုက်နေတဲ့အချိန်မှာ ယောဂကျင့်ခြင်းအားဖြင့် ရလဒ်ကောင်း တစ်စုံတစ်ရာ ရစေတယ်ဆိုပြီး သူ့ကိုယ်တွေ့ကို ပြောလာတယ်။ အိန္ဒိယမှာလည်း ကိုဗစ်ကို ယောဂကစားပြီး အနိုင်ယူကြတဲ့ ဖြစ်စဉ်တွေကို တွေ့ရပြန်တယ်။ ဒီတော့ကိုဗစ်ကြီးနဲ့ သူတင်ကိုယ်တင်ရင်ဆိုင်ဖို့ ယောဂလက်နက်ကို ပထမဦးဆုံး အကြံပြုချင်ပါတယ်။ ဆေးမြီးတို ကိုဗစ်နိုင်လျက်ဆားတို့ထက် အများကြီး အစွမ်းထက်တဲ့လက်နက်မို့ပါ။

ယောဂဆိုတာ

ယောဂဆိုတာ အိန္ဒိယကနေ အစပြုပြီး နှစ်ပေါင်း ၅၀ဝ၀ ကျော်ကြာခဲ့ပြီးဖြစ်တဲ့ သက်ရှည်ကျန်းမာစေတဲ့ နည်းလမ်းကောင်းတစ်ခုပါ။ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအားလုံးဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ခံစားချက်ပိုင်းဆိုင်ရာနဲ့ စိတ်ဝိညာဉ်ဆိုင်ရာတွေ အားလုံးကို ကုသပေးနိုင်တဲ့လေ့ကျင့်ခန်းအုပ်စုတစ်ခုပါ။ ယောဂဟာ ခုမှစကျင့်တဲ့သူတွေအတွက်ရော ပုံမှန်လေ့ကျင့်သူတွေအတွက်ပါ ပြီးပြည့်စုံတဲ့ အစီအစဉ်တွေ ပါဝင်တဲ့လေ့ကျင့်မှုတစ်ခုပါ။

ယောဂဟာ စိတ်နဲ့ကိုယ်နဲ့ဟာ တစ်ထပ်တည်းဖြစ်တယ်ဆိုတဲ့ အတွေးအခေါ်ကို အခြေခံပါတယ်။ ယောဂမှာ အသက်ရှူနည်းစနစ်တွေ၊ ကိုယ်နေဟန်ထားတွေ (Asana တွေလို့လည်းခေါ်ပါတယ်) နဲ့ တရားထိုင်ခြင်းတွေအားလုံး ပေါင်းစည်းထားတာပါ။ ယောဂအမျိုးအစားတွေ အများကြီးရှိပါတယ်။

ဒါပေမဲ့ ဒါတွေအားလုံးမှာတော့ ပန်းတိုင်ကတစ်ခုတည်း ရှိပါတယ်။ သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှစ်ခုလုံး ကောင်းမွန်ဖို့ပါပဲ။ ဒါကြောင့် ကိုဗစ်နိုင်တင်းပိုးများ မတော်တဆ တွေ့ရပြီဆိုရင် အခြေခံ ယောဂကျင့်စဉ်တွေကို လေ့ကျင့်စေလိုပါတယ်။ အခြေခံယောဂကျင့်စဉ်တွေဟာ အဆင့်မြင့်ယောဂတွေလို ခက်ခဲနက်နဲနေတာ မဟုတ်ပါဘူး။ သာမန်အကြောလျှော့ လေ့ကျင့်ခန်းကိုပဲ စိတ်ကျင့်စဉ်နဲ့ တွဲထားတာမျိုးပါ။

“ယောဂဟာ အကြောဝေဒနာ ခံစားနေရသူတွေအတွက်
နာကျင်မှုတွေကို သက်သာစေတယ်လို့ နာမည်ကြီးပါတယ်။
ဒီလိုတည်ငြိမ်စေတဲ့ သက်ရောက်မှုတွေဟာ လူတွေရဲ့ သွေးဖိအားတွေကို
မျှတစေပြီး သွေးဖိအားပြဿနာရှိတဲ့သူတွေအတွက် ကောင်းမွန်စေကာ
နှလုံးရောဂါရှိသူတွေအတွက်တော့ သွေးကို ပုံမှန်စီးဆင်းစေပြီး
ရောင်ရမ်းခြင်းတွေကို လျှော့ချပေးနိုင်ပါတယ်။”

အကြောလျှော့ ယောဂ

သာမန်အကြောလျှော့လေ့ကျင့်ခန်းအတိုင်းပဲ ခြေခွဲရပ်ရင်း ဒီကျင့်စဉ်ကိုလုပ်လို့ရပါတယ်။ ပထမဦးဆုံး လက်မြှောက် အသက်ရှုထုတ်လုပ်ပါ၊ ခေါင်းဘယ်ညာရမ်း အသက်ရှုထုတ်လုပ်ပါ။ ဒီလိုလေ့ကျင့်ခန်းတွေလုပ်နေချိန်မှာ အသက်ရှုထုတ်လုပ်တာကိုပဲ စိတ်ထဲမှာ အာရုံစိုက်ထားပါ။ ခေါင်းလေ့ကျင့်ခန်း၊ လက်လေ့ကျင့်ခန်း၊ ခါးလေ့ကျင့်ခန်း၊ ခြေလေ့ကျင့်ခန်း စတဲ့ အကြောလျှော့ လေ့ကျင့်ခန်းတိုင်းမှာ အသက်ရှုထုတ်ကို တိုင်မင်အနေနဲ့သတ်မှတ် အာရုံစိုက်လုပ်သွားရုံပါပဲ။ သင့်အတွက် ခက်ခဲလိမ့်မှာ မဟုတ်ပါဘူး။

အသက်ရှုတရားထိုင်

နောက်ထပ် လေ့ကျင့်နည်းတစ်ခုကတော့ တရားထိုင်သလို တင်ပျဉ်ခွေ ခါးဖြောင့်ထိုင်ပြီး
လေ့ကျင့်လို့ရပါတယ်။ အသက်ကို ပြင်းပြင်းရှုလိုက်ထုတ်လိုက် အခါ ၃၀ လောက် သတိကပ်ပြီးလုပ်ပါ။ အဲဒါပြီးရင် အသက်ကိုတဝရှုပြီး ၃ စက္ကန့် လောက်အောင့်ပြီးမှဖြည်းဖြည်းချင်းပြန်ထုတ်တဲ့ လေ့ကျင့်ခန်းပါ။ အဲဒီနောက် နှာခေါင်း တစ်ဖက်စီနဲ့ တစ်ဝ အသက်ရှုထုတ်တဲ့ လေ့ကျင့်ခန်းပါ။ ဒါတွေပြီးရင် နှာခေါင်းတစ်ဖက်နဲ့ရှု နောက်တစ်ဖက်နဲ့ ထုတ် နောက်တစ်ဖက်နဲ့ပြန်ရှု တခြားတဖက်နဲ့ထုတ် ဒီလိုမျိုး အခါ ၂၀ လောက်လေ့ကျင့်ပါ။ သင့်ခန္ဓာကိုယ်ဟာ သူမတူအောင် ပေါ့ပါးလာသလို စိတ်ဖိစီးမှုလည်း မရှိတော့တာမျက်ဝါးထင်ထင် တွေ့မြင်ရပါလိမ့်မယ်။ ဒီ့ထက်ကောင်းတာက ကိုဗစ်နိုင်တင်းလို ပိုးမျိုးတွေလည်း သင့်ခန္ဓာကို အလွယ်တကူ တိုက်ခိုက်နိုင်ဖို့ ခက်ခဲလာပါလိမ့်မယ်။

အကျိုးသက်ရောက်မှုတွေ

ဒါ့အပြင် ယောဂဟာ အကြောဝေဒနာခံစားနေရသူတွေအတွက် နာကျင်မှုတွေကို သက်သာစေတယ်လို့ နာမည်ကြီးပါတယ်။ ဒီလိုတည်ငြိမ်စေတဲ့ သက်ရောက်မှုတွေဟာ လူတွေရဲ့ သွေးဖိအားတွေကို မျှတစေပြီး သွေးဖိအားပြဿနာရှိတဲ့လူတွေအတွက် ကောင်းမွန်စေကာ နှလုံးရောဂါရှိသူတွေအတွက်တော့ သွေးကို ပုံမှန်စီးဆင်းစေပြီး ရောင်ရမ်းခြင်းတွေကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ စိတ်ကျရောဂါနဲ့ ဖိအားတွေရဲ့လက္ခဏာတွေကိုလည်း သက်သာစေပြီး ပင်ပန်းမှုကို လျှော့ချပေးကာ ရင်ကျပ်ရောဂါသည်တွေအတွက်တော့ အသက်ကို ဘယ်လိုလွယ်ကူအောင် ရှုရမယ်ဆိုတာကို သင်ကြားပေးနိုင်ပါတယ်။ လေ့လာမှုတစ်ခုကလည်း ယောဂဟာ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတွေကို ပြေလည်စေတယ်လို့တွေ့ရှိပြီး အိပ်ဆေးတောင် သောက်စရာမလိုတော့တာကို တွေ့ရှိရပါတယ်။

ကောင်းကျိုးတွေတော့ ရှိပါရဲ့ ကိုဗစ်ကိုလည်း ကြောက်ပါရဲ့ ကျွန်တော် ကျွန်မတို့ကတော့ စာနဲ့ရေးပြလို့ မကျင့်တတ်ပါဘူး။ လက်တွေ့သိချင်သူတွေ အတွက်လည်း အင်တာနက်အွန်လိုင်း You Tube တို့မှာ Yoga လို့ ရှာကြည့်လိုက်ပါ လေ့ကျင့်ခန်းပေါင်း သောင်းခြောက်ထောင် ကျလာပါလိမ့်မယ်။ ဒီလိုလေ့ကျင့်ခန်းတွေကိုသာ သေသေချာချာလုပ်ပြီး ကိုဗစ်ကိုရင်ဆိုင်မယ်ဆိုရင် ငဗစ်ဟာ ခန္ဓာကိုယ်ကို အရှုံးပေး ထွက်ခွာသွားရမှာအသေအချာပါပဲ။ ကိုဗစ်ဖြစ်မှ ယောဂကျင့်ရမလားဆိုတော့ မဟုတ်ပါဘူး။ မဖြစ်ခင်က ကိုယ်ခန္ဓာကိုကျန်းမာနေအောင် ကြိုလေ့ကျင့်ထားနိုင်ရင်တော့ အတိုင်းထက်အလွန်ပါပဲလို့ ပြောကြားရင်း ဒီတစ်ပတ်တော့ ဒီမျှပါပဲလို့။