ကိုဗစ်ရောဂါကို အနိုင်တိုက်ခဲ့သူများ

0
224

ကိုဗစ်ကပ်ရောဂါ ကူးစက်ခံရမှု တိုးလာခြင်းနှင့်အတူ ရောဂါကို အနိုင်မတိုက်တော့ဘဲ အရှုံးပေးကွယ်လွန်ခဲ့ကြသူများလည်း နေ့စဉ်နှင့်အမျှ ရှိနေသည်။ တခြားတစ်ဖက်တွင် ရောဂါကို ကြံ့ကြံ့ခံရင်း သေမင်းခံတွင်းဝမှ လွှတ်မြောက်လာသူများလည်း ရှိနေသည်။ ၎င်းတို့ရောဂါခံစားနေရစဉ် လူမှုဒုက္ခများ၊ ခွဲခြားဆက်ဆံခံရမှုများ၊ ရောဂါကို အနိုင်တိုက်နိုင်ခဲ့မှုများနဲ့ ကျော်ဖြတ်လာခဲ့တဲ့ အတွေ့အကြုံများကို မုံရွာဂေဇက်မှ မေးမြန်းတင်ဆက်လိုက်ပါသည်။

ဦးရန်နိုင်ထွန်း
မုံရွာမြို့။

ကျွန်တော်က မန္တလေးမှာ သူငယ်ချင်းတွေနဲ့ဆုံတယ်။ အတူတူနေခဲ့တဲ့သူငယ်ချင်းမှာ ပိုးတွေ့တယ်။ သူ့မှာပိုးတွေ့ပြီး ကျွန်တော့်မှာလည်း လက္ခဏာပြတယ်။ အဲဒီတော့ အိမ်မှာ သီးသန့်ခွဲနေတယ်။ သက်ဆိုင်ရာကို အကြောင်းကြားပြီး Fever Clinic (ဖျားနာကုဆေးခန်း)ကနေ ဆေးရုံကိုသွားတယ်။ Positive ဖြစ်တယ်ဆိုတော့ ဆေးရုံတက်ရတယ်။ ပိုးတွေ့လူနာဆိုပြီး ဆေးရုံတက်တော့ ခင်မင်ရင်းနှီးတဲ့ထဲက တချို့သူတွေက ဖေ့စ်ဘွခ် ပေါ်တင်ကြတယ်။ ကျွန်တော်ဆေးရုံတက်နေရင်း အဖေဆုံးတော့ ပိုးတွေ့လူနာရဲ့အဖေဆိုပြီး နာရေးတောင် သိပ်လာမမေးကြဘူး။ တချို့က အကျိုးအကြောင်းသေချာမသိဘဲ လျှောက်ရေးတင်တဲ့သူတွေကလည်း ရှိသေးတယ်။ ဆေးရုံမှာ သင့်တင့်မျှတအောင်စားပြီး ကျန်းမာအောင်နေတယ်။ အဲဒီကနေမှ ဆေးရုံဆင်းခွင့်ရတယ်။

မယုစန္ဒီအောင်
စစ်ကိုင်းမြို့။

ကျွန်မက ဘယ်ကနေ ဘယ်လိုကူးခံရမှန်း မသိပါဘူး။ အနံ့ပျောက်ပြီးတော့ ဆေးရုံကိုဆက်သွယ်တော့ လာခေါ်ပါတယ်။ ဆေးရုံပေါ်မှာ တစ်ယောက်တည်းဆိုတော့ တော်တော်ကြောက်ခဲ့တယ်။ အားငယ်တာပေါ့။ ကျန်တာတော့ အခက်အခဲမရှိပါဘူး။ဆေးရုံကပေးတဲ့ ဆေးသောက်ပြီး ကျန်းမာလာတာပဲ၊ ရင်ဘတ်နဲ့ကျောရိုးတော့ တစ်ရက်က အောင့်တယ်။ အားရှိအောင်စားတယ်။

ဝေဒနာလည်း မခံစားရဘူး။ ဆေးရုံကဆင်းတော့ ရွာလည်းဖြစ်တဲ့အတွက် အိမ်ပတ်ဝန်းကျင်ကလူတွေက နားလည်မှုလွဲတော့ကိုယ့်မြင်ရင် Mask ပြေးတပ်ကြတယ်။

ဒေါ်ဇာဇာဦး
ခေါသန္တီကျေးရွာ၊ ပုလဲမြို့နယ်။

အိမ်ကအစ်ကို ကူးခံရတော့ Contant Person (ထိတွေ့သူ)အနေနဲ့ ကွာရတင်းထားခံရတယ်။ စစချင်းတော့ တော်တော်ကြောက်တယ်။ ဆေးရုံမှာ ကျွေးတာတွေစား၊ တိုက်တဲ့ဆေးသောက်ပြီး ကျန်းမာလာတယ်။ ဒုတိယအကြိမ်စစ်တော့ ပိုးမတွေ့လို့ အိမ်ပြန်ရတယ်။ ညီမဆေးရုံတက်ရတဲ့အချိန်မှာတော့ ဘာမှအခက်အခဲမရှိခဲ့ရဘူး။ ညီမဆေးရုံတက်ရတော့ တစ်ရွာလုံးကလန့်ပေမယ့် Video Call တွေ ခေါ်ကြပြီး ကျန်းကျန်းမာမာမြင်ရတော့ သိပ်မကြောက်ရတော့ဘူး။

အိမ်ကို Lock Down ချထားတော့ စားရေးသောက်ရေး ခက်တော့ ဟင်းတွေဝယ်ပေးကြတယ်။ အသား၊ ငါးတွေ လာပို့ကြတယ်။ နွားစာတွေ ကျွေးပေးကြတယ်။ အားလုံးက ဝိုင်းဝန်းပြီး လုပ်ပေးကြတယ်။

ဒေါ်ယုယုအောင်
ဟုမ္မလင်းမြို့။

ကျွန်မက ရန်ကုန်ကပြန်လာပြီး ကွာရတင်းဝင်တယ်။ ကျွန်မနဲ့ အတူတူပြန်လာတဲ့သူတွေနဲ့ တခြားသူတွေကို ကူးတာလည်း မရှိဘူး။ ဖျားနာ၊ လည်ချောင်းနာတာမျိုး မရှိဘူး။ နှာခေါင်းတို့ပတ် Swab ယူပြီး အဖြေထွက်မှ ပိုးတွေ့တာသိတာ။ ဟုမ္မလင်းကလူတွေအားလုံးက အခက်အခဲမရှိအောင် ကူညီပေးကြတယ်။ ကိုယ့်မြို့မှာ ကိုယ်ကပထမဦးဆုံး ဖြစ်တာဆိုတော့ တော်တော်ကြောက်တယ်။ သူများလည်း ကူးမှာစိုးရိမ်တယ်။ ကောလာဟလတွေတော့ အပြောခံရတယ်။ KTV ရောက်ခဲ့တာလိုလို၊ ဟိုတယ်ရောက်ခဲ့တာလိုလို အပြောခံရတယ်။ နောက်တော့လည်း အမှန်ကို သိသွားကြတာပါပဲ။

ဦးညီညီဝင်း
ကလေးမြို့။

ကျွန်တော်ဆီကနေ အဖေ့ကိုကူးတယ်။ ကျွန်တော်တို့မှာ ရှိမှန်းမသိဘူး။ အဖေအနံ့ပျောက်ပြီး စစ်မှ ပိုးတွေ့တာသိရတယ်။ ပိုးတွေ့တော့ ကိုယ့်ဆီကနေ အဖေကိုကူးတော့ တော်တော်စိတ်မကောင်းဖြစ်ရတယ်။ ကျွန်တော်က တန်ဆောင်တိုင်ညမှာ ပိုးတွေ့သူငယ်ချင်းနဲ့တွေ့ထားတာ။ ကျန်းမာရေးကောင်းတော့ ဆေးရုံကနေ ၉ ရက်နဲ့ ဆင်းရတယ်။ ဆေးရုံကပေးတဲ့ဆေးတွေ သောက်ပြီးတော့ ကိုဗစ်ပျောက်အောင် နေခဲ့ရတာပါ။