ကိုဗစ်မာယာ သဲကိုးဖြာ

0
82

မုန်းကို ရေးသည်။

မိန်းမမာယာ သဲကိုးဖြာဆိုတဲ့ စကားဟာ ခေတ်မမီတော့ပါဘူး။ ဂျန်ဒါအီကွာလတီတွေ ဘာတွေ၊ ညာတွေ ပေါ်ပေါက်လာတဲ့ ခေတ်အပြောင်းနဲ့ ယောကျာ်းတွေရဲ့ မာယာဟာလည်း မသေးတော့တာကြောင့်ပါ။ ဒါပေမယ့် သဲကိုးဖြာမက မာယာရှင်တစ်ဦးကတော့ ပေါ်ထွက်လာပါတယ်။ ဒါကတော့ COVID-19 လို့သိထားတဲ့ အများအခေါ် ကိုဗစ်နိုင်တင်းပါပဲ။ ကိုဗစ်နိုင်တင်း စတင်ဖြစ်ပေါ်လာတဲ့ ဟူဘေးပြည်နယ် ဝူဟန်မြို့ကစလို့ ရောဂါဟာ ပုံသဏ္ဌာန်အမျိုးမျိုး၊ မာယာအမျိုးမျိုး ပြောင်းနေခဲ့တာ ဖြစ်ပါတယ်။

ကူးစက်မှုမာယာ

ပထမဆုံး ကိုဗစ်ဟာ Air Bone  ခေါ် လေထဲကနေ ပျံ့နှံ့ကူးစက်တယ်လို့ ယူဆခဲ့ကြပါတယ်။ SARS ရောဂါလို ကူးစက်မှုမျိုးပါ။ ဒါပေမယ့် တော်တော်ကြာ သုတေသနလုပ်အပြီးမှာတော့ ရောဂါပိုးရှိသူ ထိတွေ့ခဲ့တဲ့၊ အသုံးပြုခဲ့တဲ့ ပစ္စည်းတွေကို ကိုင်တွယ်မိရာက ကူးစက်တယ်လို့ WHO  က ထုတ်ပြန်ခဲ့ရပါတယ်။ တစ်ဦးနဲ့တစ်ဦး ၃ ပေအကွာမှာနေရင်း ကူးစက်နိုင်ခြေနည်းတယ်လို့ တရားဝင်ပြောပြီးမှ လေ့လာချက်တွေအရ ၆ ပေခွာမှ ဖြစ်တော့မယ်ဆိုတဲ့ အဖြေထွက်လာပြန်ပါတယ်။ အခုနောက်ဆုံးသန္ဓေပြောင်း ကိုဗစ်ပိုးကတော့ ဘယ်နှစ်ပေကွာကွာ သူကူးစက်ချင်ရင် ကူးစက်တာပဲဆိုတဲ့ အဖြေပါထပ်ရတယ်လို့ ဆေးပညာဆောင်းပါးတွေက ဆိုပါတယ်။ နောက်ထပ်တစ်ခုကတော့ မျက်နှာဖုံးကိစ္စပါ။

ပထမဆုံး မျက်နှာဖုံးဟာ ကိုဗစ်ကူးစက်မှုကိုမကာကွယ်နိုင်ဘူးဆိုတဲ့အဖြေ ထွက်ပါတယ်။ နောက်ထပ် သုတေသနတွေအရ နှာခေါင်းစည်းတပ်ထားသူဆီက ကိုဗစ်ကူးစက်နိုင်ခြေနည်းတယ်ဆိုတဲ့အဖြေ ထွက်ပြန်ပါတယ်။ အခု နောက်ဆုံးနှာခေါင်းစည်းတပ်ထားသည်ဖြစ်စေ၊ မထားသည် ဖြစ်စေ ကူးစက်နိုင်ခြေ အနည်းနဲ့အများရှိတယ်ဆိုတဲ့ မှတ်ချက်တွေလည်း တွေ့နေရပါပြီ။

နောက်ထပ် အငြင်းပွားနေတဲ့ အချက်ကတော့ မျက်စိကတစ်ဆင့် ကူးစက်နိုင်လားဆိုတဲ့ မေးခွန်းပါ။ အချို့က မျက်စိက မကူးစက်နိုင်ဘူးလို့ ပြောပါတယ်။ တချို့ကတော့ ရောဂါရှိသူရဲ့ပိုး သို့မဟုတ် တံတွေး၊ နှာရည် တစ်စစဟာ မျက်စိထဲဝင်သွားရင်မျက်စိထဲမှာ ပေါက်ပွားနေနိုင်ပြီး မျက်စိကိုလက်ဖြင့်ကိုင်ခြင်း၊ အဆိုပါလက်ဖြင့် ပါးစပ်သို့ထိခြင်းများ ပြုလုပ်ပါက ကူးစက်နိုင်ပါတယ်လို့ဆိုပြန်ပါတယ်။ အဲဒီအထဲမှာ မျက်စိကနေ တိုက်ရိုက်ကူးသွားတယ်ဆိုတဲ့ ဆေးသုတေသန အဖြေတွေပါ ထပ်တွေ့နေရပြန်ပါပြီ။ ဒီတော့ မျက်စိကတစ်ဆင့်လည်း ကူးချင်ရင်ကူးမယ်၊ မကူးချင်ရင်မကူးဘူးဆိုတဲ့ အငြင်းပွားမှုတွေ ရှိနေပြန်တာပါ။

ဒါကြောင့် ကိုဗစ်ရောဂါဘယ်လိုကူးလဲဆိုတဲ့ မေးခွန်းကိုတော့ ကူးချင်သလိုကူးတယ်။ မာယာများတဲ့အတွက် ဘယ်လိုအနေအထားကမဆို ကူးစက်နိုင်တယ်လို့ပဲ ဖြေရမှာဖြစ်ပါတယ်။ ဒါကြောင့် မာယာများတဲ့ ကိုဗစ်ကို ကာကွယ်ဖို့ရာက ဘယ်သူနဲ့မှ မထိတွေ့ဘဲ ကိုယ့်အိမ်မှာပဲ ကိုယ်နေမှသာ ဖြစ်နိုင်မှာပါ။ ဒါအဖြေပါပဲ။

ရောဂါလက္ခဏာမာယာ

ချောင်းဆိုးမယ်၊ ဖျားမယ်၊ နှာအနည်းငယ်စေးမယ်၊ ဗိုက်နာမယ်၊ ဝမ်းသွားမယ်၊ ကိုယ်ပူကြီးမယ်၊ အသက်ရှုကြပ်မယ် အစရှိတဲ့ ရောဂါ လက္ခဏာတွေဟာ တစ်ယောက်ကို တစ်မျိုးနှုန်းဖြစ်နေပြီး တချို့ကျတော့ လက္ခဏာအကုန်ဖြစ်ပါတယ်။ တချို့ကျတော့လည်း ဘာလက္ခဏာမှမပြဘဲ ဒီအတိုင်း ပျောက်သွားကြပြန်ပါတယ်။ ဒါကြောင့် Swab  နဲ့ စစ်ထားတာမဟုတ်ရင် ဒါကိုဗစ်ဖြစ်နေတာပါလို့ တရားသေပြရမယ့် လက္ခဏာ မရှိဘူးဖြစ်နေပါတယ်။ သံသယဖြစ်စရာ လက္ခဏာကလည်း စုံတော့ ကြိုခန့်မှန်းရခက်လောက်အောင် မာယာများတယ်ပဲ ပြောရတော့မှာပါ။

အဲဒီတော့ Swab  နဲ့ စစ်ပြန်တော့လည်း အနည်းဆုံးနှစ်ကြိမ် စစ်ကြည့်မှ ရှိ၊ မရှိ သေချာတာဖြစ်ပါတယ်။ အချို့ဟာ ပထမအကြိမ်စစ်တုန်းက မရှိပေမယ့် ဘယ်သူနဲ့မှ မထိတွေ့ဘဲ ဒုတိယအကြိမ်ကျ တွေ့ရင်တွေ့ပါတယ်။ ရှိပြီးသားသူကလည်း ပျောက်သွားတတ်ပြီး နောက်တစ်ခါထပ်စစ်ရင် ပြန်တွေ့တတ်ပြန်ပါတယ်။ ဒါကိုမှ မာယာများတယ်မပြောရင် ဘယ်ဟာကို မာယာများတယ်ခေါ်တော့မလဲ။

ကျန်းမာရေးဝန်ကြီးက ကိုဗစ်ပေါ်ခါစက ပြောတဲ့စကားတစ်ခွန်းရှိပါတယ်။ ကိုဗစ်ဖြစ်ရင်သေမယ်၊ မသေဘူးဆိုတာကို မခွဲခြားနိုင်ဘူးဆိုတာပါ။ အဲဒါလည်း အမှန်ပါပဲ။ ရောဂါအခံရှိပြီးအသက်ကြီးရင် သေတတ်တယ်ဆိုတဲ့ ယေဘုယျသုံးသပ်ချက်ဟာ လူငယ်တွေပါ သေဆုံးအပြီးမှာတော့ ပျက်ပြယ်သွားပြန်ပါတယ်။ လူကြီးတွေထဲကလည်း ရောဂါဒဏ်ကို ခံနိုင်တာမျိုးတွေ ရှိလာပြန်ပါတယ်။ ကူးစက်မှုဘယ်လောက်မြန်သလဲဆိုတာလည်း ခန့်မှန်းမရပါဘူး။

အပူဒဏ်တွေကို ဗိုင်းရပ်စ်က ခံနိုင်ရည်မရှိဘူးဆိုတဲ့ အဆိုကလည်း ဘရာဇီးလ်တို့ အိန္ဒိယတို့ရဲ့အဖြစ်ကြောင့် ပျက်ပြယ်သွားပြန်ပါတယ်။ ဒါကြောင့် ကိုဗစ်ဖြစ်ရင် သေချင်မှသေမယ်၊ သေချင်လည်းသေမယ်၊ ပူရင်လည်းဖြစ်မယ်၊ အေးရင်လည်းဖြစ်တယ် ဆိုသလိုပါပဲ ဘာမှ ကံသေကံမ ခွဲခြားလို့မရနိုင်အောင် ဖြစ်နေပါတယ်။

ဘယ်လိုကုကြမလဲ

ကမ္ဘာ့လူဦးရေရဲ့ သုံးပုံနှစ်ပုံ ကူးစက်ပြီးရင် ခံနိုင်ရည်ရှိသွားလိမ့်မယ်ဆိုတဲ့ စကားကိုလည်း WHO က ငြင်းပါတယ်။ လူအားလုံးကို ကူးသွားသည့်တိုင် ခုခံအားစနစ် ပေါ်ချင်မှ ပေါ်လာမယ်လို့ပြောပါတယ်။ ကုသမှုအနေနဲ့လည်း ဟိုကုထုံးကောင်းတယ်၊ ဒီကုထုံးကောင်းတယ်လို့သာ စမ်းတဝါးဝါး ကုသနေရပေမယ့် သေချာတဲ့ ကုသနည်းတစ်ခု မတွေ့ရှိသေးဘဲ ကိုယ့်နေရာနဲ့ ကိုက်ညီတဲ့ ကုသမှုတွေနဲ့သာ ဖြေရှင်းနေရပါတယ်။

ဒါကြောင့် မာယာများလှတဲ့ ကိုဗစ်ကို အထူးတလည် ရှောင်ကြဉ်မယ်ဆိုရင်တော့ ကိုယ့်အိမ်မှာပဲကိုယ်နေပြီး လူစုလူဝေးထဲ မသွား၊ လက်ပုံမှန်ဆေး၊ နှာခေါင်းစည်းတပ်ပြီး လာသမျှကို ရင်ဆိုင်ဖို့ နည်းလမ်းတစ်ခုသာ ရှိတော့တာမျိုးပါခင်ဗျား။

LEAVE A REPLY

Please enter your comment!
Please enter your name here