ကိုဗစ် ရိုက်ခတ်မှုအောက်က သူတို့ဘဝများ

0
2070

COVID-19 ကာလတွင် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ထမင်းဆိုင်များကို ပါဆယ်သာ ရောင်းချခွင့်ပြုပြီး အဝတ်အထည်ဆိုင်နှင့် ဟိုတယ်စသည့် လုပ်ငန်းများကို ပိတ်လိုက်သည်။ ထို့ကြောင့် အဆိုပါဆိုင်များတွင် လုပ်ကိုင်နေသော အလုပ်သမားအချို့ အလုပ်လက်မဲ့ဖြစ်သွားသည်။

အလုပ်လက်မဲ့ဖြစ်သွားသူထဲတွင် မသန်စွမ်းတစ်ဦးဖြစ်သည့် ဦးဝင်းမြင့်လည်းအပါအဝင် ဖြစ်သည်။ သူသည် မုံရွာမြို့ မြို့သစ်ရပ်ကွက်ရှိ ရောင်ခြည်သစ်ပရဟိတ မျက်မမြင်ပညာသင် ကျောင်းတွင် နေထိုင်သူဖြစ်သည်။

အသက် ၅၅ နှစ်ရှိသော ဦးဝင်းမြင့်သည် အနှိပ်ပညာဖြင့် အသက်မွေးလာသည်မှာ နှစ် ၂၀ ကျော်ပြီ ဖြစ်သည်။ ကျောင်းမှ ဖွင့်ထားသည့် မျက်မမြင်အနှိပ်ခန်းတွင် လုပ်ကိုင်ရာ သူ၏တစ်လဝင်ငွေသည် ၁သိန်းခွဲ၊၂သိန်းခန့်ရှိသည်။

မတ်လ ၂၄ ရက်က စပြီး မျက်မမြင် အနှိပ်ခန်းများ ပိတ်လိုက်ချိန်တွင် ဦးဝင်းမြင့်တွင် ဝင်ငွေ မရှိတော့ပေ။ သူ့တွင် ဇနီးနှင့် ၆ တန်းဖြေထားသည့် သားတစ်ဦးရှိသည်။

” မိသားစု စားဝတ်နေရေးကလည်း ရှိသေး တော့ အလုပ်တော့ ပြန်လုပ်ချင်တာပေါ့။အိမ်က တောင်သူအလုပ်ပဲလုပ်တာ။လယ်ကလည်း ပြောပ လောက်အောင် မရှိဘူး။ရှိတာလေးနဲ့ စားသောက် နေတာ”ဟု ဦးဝင်းမြင့်က ပြောသည်။

ယခင်လများက ဆန်၊ ဆီနှင့် ငွေ ၂ သောင်း ၃ သောင်း ပို့နိုင်သော ဦးဝင်းမြင့်သည် ဧပြီလက အိမ်ကို မပို့ပေးနိုင်တော့ပေ။ သူ့ဇနီးနှင့်သားမှာ ကနီမြို့နယ်တွင် နေထိုင်ကြပြီး ရောဂါမဖြစ်ခင်ကတော့ မိသားစုရှိရာကို တစ်လတစ်ကြိမ် ပြန်လေ့ရှိသည်။

“ခုတော့ ဖုန်းလေးဘာလေးနဲ့ အဆက်အသွယ်လုပ်ဖြစ်ပါတယ်။ သူတို့လည်း အိမ်မှာပဲ နေရမယ်ဆိုတော့ လာမတွေ့ဖြစ်ဘူး”ဟု ပြောသည်။

၂၀၁၄ သန်းခေါင်စာရင်း အချက်အလက်များအရ မြန်မာနိုင်ငံတွင် မသန်စွမ်းသူ ၂.၃ သန်းရှိပြီး လူဦးရေ စုစုပေါင်းရဲ့ ၄.၆ ရာခိုင်နှုန်း ရှိနေသည်။ ရောင်ခြည်သစ် ပရဟိတကျောင်းတွင် မျက်မမြင် အနှိပ်သမား ၁၀ ဦးခန့်ရှိသည်။ သူတို့ တစ်ဦး ချင်းစီ၏ တစ်လဝင်ငွေသည် ၁သိန်းခန့်မှ ၂သိန်း ခန့် ရှိကြသည်။

သူတို့ကျောင်းမှ ဖွင့်ထားသော အကြောပြင် အနှိပ်ခန်းသည် မုံရွာကားကွင်းအနီး၊ ကုန်စည် ဒိုင်နှင့်မျက်နှာချင်းဆိုင် တိုက်ခန်းတွင် ရှိသည်။

အနှိပ်ခန်းတွင် တစ်လ တစ်လ လာရောက် အနှိပ်ခံသူ ၃၀ဝ နှင့် ၄၀ဝ ကြားရှိကြောင်း သိရသည်။

အဆိုပါ တိုက်ခန်းတွင်သာမက သူတို့နေထိုင်ရာ ကျောင်းတွင်လည်း အနှိပ်ခန်းဖွင့်ထားသေးသည်။ ကျောင်းတွင်အနှိပ်ခံသူလည်း ၁ လလျှင် ၁၀ဝ ခန့် ပုံမှန်လာနေကြဖြစ်သည်။

” နှိပ်လို့ရလားဆိုပြီး အခုချိန်ကို လာမေးကြပါတယ်။ ကျွန်တော်တို့က ရောဂါတွေနဲ့မို့ လက်မခံရဲ ဘူး”ဟု ဦးဝင်းမြင့်က ပြောသည်။

တစ်ဦးနှိပ်ရလျှင် ကျောင်းရန်ပုံငွေအဖြစ် ရာခိုင်နှုန်းဖြင့် ခွဲပေးပြီး ကျန်ငွေကို အနှိပ်ဆရာ တို့က ရကြခြင်းဖြစ်သည်။ အဆိုပါ အနှိပ်ခန်းမှ ရငွေများမှ ရုံးရန်ပုံငွေ ၈သိန်း၊ ၉သိန်းခန့်ရသည်ဟု ကျောင်းတာဝန်ရှိသူ ဦးစိုးဝင်းနိုင်က ပြောသည်။

သူ၏ပြောပြချက်အရ ယခုရက်ပိုင်း သူတို့ကျောင်းတွင် လာရောက်လှူဒါန်းသည့် အလှူရှင် လည်း နည်းပါးသွားသည်။ အစိုးရထံမှ ကိုဗစ်ကာလ၌ သီးခြားထောက်ပံ့များ မရခဲ့သလို မကြာမီက နိုင်ငံတော်မှ အခြေခံလူတန်းစားများအားပေးသည့် ရိက္ခာအစီအစဉ်တွင်လည်း ၎င်းတို့မပါခဲ့ပေ။ ယခင်က တစ်နေ့တာ အဟာရအတွက် လှူဒါန်းသူမှာ တစ်လလုံးတွင် ရက်အပြည့်ဖြစ်သည်ဟု ပြောသည်။

“အရင်ကတည်းက ချိတ်ပြီးသားတွေပဲ လာလှူတယ်။ အရင်ကလို နေ့တိုင်း အလှူရှင် မရှိတော့ဘူး။ လာလှူချင်ရင် တာဝန်ရှိသူတွေနဲ့ပဲ တွေ့ပြီး လှူလို့ ရပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

ကျောင်းတွင် နေထိုင်သူ စုစုပေါင်း ၄၅ ဦးခန့် ရှိပြီး နွေရာသီကျောင်းပိတ်ရက်ဖြစ်သဖြင့် ကျောင်းသားအချို့ပြန်သွားကြသည်။

ထို့ပြင် အနှိပ်ခန်းပိတ်၍ မိသားစုရှိရာ ရွာကို ပြန်သွားသူအချို့လည်း ရှိသဖြင့် ယခုကျောင်းတွင် ၂၀ ဦခန့်သာ ရှိသည်။ ယခုအချိန်တွင် အကျွေးအမွေးအတွက် နေ့စဉ်အလှူရှင်မရှိ၍ ကျောင်းရန်ပုံငွေဖြင့် ချက်ပြုတ်စားသောက်ကြသည်။

အလှူရှင် ပါးသွားခြင်းမှာ လပိုင်းသာ ရှိနေသေး၍ သူတို့ အဆင်ပြေနေသေးကြောင်း ပြောသည်။

ရောင်ခြည်သစ် ပရဟိတကျောင်းတွင် တီးဝိုင်း အဖွဲ့ရှိသည်။ သူတို့တွေသည်လည်း ကျောင်းကို တစ်ဖက်တစ်လမ်းမှ အလှူငွေရအောင် ကူညီပေးနေသူများ ဖြစ်သည်။ တီးဝိုင်းအဖွဲ့သည် အလျင်းသင့်လျှင်သင့်သလို အလှူခံထွက်ပေးသည်။

ရသည့်အလှူငွေများကိုလည်း အနှိပ်ဆရာများကဲ့သို့ ရာခိုင်နှုန်းဖြင့် ရကြသည်။ အသက်၂၄ နှစ်အရွယ် ကိုအောင်မျိုးဝင်းသည် တီးဝိုင်းအဖွဲ့တွင် ပါဝင်သူ ဖြစ်သည်။ ဂီတအဖွဲ့တွင် သီချင်းဆိုခြင်း၊ ဒိုးတီးခြင်းများ စသည့် ကျရာတာဝန်ကို သူယူနိုင်သည်။

COVID-19 ရောဂါ မြန်မာပြည်တွင် စဖြစ်ချိန် သူတို့ အလှူခံအဖွဲ့လည်း မထွက်တော့ပေ။ ဂီတ ဝါသနာပါသော ကိုအောင်မျိုးဝင်းတစ်ယောက် သူ့ဖုန်းထဲရှိ သီချင်းများကို နားထောင်ရင်း ယခုကာလအား ဖြတ်သန်းနေသည်။

“ဒိုးလေ့ကျင့်နေတယ်။ ဂီတလေ့လာတယ်။ ဒီရောဂါကြီးက ရေရှည်ရှိမနေဘူးဆိုတာ သိတယ်လေ။ ဒီရောဂါကြီးပြီးရင် ကျွန်တော်တို့ ပုံမှန်ပြန်ဖြစ်မှာ”ဟု သူက ပြောသည်။

သူသည် တီးဝိုင်းအဖွဲ့တွင် ပါသလို အနှိပ်ဆရာအဖြစ်လည်း လုပ်ကိုင်သည်။

နှစ်ခုပေါင်းလိုက်လျှင် သူ၏ တစ်လစာဝင်ငွေ အနည်းဆုံး ၇ သောင်းမှ အများဆုံး ၁ သိန်းခွဲ ရှိသည်။ သူ၏ အနာဂတ်အတွက်ပြီးခဲ့သည့် နှစ်ကစပြီး ဘဏ်တွင် ငွေစုဖြစ်သည်ဟု သူပြောသည်။

“စားဝတ်နေရေးအတွက် ကျောင်းက ကျွေးမွေးစောင့်ရှောက်တယ်။ နေဖို့ထိုင်ဖို့ကလည်း ဒီမှာ အဆင်ပြေတယ်လေ။ ခုလောလောဆယ် အလုပ်မရှိတာကလွဲလို့ ကျန်တာ အားလုံး အဆင်ပြေပါ တယ်”ဟု သူကပြောသည်။

ကျောင်းတွင် လူ၄၀ ကျော်ရှိသည့်အနက်မှ အသက် ၇၀ ဝန်းကျင် လူကြီးပိုင်းနှင့် အသက် ၁၀ နှစ်ဝန်းကျင် လူငယ် စုစုပေါင်း ၁၀ ဦးကျော်ရှိပြီး ကျန် ၃၀ ကျော်မှာ လူလတ်ပိုင်းများ ဖြစ်သည်။

ကျောင်းရောက်လာသည့် သူများကို ကြိုးကျစ်၊ ကြိမ်၊ နှီးယက်လုပ်ခြင်းကဲ့သို့ လက်မှုပညာများ၊ မြန်မာ၊ ဂျပန် အကြောပြင်ပညာရပ်များအပြင် အတန်းပညာသင်ယူနိုင်သည့် အရွယ်များကိုလည်း ကျောင်းထားပေးသည်။

ပရဟိတကျောင်းဖွင့်ပြီးကတည်းက ယခုကဲ့သို့ အလှူရှင်ပါးသွားခြင်းမျိုး မကြုံခဲ့ရပေ။ အနှိပ်ခန်းလည်း ယခုကဲ့သို့ ရက်ကြာကြီး မပိတ်ဖူးကြပေ။ သူတို့အားလုံး ရောဂါနှင့်ပတ်သက်ပြီး သတင်းကို နားစွန့်နေကြသည်။ လူကြီးများက ရေဒီယိုကို အားထားပြီး လူငယ်အချို့က ဖုန်းအသံထွက် စနစ်ဖြင့် ဖေ့ဘွတ်စ်သတင်းကိုပါ နားစွန့်ကြသည်။

ကိုအောင်မျိုးဝင်းလို လူငယ်များကတော့ အသံစနစ်ဖြင့် touch screen ဖုန်းကိုလည်း ကိုင်သည်။ ယနေ့ည ပိုးတွေ့လူနာ ဘယ်နှစ်ဦးရှိနေပြီဆိုသည့် မြန်မာ့သတင်းကို ပုံမှန်ကြည့်ဖြစ်သည်။

မျက်မမြင်အချင်းချင်း messenger group ဖွဲ့ပြီး သတင်းဖလှယ်ရင်း စကားစမြည်ပြောဆိုကြသည်ဟု သိရသည်။

ဦးဝင်းမြင့်တစ်ယောက်ကတော့ ဒီကာလတွင် သူ့ရုံးခန်းမှာ ထိုင်ရင်းရေဒီယိုသတင်းကို နေ့တိုင်း နားထောင်သည်။ မြန်မာ့သတင်း၊ ကမ္ဘာသတင်းအစုံ နားထောင်သည်။ ပြီးတော့ ဒီရောဂါနဲ့ ပတ်သက်ပြီး သူ့ဆန္ဒကို အခုလို ပြောဆိုသည်။

“ကာကွယ်နိုင်တဲ့ဆေး၊ ကုသနိုင်တဲ့ဆေး မပေါ်သေးဘူး၊ ခုထိ ကြိုးစားနေကြတုန်းပဲ ရှိသေးတယ်။ မကြာခင် ဆေးမြန်မြန်ပေါ်ပါစေပဲ ဆုတောင်းတယ်။ အဲဒါမှလည်း လုပ်ငန်းအားလုံး လည်ပတ် နိုင်မှာ”

LEAVE A REPLY

Please enter your comment!
Please enter your name here