ကောလင်းရှိ နေအိမ်တစ်အိမ် နေ့ခင်းကြောင်တောင် ခိုးခံရ

0
1393

မောင်စိန်ချို
ပင်လည်ဘူး၊ အောက်တိုဘာ- ၁၅

စစ်ကိုင်းတိုင်း ကောလင်းမြို့ပေါ်ရှိ နေအိမ်တစ်လုံးတွင် နေ့ခင်းကြောင်တောင် ဝင်ခိုးခံရမှုဖြစ်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ကောလင်းမြို့ ပြင်ဦးလွင်ရပ်ကွက်ရှိ ကုသိုလ်ရှင်နာရေးကူညီမှုအသင်းဥက္ကဌ၏ နေအိမ်မှာ ယမန်နေ့က ခိုးယူခံရမှု ဖြစ်ခဲ့သည်။

“အလုပ်သွားနေချိန်မှာ ဖြစ်တာဆိုတော့ ဘယ်အချိန်လို့ မပြောနိုင်ဘူး။ ၁၀ နာရီနှင့် ညနေ ၃နာရီခွဲကြားပေါ့”ဟု အိမ်ပိုင်ရှင် ဦးဝင်းကိုက ပြောသည်။

နေအိမ်တွင်းရှိ ရွှေဆံဘီး ၁ခု၊ ငွေကျပ် ၂သိန်းနီးပါးနှင့် ဖုန်းအားသွင်းပစ္စည်း၊ ဆိုင်ကယ်အုံနာဘုတ်၊ ဘဏ်စာအုပ်တို့ ပါသွားကြောင်း သိရသည်။

ကောလင်းမြို့ရှိ နေအိမ်အချို့တွင် ခိုးယူမှုများ မကြာခဏဖြစ်သည်ဟု ဒေသခံများက ပြောဆိုသော်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးကမူ ယင်းကဲ့သို့ဖြစ်စဉ်များမရှိဟု ဆိုသည်။

“တစ်ရပ်ကွက်တည်း ၅ ကြိမ်ခိုးယူမှု ဖြစ်ခဲ့တာတော့ မရှိပါဘူး။ တစ်မြို့လုံးအတိုင်းတာနှင့် ပြောတာဖြစ်မှာပါ။ ခိုးယူမှုနှင့်ပတ်သက်လို့ သူက အမှုဖွင့်ထားတာလည်း မရှိပါဘူး”ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ကိုရဲမြတ်သိန်းက ပြောသည်။

ကောလင်းမြို့ မြို့မရဲစခန်းမှ ဒုရဲမှူးမျိုးသူအား ဆက်သွယ်မေးမြန်းရာ နာရေးကူညီမှုအသင်းဥက္ကဌ နေအိမ်၏ ခိုးမှုသာ တိုင်တန်းထားခြင်းရှိသည်ဟု ဆိုသည်။