ကိုဗစ်-၁၉ ထိန်းချုပ်ကာလတွင် ပြန်လွှတ်ခဲ့သော နတလကျောင်းသားများ ပြန်လည်လက်ခံ

0
123

မောင်စိန်ချို
ပင်လည်ဘူး၊ ဇူလိုင် – ၁၃

ပင်လည်ဘူးမြို့နယ် နတလကျောင်းတွင် COVID-19 ထိန်းချုပ်ကာလအတွင်း အိမ်ပြန်လွှတ်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ပြန်လည်လက်ခံမှု ယခုအပတ်တွင် စတင်ပြီဖြစ်သည်။

နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (နတလ) တွင် ကျောင်းအိပ်ကျောင်းစား သင်တန်းသားများကို COVID-19 ထိန်းချုပ် ကာလတွင် ၎င်းတို့နေရပ်သို့ ပြန်လွှတ်ခဲ့ခြင်းဖြစ်သည်။

“ဒီနှစ်ကျောင်းသား၊ ကျောင်းသူတွေတော့ ပညာရေးအခြေအနေ အာမခံချက် သိပ်မရှိနိုင်ဘူး။ ကျောင်းတက်ချိန်က အရမ်းနောက်ကျရတဲ့အတွက် အထက်တန်းတွေဆို သူတို့အတွက် စိန်ခေါ်မှုဖြစ်စေတယ်”ဟု နတလသင်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးနိင်းလိန်းဟုန်းက ပြောသည်။

ပညာရေးဝန်ကြီးဌာန ညွှန်ကြားချက်အတိုင်း နဝမတန်း ၄၀ ဦး၊ တက္ကသိုလ်ဝင်တန်း ၄၀ ဦးတို့ကို လက်ခံနေပြီဖြစ်သည်။

ပင်လည်ဘူးမြို့ နတလကျောင်းတွင် ချို့တဲ့ကျောင်းသား၊ ကျောင်းသူများနှင့် တိုင်းရင်းသားများအား ဦးစားပေး၍ ငါးတန်းမှ ဆယ်တန်းအထိ လက်ခံနေသည်။

နတလ ကျောင်းတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် နေထိုင်သွားလာပြောဆိုမှု၊ အချိန်လေးစားမှုများကိုပါ လေ့ကျင့်သင်ကြားပေးနေသည်ဟု ကျောင်းအုပ်ကြီးက ပြောသည်။

အဆိုပါကျောင်းမှ အထက်တန်းအောင်သူများသည် နယ်စပ်ရေးရာဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်များတွင် ရမှတ်အပေါ်မူတည်ပြီး ကျောင်းတက်ရသည်။

ပင်လည်ဘူးမြို့နယ် (နတလ) ကျောင်းတွင် ကဒူး၊ ကနန်း၊ ရှမ်းနှင့် ဗမာ စသည့်တိုင်းရင်းသားများ တက်ရောက်နေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here