ကိုဗစ်ဖျက်တဲ့ ကကြိုး

0
2835

အိအိမွန် ရေးသည်။

အထုပ်အသေးလေးတွေ ခွဲထုပ်ထားတဲ့ မျှစ်ခြောက်နဲ့ ငါးပိထုပ်လေးတွေကို ဈေးခြင်းတောင်းထဲ သူမ ခပ်သွက်သွက်ထည့်နေပါတယ်။ ပြီးတော့ အိမ်ထဲမှာရှိတဲ့ တစ်စီးတည်းသောစက်ဘီးကို အပြင်ထုတ်လိုက်ပါတယ်။ ဈေးခြင်းတောင်းကို စက်ဘီးလက်ကိုင်မှာ ချိတ်၊ အိမ်အပေါက်ပိတ်ပြီး သူမ ရပ်ကွက်ထဲ ဈေးစရောင်းပါတော့တယ်။

သူမကတော့ ဇာတ်မင်းသမီးတစ်ဦးဖြစ်တဲ့ မြို့တော်ဝါဝါမြင့် ဖြစ်ပါတယ်။ ငယ်ရွယ်စဉ်က မန္တလေးဇာတ်ဖြစ်တဲ့ မြို့တော်ဇာတ်မှာ ကပြခဲ့တာကြောင့် မြို့တော်ဝါဝါမြင့်လို့ နာမည်တွင်ခဲ့ပြီး လက်ရှိတော့ သူမဟာ မုံရွာအောင်ပွဲသဘင်ဇာတ်မှာ ကပြဖျော်ဖြေနေသူတစ်ဦး ဖြစ်ပါတယ်။ မင်းသားရန်နိုင်ကျော်ရဲ့မိခင်ဖြစ်တဲ့ သူမဟာ အရင်ကခေါင်းဆောင်မင်းသမီးအဖြစ် ကပြခဲ့ဖူးသူဖြစ်ပြီး အခုထိလည်း အဆို၊ ပြဇာတ်နဲ့ နောက်ပိုင်းတွေကို တာဝန်ယူနိုင်သူပါ။

ကိုဗစ်ရောဂါကြောင့် နှစ်ရာသီ ပွဲမကနိုင်တဲ့ အခြေအနေက သူမကို ဈေးသည်တစ်ဦးအဖြစ် တွန်းပို့လိုက်ပါတယ်။ ကိုဗစ်ကာလမတိုင်ခင် နှစ်တွေတုန်းက ပွဲပါးချိန်တွေမှာ သူမ ဈေးရောင်းဖူးပါတယ်။ အသိမိတ်ဆွေတွေဆီကို ငါးခြောက်၊ ငါးခြမ်းလေးတွေ ခပ်ကြဲကြဲသာ သွားရောင်းဖူးတဲ့အနေအထားပါ။ အခုတော့ စားသောက်ကုန်အပြင်အဝတ်အစားကဲ့သို့ အသုံးအဆောင်တွေကိုပါ သူမ ပွဲကဖူးတဲ့ရွာတွေဆီထိ ခြေဦးလှည့်ရောင်းချနေရပါတယ်။

“ဈေးသည်လုံးလုံးဖြစ်နေပါပြီ။ ပရိသတ်တွေကလည်း နားလည်ကြတယ်။ သြော် သူတို့ပွဲမကရလို့ ဈေးရောင်းနေတာဆိုပြီး အားပေးကြပါတယ်။ ကူရောင်းပေးကြတယ်”လို့ သူမက ပြောပါတယ်။

သဘင်သည်အများစုဟာ အရင်ကတည်းက ပွဲနားချိန်တွေမှာ တခြားအလုပ်တွေ ခေတ္တတဖြုတ် ဝင်လုပ်ကြတာရှိပေမယ့် အခုတော့ သူတို့ဟာ မူလအလုပ်ပျောက်ပြီး ရရာအလုပ်ကို ဝင်လုပ်နေကြရတာ တစ်နှစ်လောက်ရှိပါပြီ။ အမျိုးသမီးတွေအတွက် အလုပ်အကိုင် အခွင့်အလမး် နညး်ပါးတဲ့ဒီနိုင်ငံရဲ့ အနေအထားမှာ ဇာတ်သမတွေလည်း အခြားအလုပ်တစ်ခုရနိုင်ဖို့ ခက်ခဲခဲ့ပါတယ်။

ဇာတ်ပွဲရာသီ၊ ဘုရားပွဲရာသီရောက်တော့ ဇာတ်သမတွေလည်း ပြက္ခဒိန်တကြည့်ကြည့်နဲ့ ဖြစ်လို့နေပါပြီ။ ဇာတ်သဘင်အစည်းအရုံးက ဘာတွေ စီစဉ်ပေးပါလိမ့်၊ အစိုးရကရော ဘယ်လိုတွေ စီမံခန့်ခွဲပေးပါလိမ့်ဆိုပြီး သူတို့တွေက နားစွင့်နေကြတာပါ။

“ပွဲကရရင်တော့ အဆင်ပြေနေတာကြီး မဟုတ်တောင် ကိုယ်ဝါသနာပါတဲ့ အလုပ်ဆိုတော့ အဆင်ပြေအောင် နေတာပေါ့။ အခု ပွဲရာသီရောက်လာတော့ ဒီလဆို ဘယ်ရွာမှာ ကနေပြီ။ ဒီနေ့ဆိုရင် ဘယ်ရွာဘုရားပွဲဆိုပြီး သတိရနေတာ”လို့ မြို့တော်ဝါဝါမြင့်က ပြောပါတယ်။

ဇာတ်ပွဲတစ်ပွဲမှာ မင်းသားအစ ကားလိပ်ဆွဲအဆုံး အနည်းဆုံးအယောက် ၄၀ လောက်ရှိပါတယ်။ ဇာတ်ပွဲတစ်ပွဲ နားရပြီဆို အယောက် ၄၀ လောက်က အလုပ်လက်မဲ့ဖြစ်သွားပြီး သူတို့ကိုမှီခိုနေတဲ့ မိသားစုဝင်တွေလည်း စိတ်မအေးရတော့ပါ။ ဇာတ်ပွဲတွေ နားထားရချိန်မှာ အိမ်ရဲ့စီးပွားရေးနောက်ခံကြောင့် အလုပ်မလုပ်ဘဲ နေနိုင်သူတွေ ရှိပေမယ့် အဲဒီလိုနေနိုင်တဲ့သူဆိုတာလည်း တစ်ရာမှာ တစ်ယောက်လောက်သာ။ ပုဝါကိုင်ခဲ့တဲ့လက်ဟာ အခုအချိန်မှာ ချိန်ခွင်ကိုင်နေရတာရှိသလို လက်ဆစ်ချိုး ကနွဲ့ကရ ကပြခဲ့တဲ့သူဟာ အလုပ်ကြမ်းတွေမှာတောင် ဝင်လုပ်နေကြရပါတယ်။

အောင်ပွဲသဘင်ဇာတ်မှာ ယိမ်းသမတစ်ဦးဖြစ်တဲ့ မအေးအေးအောင်က ဇာတ်ပွဲနားတဲ့အချိန်မှာ အရင်ကတော့ ဆံပင်ကျွတ်လုပ်ငန်းမှာ ဝင်လုပ်ကိုင်လေ့ရှိပါတယ်။ ဒီနှစ်မှာတော့ ဆံပင်ကျွတ်လုပ်ငန်းကလည်း ကိုဗစ်ကာလမှာ ရပ်နားလိုက်တာကြောင့် စားဝတ်နေရေးအတွက် အခြားအလုပ်ရဖို့ရှာရပါတယ်။

“ကိုဗစ်ကာလဆိုတော့ တခြားဘာအလုပ်မှ ရှာမရဘူး။ နောက်တော့ စည်ပင်ထဲ လူလိုတယ်ဆိုတော့ ဝင်လုပ်လိုက်တာ”လို့ မအေးအေးအောင်က ဆိုပါတယ်။

ကန်သာယာပတ်လည်လမ်းတွေမှာ အမှိုက်လှည်း၊ ရေဖျန်း စတဲ့သန့်ရှင်းရေးအလုပ်ကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဇာတ်ပွဲနဲ့ ချုပ်ထားတဲ့ စာချုပ်လည်း မကုန်သေးတာကြောင့် ဇာတ်ပွဲတွေ ခွင့်ပြုချက်ရလို့ ပြန်ကရရင်တော့ ဇာတ်ထဲ ပြန်လိုက်ဦးမှာလို့ သူမက ပြောပါတယ်။

ကောလင်းမြို့အခြေစိုက် တက္ကသိုလ် ခန့်ဇော်ဇာတ်ထဲက မင်းသမီးကြီးဖြစ်တဲ့ ဒေါ်ပုလဲကြည်ဟာဆိုရင်လည်း ရွာတွေကမှာတဲ့ အသားငါး၊ ဟင်းသီးဟင်းရွက်တွေကို မြို့ပေါ်မှာ ရှာဝယ်ပြီး ဆိုင်ကယ်တစ်စီးနဲ့လိုက်ပို့လို့ အလုပ်ဖြစ်နေပါတယ်။

ဒေါ်ပုလဲကြည်က ဇာတ်သဘင်မျိုးရိုးဖြစ်ပြီး ဖခင်သက်ရှိထင်ရှားရှိစဉ်က သူ့အဖေဇာတ်မှာ သူက မင်းသမီးဖြစ်ပါတယ်။ ခုတော့ ကောလင်းမြို့အခြေစိုက်ဇာတ်မှာ အမျိုးသားဖြစ်သူနဲ့အတူ ကပြဖျော်ဖြေနေပါတယ်။

တစ်နှစ်မှာ ပွဲ ၃၀ မှ ၅၀ အထိ ကရတဲ့ ဒေါ်ပုလဲကြည်အတွက် ပွဲတစ်ရာသီ ကပြီးရင်တစ်နှစ်လုံး စားလောက်တယ်လို့ ဆိုပါတယ်။ ဇာတ်သဘင်လောကထဲ ဝင်လာတာ နှစ် ၄၀ လောက်ရှိပြီဖြစ်တဲ့ သူမက ကိုဗစ်မဖြစ်ခင်ထိ သူမရဲ့အနုပညာနဲ့ မကြောင့်မကြနေနိုင်ခဲ့သူ ဖြစ်ပါတယ်။

“အရင်က ဘယ်ရောင်းဖူးမှာလဲ။ ဈေးလည်းမရောင်းဖူးတော့ သူတို့မှာတာလေးတွေလည်း လိုက်ပို့ပေးတာ။ အမြတ်လည်း အများကြီးမယူပါဘူး။ စားလောက်ရုံပဲ”လို့ ဒေါ်ပုလဲကြည်က ပြောပါတယ်။

ပြီးခဲ့တဲ့ တပေါင်းလကစပြီး ပွဲတွေရပ်နားလိုက်ရတာဖြစ်တဲ့အတွက် ဒီကြားထဲဝင်ငွေလည်း မရှိတော့ပါဘူး။ ကိုဗစ်ကာလမှာ သဘင်အစည်းအရုံးကဦးဆောင်ပြီး ဇာတ်သဘင်လောကသားတွေအတွက် ထောက်ပံ့မှုတစ်ကြိမ်တော့ ပြုလုပ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ဒီလိုထောက်ပံ့မှုကလည်း သဘင်လောကသားအားလုံးကို လွှမ်းခြုံနိုင်မှုတော့ မရှိခဲ့ပါဘူး။

ပွဲမိန့်တွေ ပိတ်လိုက်တော့ ကိုယ့်မှာရှိတာတွေကို ပေါင်နှံရောင်းချလိုက်ရတယ်လို့ ပြောလာသူကတော့ မုံရွာက ခေတ်မင်းသားစတားသဘင်တည်ထောင်သူ မသူသူဝင်းပြည့်ပါ။ မိဘများထောင်ထားတဲ့ ဇာတ်ထဲမှာ မင်းသမီးအဖြစ် တာဝန်ယူ ကပြခဲ့သူ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်ကတော့ မိဘဆီကနေ တည်ထောင်သူနေရာကို လွှဲပြောင်းရယူခဲ့ပြီး လက်ရှိထိလည်း မင်းသမီးအဖြစ် တာဝန်ယူနေဆဲ ဖြစ်ပါတယ်။

ဇာတ်ပွဲမစခင် ပါဝင်သူတွေကို ကြိုတင်ငွေချေရတာကြောင့် မနှစ်က ပွဲပိတ်လိုက်ချိန်မှာ အားလုံးကို ငွေချေပြီးလို့ လက်ထဲမှာလည်း ငွေကြပ်သွားတယ်လို့ သူမအဖြစ်ကို ပြောပြပါတယ်။

“နိုင်ငံတော်ထောက်ပံ့ကြေးလည်း မရဘူး။ ဘေးမှာ ချေးငှားမယ်ဆိုတော့လည်း ကိုယ့်အလုပ်က ဇာတ်အလုပ်ဆိုတော့ အလုပ်မဖြစ်မှန်းသိတော့ ချေးမရဘူး။ ထိုင်နေလို့တော့ မရတော့ဘူး။ ကိုယ်လုပ်မှ ကိုယ်စားရတော့မယ်ဆိုပြီး အမျိုးသားကတော့ ဆေးသုတ်လိုက်နေတယ်”လို့ မသူသူဝင်းပြည့်က ပြောပါတယ်။

သူမရဲ့ အမျိုးသားဖြစ်သူကလည်း ဇာတ်မှာ ပြဇာတ်တာဝန်ခံတစ်ဦးဖြစ်ပြီး လက်ရှိတော့ စားဝတ်နေရေးအရ အိမ်ဆေးသုတ်လုပ်ငန်း လုပ်ကိုင်နေပါတယ်။ သူမဟာ ငယ်ငယ်ကတည်းက ဇာတ်သဘင်လောကထဲ ဝင်လာသူဖြစ်ပြီး ကျောင်းတက်ဘွဲ့ရပြီးတဲ့ အချိန်မှာလည်း ဒီအလုပ်ကို ဇောက်ချလုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။

မသူသူဝင်းတို့ အိမ်ရှေ့မှာတော့ သေတ္တာတွေ၊ အသံချဲ့စက်တွေ၊ အိုးစည်တွေဟာ တောင်လိုပုံနေတာ နှစ်ပေါက်တော့မှာပါ။ မင်းသမီးအဝတ်အစားတွေ၊ အသုံးအဆောင်တွေ ထည့်ထားတဲ့သေတ္တာကို မကြာခဏ ဖွင့်ကြည့်နေမိတယ်လို့ သူမက ပြောပါတယ်။

“သတိရလို့ သေတ္တာဖွင့်ဖွင့်ကြည့်နေတာ။ ပွဲမကရဘူးဆိုမှ မက်လိုက်တဲ့အိပ်မက်။ ဇာတ်ကားကြီးနဲ့သွားတယ်ဆိုပြီး ခဏခဏ အိပ်မက်မက်နေတာ”လို့ သူမက ပြောပါတယ်။

နှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့တဲ့ ဒီသဘင်အလုပ်ကို နားထားရတဲ့အတွက် သဘင်သည်တွေက ပရိတ်သတ်တွေနဲ့ ဇာတ်ခုံကို လွမ်းဆွတ်လို့ နေကြပါတယ်။ မကြာတော့မှီ ကာလမှာ ကိုဗစ်ရောဂါကင်းပြီး သူတို့ရဲ့ အနုပညာကို ဆက်လက်ပြသ ဖျော်ဖြေခွင့်ရဖို့ မျှော်လင့်နေကြပါတယ်။ စစ်ကိုင်းတိုင်းမှာ ဒေသတွင်းကူးစက်မှုတွေပါတိုးလာနေပြီး ဒီဇင်ဘာ ၂၈ ရက်နေ့စာရင်းအရ ကိုဗစ်လူနာ ၁၆၁၃ ဦးအထိရှိပြီး ၂၅၈ ဦးဆေးရုံတက် ကုသနေဆဲပါ။

တစ်ဖက်မှာလည်း စားဝတ်နေရေးက ရှိသေးတာကြောင့် သဘင်အနုပညာအလုပ်ကို ရွေးချယ်မိတဲ့ သူ့ကိုယ်သူ အပြစ်တင်နေမိတဲ့ မသူသူဝင်းမြတ်ကတော့ “နောင်တတောင် ရနေပြီ။ ဒီအလုပ်ပဲလုပ်တတ်တော့ အခုလိုဖြစ်သွားချိန် အခြားဘာအလုပ်မှလည်း မလုပ်တတ်တော့ဘူး”လို့ စိတ်ပျက်လက်ပျက် ပြောဆိုလိုက်ပါတယ်။