ကိုဗစ်အလွန် အနာဂတ်နိုင်ငံတော်

0
82

သက်ဆွေအေး ရေးသည်။

ကမ္ဘာ့ထိပ်တန်းတွေးခေါ်ပညာရှင် ၁၀ ယောက်မှ ကိုဗစ်အလွန် ဖြစ်လာနိုင်တဲ့ အစိုးရတို့ရဲ့ အခင်းအကျင်းကို Foreign Policy မှာ ဖော်ပြထားတာကို တစ်ဆင့် ပြန်လည်ဖောက်သည်ချတာပဲ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်လာတဲ့အတွက် ကမ္ဘာ့အစိုးရတွေရဲ့ အခင်းအကျင်းတွေနဲ့ လူမှုဘဝတွေ အပြောင်းအလဲဖြစ်သွားပါတယ်။ လူ့အသက်ပေါင်း တစ်သန်းကျော် သေဆုံးပြီး၊ ကူးစက်ခံရသူပေါင်း ၃၅ သန်းကျော်လာတာ ခုနောက်ဆုံး အနေအထားဖြစ်ပြီး၊ ကူးစက်ခံရတဲ့ကာလဟာဆိုရင် တစ်နှစ်နီးပါး ရှိပါတော့မယ်။ အလုပ်လက်မဲ့ပေါင်း သန်းပေါင်းရာချီ ရှိနေပါတယ်။ ဈေးကွက်တွေ ပျက်စီးရသလို၊ အစာရေစာငတ်မွတ်မှုတွေလည်း သန်းချီရှိလာနေပါတယ်။ ကပ်ဘေးဆိုးကြီးတစ်ခုကို ရောက်နေချိန်ဖြစ်ပြီး၊ ဒီကာလအလွန်မှာ အစိုးရတွေရဲ့ အခန်းကဏ္ဍကို ယခုတင်ပြမယ့် ပညာရှင်တွေက မှန်းဆထားတာ တွေ့ရပါတယ်။

(၁) ဟားဗတ်တက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးဌာနက ပါမောက္ခ Stephen M. Walt ပဲ ဖြစ်ပါတယ်။ သူရဲ့အမြင်က ကိုဗစ်အလွန်ကာလမှာ နိုင်ငံသားတွေကို နိုင်ငံတိုင်းက စောင့်ကြည့်နေပါလိမ့်မယ်လို့ ဆိုပါတယ်။ ကိုဗစ်အရေးနဲ့ဆက်စပ်ပြီး နိုင်ငံသားတို့ရဲ့ နေ့စဉ်ဘဝတွေကို ယခင်ကနဲ့ မကြံဖူးလောက်အောင် အစိုးရတွေက ထိန်းချုပ်လာနိုင်ပါတယ်။ ကိုဗစ်ကာလ စကားလုံးအသစ်ဖြစ်တဲ့ အခင်းကျင်းအသစ်မှာ နေတတ်ဖို့လိုလာပါလိမ့်မယ်။ အစိုးရတွေ ရလာမယ့် အခွင့်အရေးတွေ၊ အကြောက်တရားတွေက ရထားတဲ့နေရာလေးတောင် ပျောက်သွားနိုင်ခြေရှိပါတယ်။ ဒီမိုကရေစီစနစ်ရော၊ အာဏာရှင်စနစ်ရောတန်းတူပဲ နယ်စပ်တွေပိတ်တာ လုပ်လာရပါတယ်။ ကွာရင်တင်းတွေ လုပ်လာရသလို၊ စီးပွားရေးတွေပိတ်ချလိုက်ရတာထိ လုပ်လာခဲ့ရပါတယ်။

ရောဂါကူးစက်မှုကို ထိန်းနိုင်ဖို့ ရောဂါစစ်တာ၊ ရောဂါခြေရာခံတာ၊ ထောက်လှမ်းတာတွေ လုပ်လာရပါတယ်။ အတင်းကြပ်ဆုံး စည်းကပ်တင်းကြပ်နိုင်တဲ့၊ အမြန်ဆုံး ဆောင်ရွက်နိုင်တဲ့ နိုင်ငံတွေ အအောင်မြင်ဆုံးဖြစ်လာတယ်လို့ ယူဆရမလိုပါပဲ။ ဒီလိုမတင်းကြပ်နိုင်တဲ့ နိုင်ငံခေါင်းဆောင်တွေ တင်းကြပ်တဲ့ စည်းကမ်းငြင်းတာတွေ၊ အစီစဉ်မကျတာတွေ၊ နှောင့်နှေးတာတွေ ရှိလာရင်လူထောင်ပေါင်းများစွာ ကာကွယ်နိုင်ရဲ့သားနဲ့ လူတွေသေတော့တာပါပဲ။

ခုဆိုရင် တင်းကြပ်မှုတွေ ဖြေလျှော့လိုက်ရာက ဥရောပတစ်ခွင်မှာ ကူးစက်မှု ပြန်လည်မြင့်တက်လာပါတယ်။ စီးပွားရေးတွေ ပြန်စတင်တာ၊ တခြားသော အပန်းဖြေတာတွေ ဖွင့်ပေးလိုက်တာ၊အစိုးရရဲ့ အကူညီတွေ ထပ်ပေးဖို့လိုနေသလို၊ တခြားသော ထောက်ပံ့ကူညီရေးတွေလည်း လိုအပ်လာပါတယ်။ ဥပမာ-အလုပ်ကိုင်တွေ၊ အငတ်ဘေးတွေကို အရင်ဆုံးရှင်းဖို့ လိုလာပါတယ်။ လူတွေကလည်း နယူးနော်မယ်မှာ မပျော်ပိုက်လာတာကြောင့် ထပ်မံကူးစက်ရတယ် ဆိုနိုင်ပါတယ်။ အဲတော့ သင်ဘယ်သွားသွား နိုင်ငံတိုင်းက သင့်ကို အပူချိန်စစ်ဆေးမယ်၊ အာခေါင်တို့ပတ်ယူကြမယ်၊ သင့်ဖုန်းကနေ ဘယ်ရောက်နေတာကို စောင့်ကြည့်နေမယ်၊ ဓာတ်ပုံရိုက်ယူထားလိမ့်မယ်၊ ရောက်ရှိရာနေရာကို ခြေရာခံထားလိမ့်မယ်၊ ဒီအချက်အလက်တွေကို ပြည်သူ့ကျန်းမာရေးအတွက် အသုံးချနိုင်ဖို့ ရယူပါလိမ့်မယ်။ ကိုဗစ်အလွန်မှာ နိုင်ငံအစိုးရတွေကနိုင်ငံသားတွေကို စောင့်ကြည့်နေပါလိမ့်မယ်။

(၂) TRACE ကုမ္ပဏီဥက္ကဋ္ဌဖြစ်သူ Alexandra Wrage ဟာ အဆင့်မြင့် ကုန်သွယ်မှုဆိုင်ရာ
ပွင့်လင်းမြင်သာရေးအဖွဲ့ ထည်ထောင်သူလည်း ဖြစ်ပါတယ်။

သူပြောတာက ဒီကိုဗစ်ကပ်ဘေးကနေအစိုးရတွေ စန်းပွင့် ကောင်းစားလာမယ်ဆိုပါတယ်။ ဒါပေမယ့် ဒါက သတင်းကောင်း မဖြစ်နိုင်ပါဘူး။ ဒီလိုပါ။ တစ်ကမ္ဘာလုံးက ဒေါ်လာ ထရီလျံပေါင်းများစွာကို ကူးကယ်ရေးအစီအစဉ်တွေမှာ၊ ဆေးဘက်ဆိုင်ရာ အစီစဉ်တွေမှာ ထည့်ဝင်သုံးစွဲလာတဲ့အတွက် အဆုံးစမဲ့တဲ့ အကျင့်ပျက်ခြစားမှုတွေဖြစ်ဖို့ အခွင့်လမ်းပေါင်းများစွာရလာပါတယ်။ အာဏာရှင် အစိုးရတွေကတော့ ကိုဗစ်ကြောင့်ဖြစ်လာတဲ့ ပြဿနာရဲ့ အတိမ်အနက်ကို ဖုံးဖိထားတဲ့အတွက် သေချာပေါက်နီးပါး ဆိုးကျိုးပေါင်းများစွာ ခံစားရနိုင်ပါတယ်။ သတင်းကောင်းဘက်ကနေ ကြည့်ရမယ်ဆိုရင် ရင်းမြစ်တွေကို အဆင်ခြင်မဲ့ သုံးစွဲတဲ့ မလွဲမရှောင်သာဖြစ်ရပ်တွေ၊ တစ်ဖက်ပိတ် ဆက်ဆံမှုတွေဟာ နောက်ဆုံးတော့ ကပ်ဘေးကြောင့် တာဝန်ယူမှုတိုးတက်လာတဲ့ အစိုးရတို့၊ Good Governance တို့ ဖြစ်လာနိုင်ပါတယ်။ အာရပ်နွေဦးနဲ့ အခြားသော လှုပ်ရှားမှုများကနေရတဲ့ သင်ခန်းစာအရဆိုရင် လူအတွေဟာ အကျင့်ပျက်ခြစားမှုအပေါ် သည်းခံနိုင်စွမ်းမရှိဘူးဆိုတာ တွေ့လာရပါတယ်။ ဒါက အာဏာရှင်အစိုးရတွေ အမှန်တကယ် ရင်ဆိုင်ရနိုင်တဲ့ နောက်ပြန်ရိုက်ချက်လို့ဆိုပါစို့။ ကပ်ဘေးကနေ အကျိုးမြတ်ရနေတဲ့ အစိုးရအရာရှိတွေ ရှိလာတဲ့အတွက် ဒီကနေလည်း တန်ပြန်သက်ရောက်မှုတွေ သေချာပေါက်ရှိလာနိုင်ပါတယ်။

တုံ့ပြန်မှုကောင်းတဲ့၊ အချက်လက်တွေအားကိုးတဲ့၊ လုပ်နိုင်စွမ်းရှိတဲ့၊ ပူးပေါင်းဆောင်ရွက်တတ်တဲ့၊ ဆန်းသစ်တီထွင်မှုရှိတဲ့ အစိုးရတွေသာ ကိုရိုနာကြောင့် ပေးဆပ်လိုက်ရတာ၊ စီးပွားရေးအရ ပေးဆပ်လိုက်ရတာတွေကို ပြန်လည်ဖြည့်ဆည်းပေးရာမှာ သာလွန်ကောင်းမွန်တဲ့အစိုးရတွေ ဖြစ်လာနိုင်ပါတယ်။

(၃) စင်ကာပူနိုင်ငံ ပြည်သူ့ရေးရာ မူဝါဒကျောင်းမှ တွဲဖက်ပါမောက္ခဖြစ်သူ James Crabtree က အနာဂတ်အစိုးရတွေရဲ့ ပုံစံဟာ အာရှကို အတုခိုးလာလိမ့်မယ်လို့ ဆိုပါတယ်။ သူပြောချင်တာက ကိုဗစ်ကပ်ဘေးကြောင့် အဆင့်မြင့် စီးပွားရေးရှိတဲ့နိုင်ငံတိုင်း အဆင့်တစ်ခုကို တက်သွားပါလိမ့်မယ်လို့ ပြောပါတယ်။ ဒါပေမယ့်ဒီအပြောင်းအလဲကို ခံစားရမှာက အာရှသားတွေဖြစ်ပါလိမ့်မယ်။ ချမ်းသာတဲ့ နိုင်ငံအများစုကတော့ အသုံးတွေ မြန်မြန်ဖွင့်ချလာရင်း နိုင်ငံသားတွေကို ကာကွယ်ပေးသလို၊ လုပ်အားခအပေါ် ထောက်ပံ့တဲ့ အစီစဉ်တွေနဲ့ ငွေသားပေးဝေမှု ဖြစ်စေတဲ့အလုပ်တွေအပေါ် ကာကွယ်ပေးရင်း ကူညီလာရပါတယ်။ အမေရိကန်၊ ဂျာမဏီတို့မှာ စလုပ်လာပါတယ်။ နောက်ပြီး စင်ကာပူ၊ မလေးရှားကခေါင်းဆောင်တွေလည်း ဘဏ္ဍာရေး အသုံးစရိတ်ကျယ်ပြန့်စေတာတွေ လျှော့ချတာတွေကိုရှောင်လာရပါတယ်။

အနာဂတ် ကပ်ဘေးစီမံမှုမှာ ဆိုဒ်ကြီးတဲ့အစိုးရတွေ လိုအပ်လာမှာ သေချာပါတယ်။ အစိုးရတွေ ဘက်ကလည်း အကုန်ကျများတဲ့ ရောဂါထိန်းချုပ်ရေး ကိရိယာတွေ လိုအပ်လာလို့ ဒရောသောပါး ဖန်တီးပေးလာရပါမယ်။ အလုပ်ခွင်စီမံမှု အသစ်တွေ ဖြစ်လာပါမယ်၊ ကာကွယ်ဆေးမပေါ်ခင် ကျယ်ပြန့်တဲ့ ရောဂါပျံ့ပွားမှု မဖြစ်ရလေအောင် လူမှုထိန်းချုပ်စောင့်ကြည့်ရေးတွေလုပ်လာပါလိမ့်မယ်။ ဒီနေရာမှာ တောင်ကိုရီးယားနဲ့ ဂျပန်တို့ဟာ ဦးဆောင်မှု အခန်းကဏ္ဍကနေ ပါဝင်လာပါလိမ့်မယ်။

တိုတိုပြောရရင် အစိုးရ ဆိုဒ်ကြီးကြီးတွေခေတ်ကို ပြန်ရောက်လာပါမယ်။ နေရာတကာပါဝင်ပတ်သက်မှုရှိလာပါလိမ့်မယ်။ ဒါပေမယ့်အရင် ၁၉၆၀၊ ၁၉၇၀ ပြည့်လွန် နှစ်များတုန်းက အစိုးရ ဆိုဒ်ကြီးကြီးတွေနဲ့ မတူပါကြောင်း အသေချာရှင်းဖို့ လိုလာနိုင်ပါတယ်။ အာရှရဲ့ ပုံစံ(အရှေ့တိုင်း) သာ ဦးဆောင်သွားပါလိမ့်မယ်။

(၄) အမေရိကန်နိုင်ငံမှ နိုင်ငံခြားဆက်ဆံရေးဌာနရှိ အကြီးတန်းအရာရှိဖြစ်သူ၊ (Two Nations Indivisible: Mexico, the United States, and the Road Ahead )အမေရိကန်၊ မက္ကဆီကိုနှင့်ရှေ့လမ်းဆိုသော စာအုပ်ရေးသားသူ Shannon K. O’Neil က စက်မှုလုပ်ငန်းဆိုင်ရာ မူဝါဒတွေပြန်ရောက်လာဦးမယ်လို့ ဆိုပါတယ်။ ကုန်စည်နဲ့ဝန်ဆောင်မှု ထုတ်လုပ်ရေးတွေ ပုံသွင်းရာမှာ အရေးပါလာမယ်လို့ ယူဆရတဲ့ အများပြည်သူဆိုင်ရာ အစီစဉ်တချို့ စတင်ပေါ်လာပါလိမ့်မယ်။ ကိုဗစ် သက်ရောက်မှုကြောင့် နိုင်ငံတွေ၊ ကုမ္ပဏီတွေဟာ ထုတ်လုပ်မှုတွေ၊ လုပ်အားတွေ ထိခိုက်တဲ့အတွက် စက်မှုလုပ်ငန်းဆိုင်ရာ မူဝါဒတွေ နောက်တစ်ခါ ပြန်ရောက်လာပါမယ်။ လွတ်လပ်ဈေးကွက် စီးပွားရေး အရှိန်ရလာတဲ့ ဆယ်စုနှစ်များအကြာ၊ ယခုအခါမှာ ဖွံ့ဖြိုးပြီး နိုင်ငံအစိုးရတွေရော၊ ပေါ်ထွန်းစဈေးကွက်တွေရော တန်းတူနီးပါး ဖြစ်ကုန်သလို၊ ရေရှည်ခံမယ့်၊ လွှမ်းမိုးနိုင်မယ့် အခန်းကဏ္ဍကို အခြေခံ စီးပွားရေးလုပ်ငန်းတွေအတွက် ရှာဖွေလာကြပါတယ်။

ယခုအချိန်ထိ အစိုးရတွေဟာ ကုန်သွယ်မှုစီမံခန့်ခွဲမှု တိုးတက်စေဖို့ စီးကြပ်ခွန် ကောက်တာ၊လိုင်စင်တိုးတာ၊ ထုတ်ကုန်အဆင့်မြှင့်တင်စေတာ၊ ပွင့်ပွင့်လင်းလင်း တချို့သောပို့ကုန် တားမြစ်တာ စတာတွေ ဆောင်ရွက်လာပါတယ်။

ဒီကဏ္ဍတွေမှာ ငွေပေါင်းဘီလျံချီ ပါဝင်နေသလို၊ တချို့သော လုပ်ငန်းများကိုလည်း မိခင်တိုင်းပြည် ပြန်လာလုပ်စေတာ ထိရှိလာပါတယ်။ ဂျပန်ဆိုရင် ၂.၃ ဘီလျံ သုံးစွဲပြီး ဂျပန်ကုမ္ပဏီတွေ တရုတ်နိုင်ငံထဲက ပြန်ထွက်လာရေး ကူညီပေးနေသလို၊ တခြားသော နိုင်ငံများလည်း မိခင်တိုင်းပြည် ပြန်လာရေး ငွေတွေထုတ်ပေးလာတာတွေ့ရပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုတာကလည်း မရေမရာဖြစ်နေတဲ့အတွက် ပြည်သူကိုကူညီရမယ့် အချိန်လို ဖြစ်နေပါတယ်။ အခွန်လျော့တာ၊ ထောက်ပံ့ကြေးပေးတာ၊ အစိုးရကကြားဝင်ယူပေးတာ၊ အစိုးရက ပစ္စည်းဝယ်ယူစုဆောင်းတာ၊ ပြည်တွင်း လိုအပ်တဲ့ပစ္စည်းတွေ ကြားခံဝယ်ယူတာ စတဲ့ ကိစ္စတွေနဲ့ တခြားအစိုးရတွေရဲ့ အစီစဉ်တွေဟာ အမျိုးသားလုံခြုံရေးထောင့်ကနေ မရှိမဖြစ် လိုအပ်ရာတို့အတွက် ကုန်စည်နဲ့ဝန်ဆောင်မှု ထုတ်လုပ်ရေးမှာ ပုံသွင်းဖို့ ဖြစ်လာပါတယ်။ ယခုအခါ ပြောလာကြတာကတော့အလွန်အမင်း တရုတ်အပေါ် မှီခိုမှုလျှော့ချရေး၊ စီမံမှုညံ့ဖျင်းရာက ပေါက်ကွဲထွက်မသွားစေရေး၊အလုပ်အကိုင် ဖန်တီးပေးရေးတို့ကို ဇောင်းပေးပြီး ကျယ်ကျယ်ပြန့်ပြန့် ပြောလာပါတယ်။ လွတ်လပ်ကုန်သွယ်ရေး ကျယ်ပြန့်ဖို့နဲ့ ဆက်လက်ထိန်းထားဖို့ဆိုတာကတော့ အဆုံးမသတ်သွားနိုင်ပါဘူး။ ဈေးကွက်ထဲမှာ အစိုးရတိုက်ရိုက်ပါဝင်ပတ်သက်မှုလျော့ချရေးထက် စေ့စပ်ဆွေးနွေးမှုတွေ၊ ဥပဒေပေါင်းများစွာ ပြဋ္ဌာန်းဖို့လိုကြောင်း တင်ပြအပ်ပါတယ်။ ပညာရှင်ဆယ်ယောက်ရဲ့ အမြင်များကို ဆက်လက်ရေးသားရန် စာမျက်နှာအခက်ခဲရှိတဲ့အတွက် ဒီလောက်နဲ့ပဲ အမြည်းသဘောတို့ထိမိပါစေ ဆန္ဒပြုပါတယ်။ Ref: foreign policy