ကောက်ရိုးပန်းချီပုံဖော်သူ

0
68

အိအိမွန် ရေးသည်။

စပါးပင်ခြောက် ကောက်ရိုးကို အနုပညာလက်ရာမြောက်သည့် ပန်းချီကားချပ်ကလေးများအဖြစ်အသက်သွင်းပုံဖော်ခြင်းသည် ထူးခြားအံ့သြစရာဖြစ်သည်။ အဆိုပါ ပန်းချီကားချပ်လေးများကိုဖန်တီးပုံဖော်သူအရေအတွက်မှာ မြန်မာနိုင်ငံတွင် လက်ချိုးရေတွက်၍ပင် ရသည်။ ထိုအထဲတွင်ကိုဌေးကိုကိုကလည်း တစ်ဦးအပါအဝင် ဖြစ်သည်။

သူသည် ရွှေဘိုခရိုင် ဝက်လက်မြို့ မင်းရွာဒေသခံဖြစ်ပြီး ကောက်ရိုးပန်းချီများကို ဝါသနာအရ ပုံဖော်နေသူ ဖြစ်သည်။ ဝက်လက်မြို့နှင့် ၇ မိုင်ခန့်သာ ဝေးသော သူတို့ရွာတွင် အများစုမှာ တောင်သူလုပ်ငန်း လုပ်ကိုင်သူများဖြစ်သည်။ ကိုဌေးကိုကိုတို့ အိမ်သည်လည်း တောင်သူလုပ်ငန်းလုပ်ကိုင်ရာ အိမ်ရှေ့နားတွင် ကောက်ရိုးပုံကြီးရှိသည်။ ထိုကောက်ရိုးပုံကြီးထဲမှ ကောက်ရိုးများကို ကပ်ကြေးနဲ့ စိတ်တိုင်းကျ ကိုက်ဖြတ်ပြီးလျှင် ကိုဌေးကိုကို၏ ကောက်ရိုးပန်းချီ စတင်လေတော့သည်။

ကောက်ရိုးများကို ဆပ်ပြာကြမ်းဖြင့် ဖြန်း၊ ဓားဖြင့်ခွဲခြမ်းကာ မီးပူထိုးလေသည်။ ပြီးလျှင် ဖန်တီးလိုသည့် ပုံကို စာရွက်ပေါ်တွင် ရေးဆွဲသည်။ ဆွဲထားသည့် ပုံပေါ်တွင် ကော်ဖြင့်ကောက်ရိုးကပ်ကာ ဓားဖြင့် ပုံဖော်ဖန်တီးရခြင်းဖြစ်သည်။ ကောက်ရိုး၊ ကော်၊ စက္ကူ၊ ခဲတံ၊ ပိတ်စအနက်ရောင်၊ မီးပူအိုးနှင့် ပုံဖော်ဓားတို့မှာ ကောက်ရိုးပန်းချီအတွက် အဓိကအထောက်အပံ့ပစ္စည်းများဖြစ်သည်။

တစ်ဆင့်ချင်း အသေးစိတ်ဖန်တီးရသည့် လက်မှုပညာတစ်ခုဖြစ်ရာ ဖန်တီးသူအဖို့ မလွယ်ကူလှပေ။ ကိုဌေးကိုကိုက အဆိုပါပညာကို Youtube မှ လေ့လာမိရာမှ ဝါသနာအစပျိုးလာခဲ့ခြင်းဖြစ်သည်။ သူစိတ်ကူးရသည်မှာ နိုင်ငံခြားတွင် အလုပ်လုပ်နေသည့်အချိန် ၂၀၁၂ ကတည်းကဖြစ်ပြီး ကိုဗစ်ကာလ အလုပ်နားချိန်မှသာ အကောင်အထည်ဖော်နိုင်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

သူ မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်စဉ်က ထိုနိုင်ငံတွင် အမှိုက်မှရွှေဖြစ်နေသည့် အနုပညာဖန်တီးမှုများကို မြင်တွေ့ရာမှအားကျကာ ကောက်ရိုးပန်းချီကိုလည်း ဖန်တီးရန် စိတ်ကူးရခဲ့ခြင်းဖြစ်သည်။

“သူများနိုင်ငံမှာက ရီဆိုက်ကယ် ပြန်လုပ်နိုင်ကြတယ်။ ကျွန်တော်က ဟိုမှာ အလုပ်လုပ်နေတဲ့အချိန် အဲဒါတွေကိုလည်း လေ့လာဖြစ်တယ်။ ဒီကောက်ရိုးပန်းချီကလည်း ဟိုမှာကတည်းကစိတ်ကူးရတာ။ ရွာရောက်ရင်တော့ လုပ်ဖြစ်အောင်လုပ်မယ်လို့ စိတ်ကူးမိတာ” ကိုဌေးကိုကိုကပြောသည်။

ဒီတိုင်းထားလျှင် နွားစာသပ်သပ်သာ ဖြစ်မည်ဆိုသော်လည်း သူဖန်တီးလိုက်သောအခါ ရောင်းတမ်းဝင်သော ပန်းချီကားချပ်လေးများဖြစ်လာသည်။ စီးပွားဖြစ်မဟုတ်ဘဲ ဝါသနာအရဖန်တီးနေရခြင်းဖြစ်ကြောင်း သူက ပြောသည်။ သူ့အိမ်တွင်ရှိသည့် အုန်းသီးခွံဖြင့် ဖန်တီးပုံဖော်ထားသည့် ကလစ်၊ လက်ဆေးဖြန်းဗူး၊ ခွက်ကလေးများကို ကြည့်ခြင်းဖြင့် လက်မှုပညာဝါသနာမသေးလှကြောင်း ပေါ်လွင်လေသည်။

ပန်းချီကားချပ်တစ်ချပ်ကို ပုံဖော်နေသည့် သူ့မျက်လုံးများသည် တောက်ပလျက်ရှိသည်။ ကွမ်းတမြုံ့မြုံ့နှင့် စိတ်ကူးဖြင့် ပန်းချီကားချပ်တစ်ချပ်ကို စိတ်အေးလက်အေး ပုံဖော်ဖန်တီးသည်။

အော်ဒါမှာယူမှုအရ ဘုရားပုံတော်၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်ပုံ၊ ရှုခင်းပုံ၊ ပုံတူပန်းချီကားချပ်များ ရေးဆွဲထားပြီး ဖြစ်သည်။ သူဖန်တီးသည့် ကောက်ရိုးပန်းချီကားချပ်များ၏ လက်ရာသပ်ရပ်ပုံကို ကြည့်ခြင်းဖြင့် သူ့ဝါသနာ၊ သူ့စေတနာကို ခန့်မှန်း၍ ရသည်။ သူအများဆုံးဖန်တီးရသည်မှာ ပုံတူပန်းချီ ဖြစ်သည်။

အွန်လိုင်းမှတစ်ဆင့် လူသိလာပြီး အွန်လိုင်းမှ ဆက်သွယ်မှာယူကြရာ ၂ လခန့်အတွင်း ပုံ ၂၀ ခန့်အော်ဒါရကြောင်း ၎င်းက ပြောသည်။ ပန်းချီကားချပ် တစ်ချပ်လျှင် ၁ သောင်း ၃ ထောင်မှ ၃ သောင်းကျပ်အထိ ရှိသည်။

အချို့ပုံများကို ကိုယ်တိုင်ရေးဆွဲပြီး တချို့ကိုတော့ ပရင့်ထုတ်ကာ ပုံဖော်ကြောင်း ၎င်းကပြောသည်။ ပန်းချီကားချပ်တစ်ချပ်ကို သုံးရက်ခန့် အချိန်ယူဖန်တီးကြောင်း သိရသည်။ တစ်ခါတလေအာရုံရလျှင် တစ်ရက်တည်း တစ်ချပ်အပြီး ဖန်တီးခြင်းဖြစ်သည်။

“ကျွန်တော်ကတော့ ဗုဒ္ဓဘာသာတင်မဟုတ်ဘူး။ အခြားဘာသာတွေရဲ့ ဘုရားပုံ၊ အထိမ်းအမှတ်ပုံတွေလည်း ဆွဲသွားမှာပါ”ဟု ကိုဌေးကိုကိုက ပြောသည်။

သူ့ပန်းချီကားချပ်ကို အားပေးမှုမှာ နယ်ဝေးမှ ပိုများသည်။ ရန်ကုန်၊ နေပြည်တော်၊ ဧရာဝတီ၊မန္တလေး၊ မုံရွာတို့မှ အွန်လိုင်းဖြင့် မှာယူကြခြင်း ဖြစ်သည်။ ဝက်လက်နယ်တဝိုက်မှ မြို့ရွာများကလည်း ဝယ်ယူအာပေးကြသော်လည်း အဝေးမှအားပေးသည့် ပမာဏလောက်မရှိပေ။ ထိုအဖြစ်ကို ရွာနားမြက် ရွာနွားမစားဟူသည့် စကားပုံဖြင့် ကိုဌေးကိုကိုက ဥပမာပေးသည်။

သူ့ကျေးရွာတွင် တောင်သူလုပ်ငန်းလုပ်သဖြင့် အိမ်တိုင်းလိုလိုတွင် ကောက်ရိုးပုံရှိသော်လည်းကောက်ရိုးပန်ချီ ပုံဖော်သူတော့ မရှိပေ။ ကောက်ရိုးပန်းချီဆိုသည်ကို ရွာက လူအများစုက အံ့သြထူးဆန်း၍ နေသည်။

အချို့ကလည်း အဆိုပါ လက်မှုပညာကို အားပေးကြသည်။ သို့သော် တချို့ကတော့ လှောင်ပြောင်စနောက်ကြသည်များလည်း ရှိသည်။ “ကောက်ရိုးပန်းချီဆိုတာ ကောက်ရိုးနဲ့ စာခြောက်ရုပ်လုပ်တာလား”ဟု စနောက်သလို ပြောခံရသည်များ ကြုံရကြောင်း သူက ပြောပြသည်။

စက်ရုံထွက်ပစ္စည်းများနှင့် ယှဉ်လာလျှင် လက်မှုပညာပစ္စည်းအများစုသည် ချောင်ထိုးခံရသည်။ အားပေးမှု မရှိတော့သည့်နောက် လက်မှုပညာအချို့ဟာ ကွယ်ပျောက်သွားသလို ကွယ်ပျောက်လုဆဲဖြစ်နေသည့် လက်မှုပညာများလညး် ရှိလေသည်။

ကိုဌေးကိုကို၏ လက်မှုပညာဖြစ်သည့် ကောက်ရိုးပန်ချီသည်လည်း ဈေးကွက်အခိုင်အမာတော့ မရှိချေ။ အွန်လိုင်းမှ လာရောက်မှာယူသည့် အပ်ထည်များကိုသာ ဆွဲနေခြင်းဖြစ်သည်။ သို့သော် ထိုသို့ဆွဲပေးနေရခြင်းကိုပင် သူ့မှာကျေနပ်သည်။

“အွန်လိုင်းကနေ သင်ယူနေတုန်းပဲ။ တခြားနိုင်ငံက လူတွေနဲ့လည်း သူ့ပညာ၊ ကိုယ့်ပညာဖလှယ်ကြတယ်”ဟု ဦးဌေးကိုကိုက ပြောသည်။

သူ့ လက်မှုပညာကို မိသားစုက အားပေးသည်။ သူပန်းချီဆွဲနေလျှင် ဇနီးဖြစ်သူကလည်း ဘေးမှလိုအပ်သည်များကို ကူညီပေးသည်။ ဝါသနာပါ၍ ရေးဆွဲနေသည်ဟု ဆိုသော်လည်း သူ့ဝါသနာက မိသားစု၏စားဝတ်နေရေးကို အထောက်အပံ့ရသဖြင့် အဆင်ပြေနေလေသည်။

သူ၏ အနုပညာဝမ်းစာကို ထပ်ဖြည့်နေသလို ဒီအနုပညာကိုလည်း လက်ဆင့်ကမ်းနိုင်အောင်ကြိုးပမ်းနေသည်။ ရွာတွင်ရှိသည့် ကလေးငယ်များကို အားသည့်အချိန်တွင် ကောက်ရိုးပန်းချီပညာသင်ပေးသည်။

သူ့အနေဖြင့် ကောက်ရိုးပန်းချီကို ကိုဗစ်ကာလ အလုပ်ပါးချိန်မို့ အကောင်အထည်ဖော်ဖြစ်သည်ဆိုသော်လည်း ဒီအလုပ်ဆက်လုပ်ဖို့သာ ဆန္ဒပြင်းပြနေသည်။ အပ်ထည်လေးများ ဆက်တိုက်ရနေလျှင် ဒီအလုပ်ဖြင့်သာ အသက်မွေးဝမ်းကြောင်းပြုမည်ဟု ပြောသည်။

“အပ်တဲ့သူတွေရှိရင် ဆက်လုပ်နေမှာ။ ဆိုင်ခန်းလေးဖွင့်ပြီး ဒေသထွက်ကုန်အနေနဲ့ရောင်းပြီး စွဲစွဲမြဲမြဲ လုပ်ချင်တယ်”ဟု ၎င်းက ပြောသည်။

အသက် ၃၃ နှစ်ရှိပြီဖြစ်သည့် ကိုဌေးကိုကိုတွင် သမီးနှစ်ယောက်ရှိသည်။ အိမ်ထောင်ဦးစီးဖြစ်သည့်အတွက် မိသားစုတာဝန်မှာ သူ့ပခုံးပေါ်တွင် ဖြစ်သည်။ မိသားစု စားဝတ်နေရေးအတွက်လက်မှုပညာရပ်ဖြင့် ရပ်တည်၍ ရ မရကို သူကိုယ်တိုင်လည်း သေချာမသိပေ။ သို့သော် ဆိုင်ခန်းလေးဖြင့် ဒေသထွက်လက်မှုပစ္စည်းများကို ရောင်းရန် သူစိတ်ကူးနေမိသည်။ ထို စိတ်ကူးအိပ်မက်များ အမှန်တကယ်ဖြစ်လာမည်လား ဆိုသည်မှာတော့…