ကိုယ်စားလှယ် ဟူသည်မှာ

0
122
Aerial view a woman using a retro typewriter

၂၀၂၀ ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ ယခုအချိန်တွင် ပါတီအသီးသီးက မိမိတို့၏ ကိုယ်စားလှယ်လောင်းများကို ပြည်သူ့ထံသို့ တင်ပြမိတ်ဆက်နေကြပြီ ဖြစ်သည်။ ထိုသို့သော အချိန်တွင် ကိုယ်စားလှယ်ဟူသောစကား၏ အတိမ်အနက်ကိုလည်း စေ့ငုရန် လိုအပ်လာပြီလည်း ဖြစ်သည်။ ကိုယ်စားလှယ်ဟူသော ဝေါဟာရကို အနက်ဖွင့်ကြည့်သောအခါ ပြည်သူလူထုကို ကိုယ်စားပြုထားသူ သိုးဆောင်းစကားဖြင့် ပြောရလျှင် Representative Power ကို ရရှိထားသူဟု ဖွင့်ဆိုနိုင်သည်။

အဆိုပါ ကိုယ်စားလှယ်သည် ပြည်သူလူထုကို ကိုယ်စားပြု၍ ရရှိသော အခွင့်အာဏာဖြင့် ပြည်သူ့အသံကို အုပ်ချုပ်သူလူတန်းစားများ သိရှိနိုင်အောင် တစ်ဆင့်ခံ ပြန်လည်ပြောကြားခြငး်၊ ပြည်သူ့၏ သဘောထားဆနန္ဒများ မျှော်လင့်ချက်များကို ပေါ်ပေါက် ဖြစ်ပေါ်လာစေရန် တွန်းအားပေးခြင်း၊ ပြည်သူဖြစ်စေချင်သော ဥပဒေများ၊ အခွင့်အရေးတန်းတူညီမျှမှုများ ရရှိစေရန် အုပ်ချုပ်သူများနှင့် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ပေးခြင်း၊ အုပ်ချုပ်သူများ၏ မတရားမှုများကို ထောက်ပြထိန်းကျောင်းခြင်း စသည့် တာဝန်ကြီးလေးရပ်ကို အဓိကအကောင်အထည်ဖော် ဆောင်ရွက်ရသည်။ ထို့ပြင် မိမိတို့ မဲဆန္ဒနယ်၏ဖွံ့ဖြိုးတိုးတက်ရေးများ၊ လိုအပ်ချက်များကိုလည်း အစိုးရကို ကိုယ်စားတောင်းဆိုပေးခြင်းအားဖြင့်လည်း မိမိတို့ကိုယ်စားပြုထားသော ပြည်သူလူထု၏အကျိုးကို ဆောင်ရွက်ရသည်။

သို့သော် ၂၀၁၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ ၂၀၁၅ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များကို လေ့လာကြည့်ပါက လွှတ်တော်ကိုယ်စားလှယ်ဟူသော အဓိပ္ပာယ် ပေါ်လွင်အောင် ဆောင်ရွက်နိုင်ပါသလောဟု မေးခွန်းထုတ်စရာ ရှိလာသည်။ အများစုသော လွှတ်တော်ကိုယ်စားလှယ်များမှာ ဒေသဖွံ့ဖြိုးရေးမေးခွန်းများသာ မေးမြန်းခြင်း၊ အဆိုပြုခြင်းများ ပြုလုပ်သည်။ အချို့မှာမူ အစိုးရဝန်ကြီးများ၊ အရာရှိကြီးများနှင့် တပူးတွဲတွဲဖြစ်ကာ ပြည်သူတို့၏ လိုလားချက်များကို မျက်ကွယ်ပြုထားသည်။ အနည်းငယ်မျှသော ကိုယ်စားလှယ်များသည်သာ ပြည်သူ၏လိုလားချက်ကို ဖော်ဆောင်၍ ပြည်သူနှင့်အတူရပ်တည်ကာ အုပ်ချုပ်သူများကို ထိန်းကျောင်းခြင်း၊ ပြည်သူ့ဆန္ဒကို ထုတ်ဖော်ခြငး်များ လုပ်ဆောင်သည်။ ထိုသို့သော လွှတ်တော်ကိုယ်စားလှယ်များကိုလည်း သက်ဆိုင်ရာ အာဏာရပါတီများက ကြိုက်နှစ်သက်ပုံမပေါ်ပေ။ နောင်နှစ်ရွေးကောက်ပွဲများတွင် ထပ်မံထည့်သွင်းခြင်း မပြုတော့ပေ။

ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် ပါတီအသီးသီးက ကိုယ်စားလှယ်များ မိတ်ဆက်လာသောအခါ ပြည်သူများအနေဖြင့် ဤကိုယ်စားလှယ်သည် ပြည်သူ့ဘက်က ရပ်တည်မည်လော၊ ပြည်ထောင်စုအစိုးရ သို့မဟုတ် ဝန်ကြီးချုပ်စသော အုပ်ချုပ်သူများဘက်က ရပ်တည်ကာ ပြည်သူကို ခြေစုံကန်မည်လောဟူသော အချက်နှစ်ချက်ကို အဓိကထား ရွေးချယ်ရမည် ဖြစ်သည်။ အချို့ကိုယ်စားလှယ်တို့မှာ အဟောင်းများဖြစ်၍ ၎င်းတို့၏ ဆောင်ရွက်ချက်များအောင်မြင်ခြင်း ရှိ၊ မရှိ၊ ပြည်သူနှင့်အတူ ရပ်တည်ခြင်းရှိ၊ မရှိ ထင်ရှားပြီးဖြစ်သောကြောင့် ပြည်သူများအတွက် ရွေးချယ်သင့်၊ မရွေးချယ်သင့် အဖြူ၊ အမဲသဲကွဲနေသူများလည်း ရှိသည်။

သို့ဖြစ်ရာ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူ့ကိုယ်စားလှယ်ပီသသော ကိုယ်စားလှယ်စစ်စစ် မည်မျှ အရွေးချယ်ခံရမည်နည်းဟူသော မေးခွန်းသည် စိတ်ဝင်စားဖွယ် အကောင်းဆုံးဖြစ်နေကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here