ကိုဗစ်လှိုင်းကြားက အခြေခံလူတန်းစားများဘ၀

0
2645

ထက်ဖြိုး ရေးသည်။

ကိုဗစ်ကပ်ရောဂါ ရိုက်ခတ်မှုကြောင့် ကဏ္ဍပေါင်းစုံမှ စီးပွားရေးလုပ်ငန်းများ ထိခိုက်ဆုံးရှုံးမှုများစွာ ရှိနေသလို အသေးစားလုပ်ငန်းများ၊ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများနှင့် အခြေခံလူတန်းစားမိသားစုများ စားဝတ်နေရေးအတွက် နေ့စဉ် အဆင်ပြေပြေဖြတ်သန်းနိုင်ရေး ဈေးရောင်းဖြေရှင်းနေရသည့် တစ်နေ့ရောင်း တစ်နေ့စား ဈေးသည်များမှာလည်း အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

ကပ်ရောဂါကူးစက်မှုထိန်းချုပ်နိုင်ရေး၊ လူစုလူဝေးမဖြစ်စေရေး၊ လူစုလူဝေးရှိနိုင်သည့် နေရာများ ပိတ်လိုက်ရာ အထူးသဖြင့် ဘုရားဖူးလာသူများကို အမှီပြုကာ ဈေးရောငး်ချနေသူများ နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲများနှင့်ရင်ဆိုင်နေရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်လူနာကို မတ်လနှောင်းပိုင်းက စတင်တွေ့ရှိပြီးနောက် လူစုလူဝေးဖြစ်စေသည့် ဘုရား၊ စေတီနေရာများကို ဧပြီလတွင် စတင်ပိတ်ထားခဲ့ပြီး ယခုဆိုလျှင် ၆ လ ကျော်သွားပြီလည်း ဖြစ်သည်။

ဘုရားဖူးလာရောက်သူများ ပန်းဆပ်ကပ်နိုင်ရန် ပန်းရောင်းချနေသည် မုံရွာမြို့က ဒေါ်မာမာဝင်းကဲ့သို့ ပန်းရောင်းသူများအဖို့ ကိုဗစ်ကာလဘုရားများပိတ်ထားသည့် ၆ လတာ ကာလအတွင်း ဈေးရောင်းချရသည်မှာ သိသိသာသာ ရောင်းအားကျဆင်းသွားသည်။

“အရင်က ညမနက် သုံးသောင်းဖိုးလောက် ရောင်းရတယ်။ အခု တစ်သောင်းခွဲဖိုးလောက်ပဲရောင်းရတယ်”ဟု ဒေါ်မာမာဝင်းက ပြောသည်။

ပန်းဆိုသည်မှာလည်း ကြာရှည်ခံ ရောင်းကုန်မဟုတ်သည့်အတွက် မရောင်းချရသည့်အခြေအနေမျိုးတွင် ပျက်စီးဆုံးရှုံးမှုများလည်း ရှိသည်။

“ဘုရားတွေကလည်း မဖွင့်တော့ တချို့ကမထွက်ကြဘူး။ ပန်းကလည်း သိပ်မရောင်းရတော့တစ်ခါတလေ ငါးထောင်ဖိုးလောက် ပျက်စီးတာလည်း ရှိတယ်။ အခုတောအတွင်းကတော့ ပျက်တာများတယ်”ဟု ဆိုသည်။

ဒေါ်မာမာဝင်းမှာ မိသားစု ၆ ယောက်ရှိပြီး သားသမီးလေးယောက်နှင့် အမေတစ်ယောက်အတွက် တစ်ယောက်တည်းလုပ်အားနှင့် စားဝတ်နေရေး ရုန်းကန်နေရခြင်း ဖြစ်သည်။

ဘုရားဖူးများ ပိတ်ထားသည့်အတွက် အိမ်တွင်ပန်းကပ်ကြသည့် ပုံမှန်ဖောက်သည်တွေကိုသာယခုအချိန်တွင် အဓိကမှီခိုအားထားနေရသည်။ ယခုဝင်ငွေမှာ မိသားစု ၆ ယောက်အတွက်လောက်ငှသည့် အခြေအနေတော့ မဟုတ်ပါ။ ထို့ကြောင့် ရပ်ကွက်ထဲတွင် ငွေတိုးချေးယူ၍
ဖြေရှင်းနေရခြင်း ဖြစ်သည်။

ဘုရားဖူးများကို အမှီပြုဈေးရောင်းချသူများထဲတွင် နွားနို့ရောင်းချသူများလည်း ပါဝင်သည်။

“အရင်က တစ်ည နှစ်သောင်းကျော်ဖိုး ရောင်းရတယ်။ အခု လေး၊ ငါးထောင်တောင် မနည်းရောင်းနေရတာ။ တစ်ခါတလေကျတော့လည်း တစ်သောင်းပြည့်သွားတာပေါ့။ အချိန်ကုန်အောင်နေလိုက်လို့ရှိရင် တစ်သောင်းပြည့်ချင် ပြည့်သွားတာ။ ပုံမှန်ကြီး တွက်လို့မရတော့ဘူး”ဟု မုံရွာရွှေစည်းခုံဘုရားတွင် နွားနို့ရောင်းသူတစ်ဦးက ပြောသည်။

ရွှေစည်းခုံဘုရားတွင် နွားနို့လာရောက် ရောင်းချသူများသည် မုံရွာစက်မှု (၂) နွားမွေးမြူရေးဇုန်မှ ဈေးသည်များဖြစ်ပြီး ကိုဗစ်ကာလတွင် နွားနို့ကို ဒိုင်သွင်းခြင်းများရှိသလို ဘုရားတွင် လာရောက်ရောင်းချမှုများလည်းရှိသည်။

“ဒိုင်ပိတ်တဲ့နေ့ဆို နွားနို့တွေ ရေချိုးလို့ရတယ်။ တချို့ဆို အပြင်ထွက်မရောင်းနိုင်တဲ့သူတွေကျကိုယ့်ဘာသာကိုယ် ချက်စားရင်လည်း စား။ ဝေရင်လည်း ဝေ။ ဘုန်းကြီးကျောင်းလှူချင်လည်း လှူ”ဟု နွားနို့ရောင်းသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခင်က ပုံမှန်ဖောက်သည် ၁၀ ဦးခန့်ရှိသလို ဘုရားဖူးလာရောက်သူများကလည်း ဝယ်ယူကြပြီး ရောဂါကြောက်သောကြောင့် ပုံမှန်ဖောက်သည်များသည် ၂ ဦး၊ ၃ ဦးသာ လာရောက်ဝယ်ယူတော့သည်ဟု ဆိုသည်။

“တစ်ခါတလေကျရင် အရင်းတောင်မရဘူး။ လုပ်နေကြမို့လို့သာ ကိုယ့်အိမ်က နွားနို့ရောပါလို့သာ အရင်းမပြုတ်တာ။ သူများတွေလို ဝယ်ရောင်းရမယ်ဆိုရင် မလွယ်ဘူး။ ကိုယ့်အိမ်က နည်းတော့ကျတော့ သူများနွားနို့လည်း ဝယ်ရောင်းရတယ်။ ကိုယ့်အိမ်က နွားနို့ရောပါလို့သာ ခံသာနေတာ။ ဒီတိုင်းဆို အရင်းတောင်ပြုတ်နေပြီ။ သူများတွေဆို အရင်းပြုတ်တာ ဈေးတောင်မထွက်နိုင်ကြဘူး”ဟု သူမက ဘုရားတွင် နွားနို့ရောင်းချသူများ၏အခြေအနေကို ပြောပြသည်။

ကိုဗစ်မဖြစ်ခင် အခြေအနေများကဆိုလျှင် တစ်နေ့ နှစ်သောင်းကျော်ဖိုးလောက် ရောင်းရသည့်အတွက် ယခုလို ကိုဗစ်ကာလတွင် ရောင်းအားကျသွားသော်လည်း စုဆောင်းထားခဲ့သည်များနှင့် စားသောက်နေရခြင်း ဖြစ်သည်။

“ဆန်ဆိုရင် ကိုဗစ်ဖြစ်ကတည်းက မဝယ်နိုင်တော့ဘူး။ ဆန်အိတ်ကို နေ့သွင်းနဲ့ ယူရတာလေ။နေ့သွင်းသမားတွေကလည်း မပေးကြတော့ဘူးလေ။ ကိုဗစ်ဖြစ်တော့ကြတော့။ နဂိုကယူထားတဲ့ဆန်အိတ် စားရတာပေါ့။ ဒီရောဂါသာ လတွေကြာမယ်ဆိုရင် ရှိတောင်ရှိမှာမဟုတ်တော့ဘူး”ဟု ပြောသည်။

နွားနို့ရောင်းမကောင်းသော်လည်း နွားများအတွက်တော့ နေ့စဉ် အစာကျွေးမွေးနေရပြီး နို့အထွက်ကောင်းသည့် နွားမများဆိုလျှင် တစ်ရက်ကို ငါးထောင်ဖိုးလောက် ကျွေးမွေးနေရသည်။ဦးသန်းဝင်းကတော့ ဟိုက်ထရိုဂျင်နှင့် လေဖြည့်ရသည့် ကလေးကစားစရာအရုပ်တွေကိုရောင်းချခြင်း ဖြစ်သည်။

ဦးသန်းဝင်းသည်လည်း နေ့စဉ်ဝင်ငွေ နှစ်သောင်းခန့်ရသည့် အခြေအနေမှ ကိုဗစ်ရောဂါ၏ရိုက်ခတ်မှုကြောင့် ယခုကာလတွင် တစ်နေကုန်ရောင်းသော်လည်း ပိုက်ဆံကလေး ၅၀ဝ နှင့်ကျေနပ်ရသည့် ရက်များလည်း ရှိနေသည်။ ကိုဗစ်ကာလ တချို့ရက်များဆိုလျှင် ၂၅၀ဝ၊ ၃၀ဝ၀ ကျပ်ဖိုးခန့် ရောင်းချရသည်။

“ဘုရားပိတ်ထားတော့ မရောင်းရတာ။ ရပ်ထဲရွာထဲက လူက ဘယ်ဝယ်လိမ့်မယ်။ ဝယ်တဲ့လူလည်း ရှိတော့ရှိပေမယ့် ကိုဗစ်ကာလဆိုတော့ သိပ်အဆင်မပြေတော့ ငွေစိစစ်သွားတော့တာ”ဟု ဦးသန်းဝင်းက ပြောသည်။

ယခင်က မိသားစုလေးယောက် စားဝတ်နေရေးကို ဦးသန်းဝင်းနှင့် သူ့သမက်၏ ဝင်ငွေနှစ်ခုဖြင့် ရပ်တည်နေပြီး ကိုဗစ်ရောဂါစတင်ဖြစ်ပွားပြီး ဘုရားများ စတင်ပိတ်ကတည်းက သားမက်တစ်ဦးတည်း၏ ဝင်ငွေအပေါ်တွင်သာ အလုံးစုံ မှီခိုအားထားနေရတော့သည်။

“မိသားစုလေးယောက်၊ သားမက်နဲ့ သမီးနဲ့။ သားမက်ကလေးကတော့ သံပန်း၊ သံတံခါးလုပ်တာဆိုတော့ တစ်ရက် ၆၀ဝ၀၊ ၇၀ဝ၀ ဝင်တယ်။ အဲဒါလေးနဲ့ စားနေရတာ။ တစ်ရက် လေးငါးခြောက်ထောင်ဝင်ငွေနဲ့ တစ်အိမ်ထောင်စားဖို့ရာလွယ်တာမှတ်လို့။ တစ်အိမ်ထောင်က တစ်သောင်းလောက်ရှိမှလေ။ ကိုဗစ်ကာလကတော့ မပြေတာများပါတယ်။ မြန်မြန်ပျောက်ပါစေ ဆုတောင်းပါတယ်”ဟု ဦးသန်းဝင်းက ပြောသည်။

ဦးသန်းဝင်းတို့ကဲ့သို့ အလုပ်မျိုးသည် လူစည်ကားသည့် နေရာများတွင် ရောင်းချရခြင်းဖြစ်ပြီးပွဲတော်များရှိသည်ဆိုလျှင်လည်း ရောင်းရသည်မှာ အဆင်ပြေသည်။ ထို့ပြင် ကျောင်းဖွင့်ပွဲ၊ လမ်းဖွင့်ပွဲနှင့် တံတားဖွင့်ပွဲများရှိသည်ဆိုလျှင် ဦးသန်းဝင်းအဖို့ အဆိုပါနေ့ရက်များမှာ ရွှေရောင်နေ့ရက်များ ဖြစ်သည်။

ကျောင်းဖွင့်ပွဲ၊ လမ်းဖွင့်ပွဲနှင့် တံတားဖွင့်ပွဲများရှိလျှင် ဌာနဆိုင်များနှင့် ချိတ်ဆက်ထားပြီး ဖဲကြိုးဖြတ်သည့် မိုးပျံပူဖောင်းများကို တစ်ပွဲလျှင်တစ်သိန်းဖို့ခန့်အထိ ရောင်းရသည်။ ကိုဗစ်က ဦးသန်းဝင်း၏ ရွှေရောင်နေ့ရက်များကို ပျောက်ကွယ်သွားစေခဲ့သည်။

“သူတို့ကို အပို့အကြို လုပ်ခိုင်းတယ်။ အပို့အကြိုလုပ်မပေးဘူးဆိုရင် ကိုယ့်စရိတ်နဲ့ကိုယ်ဆိုရင်ဈေးပိုတောင်းလိုက်တာပေါ့။ ဌာနဆိုင်ရာတွေကလုပ်တာကိုး”ဟု ၎င်းက ပြောသည်။

ဘုရာများကို အမှီပြုပြီး လုပ်ကိုင်စားသောက်သည့်ထဲတွင် စာကလေးများကို ရောင်းချသူများလည်း ပါဝင်သည်။

ကိုဗစ်ကြောင့် ဘုရားများမပိတ်ခင်က မနက် ငါးထောင်ဖိုး၊ ညနေ ငါးထောင်ဖိုး နေ့စဉ်ရောင်းရသည်။ ဝါဆိုလပြည့်၊ သီတင်းကျွတ်လပြည့်နှင့် နှစ်ဆန်းတစ်ရက်လို အခါကြီးရက်ကြီးများဆိုလျှင် သုံး၊ လေးသောင်းဖိုးခန့်အထိ ရောင်းရသည်။

“ရောဂါတွေနဲ့ဆိုတော့ တစ်ခါတစ်လေ ဈေးဦးတောင်မပေါက်ဘူး။ တစ်ခါတစ်လေလည်း တစ်ထောင်ဖိုး။ လေးလပိုင်းကတည်းက ဘုရားကလည်း ပိတ်ထားတယ်။ တစ်ခါတလေလည်း ၅၀ဝ ဖိုး။ အဲလိုပြန်ရတာ”ဟု စာကလေးရောင်းသူ ဒေါ်ငယ်က ပြောသည်။

ဈေးရောင်းမကောင်းသောကြောင့် ရက်ကွက်ထဲမှ နေ့ပြန်တိုးနှင့် ချေးယူပြီး မိသားစု ၇ ယောက်စာကို ဖြေရှင်းနေသည်။

“နေ့ပြန်တိုးက သုံးသောင်းနှစ်ဦးရှိတယ်။ ခုနစ်သောင်းက တစ်ဦး။ ခုနစ်သောင်းကကျ တစ်နေ့ကို ၇၀ဝ ပေးရတာ။ ခုနစ်သောင်း မပေးနိုင်မချင်း။ သူ့လည်း မပေးနိုင်သေးဘူး။ ရက် ၂၀ လောက်ရှိပြီ။ တစ်နေ့ တစ်ထောင်သမားတွေလည်း တစ်ယောက်က ငါးရက်၊ တစ်ယောက်က ခြောက်ရက်ရှိပြီ။ အခုလည်း မသွင်းနိုင်ပါဘူး။ သူတို့လည်း တောငး်ပန်ထားရတာပေါ့”ဟု ဒေါ်ငယ်က ပြောသည်။

အသေးစား ပုဂ္ဂလိကချေးငွေလုပ်ငန်းများရှိသော်လည်း အဆိုပါချေးငွေကို မည်သို့မည်ပုံချေးယူရသည်ကို မသိသောကြောင့် ရက်ကွက်ထဲမှ နေ့ပြန်တိုးကိုသာ ချေးယူခြင်းဖြစ်သည်ဟု ဒေါ်ငယ်က ပြောသည်။

“အလိုင်းရင့်တို့ကျ ဈေးချိုတယ်။ အန်တီတို့ကကျ မယူတတ်လို့ မယူဘူး”ဟု ပန်းရောင်းချသူဒေါ်မာမာဝင်းက ပြောသည်။

ကိုဗစ်ကာလတွင် နိုင်ငံတော်မှ အခြေခံလူတန်းစားများအတွက် ငွေကြေးထောက်ပံ့မှုများရှိသော်လည်း ရောဂါဖြစ်ပွားမှု ကာလရှည်ကြာလာသည်နှင့်အမျှ စားဝတ်နေရေး အခြေအနေမှာအခြေခံလူတန်းစားများအတွက် ကာလရှည်ခက်ခဲနေဦးမည် ဖြစ်သည်။

“အခုလိုအချိန်အခါကတော့ နည်းနည်းပါးပါး ကိုယ်ရတဲ့ဟာလေး အသုံးလေး ရရဆိုပြီး ထွက်နေရတာ။ ရောဂါကတော့ ခပ်ကြောက်ကြောက်ပဲ”ဟု ဦးသန်းဝင်းက ပြောသည်။