ကော်ရိုနာ၊ အမ်ဖန်နှင့် နယူးနော်မယ်

0
313

“အခုချိန်ဟာ နယူးနော်မယ်ဆိုတဲ့ အခြေအနေသစ်ကို ရင်ဆိုင်ရတော့မယ့်အချိန်ဗျ။ ကမ္ဘာကြီးရဲ့ ၂၀ဝ၇ ဘဏ္ဍာရေးအကြပ်အတည်းကာလတို့၊ ၂၀၁၂ စီးပွားပျက်ကပ်တို့ကို ကျော်လွန်ပြီးကာစ အချိန်အခါတွေတုန်းကလိုပေါ့ဗျာ”

ဒီလိုကြီးကြီးကျယ်ကျယ် စကားလုံးကြီးတွေနဲ့ အာပေါင်အာရင်းသန်သန် တက်တက်ကြွကြွ ပြောဆိုနေပြီဆိုရင် ဒါမောင်မောင်ချက်ပါပဲဆိုတာ သိကြပါတယ်။ စားသောက်ဆိုင်တွေ၊ လက်ဖက် ရည်ဆိုင်တွေမဖွင့်ကြရသေးတော့ အရင်လိုလူစည်စည်မှာ ထိုင်’အာ’လို့မရဘူးပေါ့၊ အဲ…ဒါပေမယ့် ပါဆယ်ဆွဲကြရင်း တစ်ယောက်နဲ့တစ်ယောက် ခပ်လှမ်းလှမ်းရပ်စောင့်ကြရင်း၊ မျက်နှာဖုံးလေးတွေ တပ်ထားကြရင်း လေပေါကြရတာ ပါပဲ။ စ တေးအက်ဟုမ်းဆိုပြီး အိမ်ထဲမှာပဲ နေ၊ တနေ့ တနေ့အိမ်ကလူတွေနဲ့ချည်းပဲ တွေ့ဆုံပြောဆိုနေရတော့ ပျင်းလာကြပြီကိုး။

လူဆိုတာ တစ်ယောက်တည်းမနေနိုင်တဲ့ လူမှုရေးသတ္တဝါရယ်လို့လည်း ဆိုလေ့ရှိကြတယ် မဟုတ်လား။ အထူးသဖြင့် မောင်မောင်ချက် အတွက်တော့ စတေးဟုမ်းဆိုတာကြီးဟာ အဆင်မပြေလှဘူး။ ဟုတ်တယ်လေ မနက်လင်းမျက်နှာသစ်ပြီးကတည်းက လက်ဖက်ရည်ဆိုင်ထွက်သွားလိုက်တာ နေ့ခင်းလောက်မှ ခဏပြန်လာ၊ ညနေခင်းပြန်ထွက်၊ ညနက်မှအိမ်ပြန်လာ၊ အချိန်တော်တော်များများဟာ အပြင်မှာ ဘော်ဒါတွေ တရုံးရုံးနဲ့နေလာတဲ့သူမဟုတ်လား။ ခုတော့ခက်ပြီပေါ့။ ပင်လယ်ပြင်ပျော်တဲ့ငါးကို လှောင်ကန်သေးသေးနဲ့ ထည့်ထားသလိုမျိုး၊ ဝေဟင်ကောင်းကင်တခွင် ကျက်စားတဲ့ငှက်ကို လှောင်အိမ်လေးထဲ နေခိုင်းသလိုမျိုး။ တစ်ကမ္ဘာလုံးဖြစ်နေတဲ့ ကပ်ရောဂါဆိုတော့လဲ ဆင်ခြင်ကြရတာပေါ့လေ။ အဲဒီတော့ ဒီကပ်ရောဂါကြီး မြန်မြန်ပြီးသွားမှပဲ အရင်လို လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးပြန်လည်နေထိုင်ကြရမှာကိုး။

ခုတလောတော့ အနောက်မြောက်ရွှေမြို့တော်ကြီးမှာ သတင်းတစ်ခုပြန့်နေတယ်။ ကိုဗစ်နိုင်တီးကပ်ရောဂါကြီး ဘေးကကင်းဝေးသက်သာစေအောင် လုပ်ပေးမယ့်သူရှိနေပြီတဲ့။

ကိုရိုနာဗိုင်းရပ်စ်တွေလည်း တစ်ခါတည်းလွင့်ပါး ပျောက်ကွယ်သွားစေရမယ်တဲ့။ ဒီသတင်းဟာ အနောက်မြောက်ရွှေမြို့တော်သူ၊ မြို့တော်သားတွေကြားမှာ ဘရိတ်ကင်းနရူးဖြစ်နေတော့တာပေါ့။ အနောက်မြောက်ရွှေမြို့တော်ကြီးဆိုတာလည်း လူပညာရှိ၊ ရဟန်းပညာရှိများ တယ်ပေါတဲ့မြို့ကြီး မဟုတ်လား။

အရေးကိစ္စကြုံပြီလားဟေ့ဆိုရင်လည်း အင်မတန်ညီညွတ်ကြတာကလား။ ကပ်ရောဂါကြီးဖြစ်ခါစကပဲကြည့်လေ၊ ပြည်တော်ပြန်တွေ ရောဂါစောင့်ကြည့်ခြေချုပ်ထားတဲ့ကိစ္စတို့၊ မြို့ကြီးလုံခြုံရေးအတွက် လှည့်လည်ကြပ်မတ် စောင့်ရှောက်ကြတဲ့ကိစ္စတို့၊ မြို့ဝင်ဂိတ်တွေမှာ ကျန်းမာရေးစစ်ဆေးစာရင်းကောက်ကြတဲ့ကိစ္စတို့ စတာတွေမှာ အားလုံးညီညီညာညာတက်တက်ကြွကြွလုပ်ကြကိုင်ကြတာဟာ တစ်မြို့လုံး အမြင်ပဲမဟုတ်လား။

အဲ…နည်းနည်းပါးပါး ငြင်းကြ၊ ခုန်ကြ ထိုးကြ၊ ကြိတ်ကြ၊ ရုံးရောက်ကြ၊ လက်မှတ်ထိုးကြရလောက်တော့ ရှိတာပေါ့လေ။ အဲလိုမြို့တော်သားတွေကညီညာတက်ကြွကြတော့ မြို့တော်ကြီးက တာဝန်ရှိအစိုးရမင်းများတောင် နှမ်းဖြူးရုံ အဲလေ…ဘေးက ကြီးကြပ်ကူညီ လမ်းညွှန်ဖေးမထောက်ပံ့ရုံလေးပဲ လုပ်ကြရတာ မဟုတ်လား။

လှူရေးတန်းရေးဆိုလဲ မြို့တော်သားတွေက လက်မနှေးကြပါဘူး။ အိမ်မှာသာ ရေသောက်နေချင်နေမယ်။ လှူဖို့အတွက်တော့ ဖေ့စဘုတ်မှာတင်ပြီးသားပဲလေ။ အိမ်မှာသာ တံမြက်စည်းတချက်မလှည်းရင်နေမယ်။ ဖေ့စဘုတ်တော်ကြီးပေါ်မှာတော့ ဘုန်းကြီးကျောင်းကကုဋီတွေပါ ဆေးပြတတ်ကြတဲ့ မြို့တော်သားတွေကိုး။

မြို့တော်သားတွေကလည်း အရာအားလုံးနီးနီး တတ်သိနားလည် ဆွေးနွေးထောက်ပြနိုင်ကြတဲ့သူတွေ ချညး်ပဲဆိုတော့ အစိုးရမင်းများ တယ်သက်သာတာကလား။ သတ်ဓမဇောတိကပင်ဂွင်းဦးသူရတို့၊ အားလုံးသိပါလေရာဆြာကြီးမိုးတို့၊ ရဲရဲတောက် မောင်ဝင်းဆန်းမျိုးတို့ စတဲ့ပုဂ္ဂိုလ်ကြီးတွေဆို အစိုးရမငး်များကို အမြဲမပြတ် ထောက်ပြပြောဆိုနိုင်​ြကတာကလား။

ဒါကြောင့်ဝန်ကြီး၊ ဝန်ကလေး၊ အမတ်မင်းများဟာ အဲဒီပုဂ္ဂိုလ်ကြီးတွေရဲ့ဖေ့စဘုတ်အကောင့်ကို ဆီးဖတ်တောင်လုပ်ထားကြရတာလို့ ဆိုသကိုး။ ပညာရှိ တတ်သိနားလည်သူတွေပေါများလှတဲ့ ရွှေမြို့တော်ကြီးမှာ ဗိုင်းရပ်စ်တွေလွင့်ပါးသွားအောင်၊ ရောဂါတွေ ပျောက်ကင်းသက်သာအောင် ပြုလုပ်ဖန်တီးနိုင်စွမ်းသူဆိုသူကား မည်သူနည်း။ ကျွန်ုပ်တို့ဇာတ်လိုက်ကျော်ကြီး မောင်မောင်ချက် ပင်မဟုတ်လော။

ယနေ့တော့ ထိုကိစ္စနဲ့ပတ်သက်လို့ မောင်မောင်ချက်က မြို့တော်ခန်းမမှာ သတင်းစာရှင်းလင်းပွဲ လုပ်မည်ဖြစ်သဖြင့် ခန်းမမှာ လူစုလူဝေးဖြစ်နေသည်။

“ဝင်ထိုင်ပေးကြပါ၊ ခုံတွေတစ်လုံးနဲ့တစ်လုံး ၆ ပေခွာထားပါတယ်၊ မတ်တပ်ထိုင်ကြပါ”

“မတ်တပ်ထိုင်တယ်ဆိုတာ ဘယ်လိုကြီး ထိုင်ရတာတုံးဗျ”

” ဟာ မျက်နှာဖုံး mask တပ်ပြီးထိုင်ပါလို့ ပြောတာဗျ”

“အဝင်မှာ လက်ဆေးကြပါခင်ဗျာ”

“လက်ကဆေးပြီးပြီ၊ ထမင်းကျွေးတဲ့နေရာက ဘယ်မှာလဲဗျ”

“ဟာ ဒါကျွေးရုံမဟုတ်ဘူးဗျ၊ စတုဒီသာမှတ်နေသလား”

လက်ဆေးခိုင်းလိုက်၊ အပူချိန်တိုင်းလိုက်နဲ့ မနက် ၈ နာရီကလူစသွင်းတာ ည(၇)နာရီမှ သတင်းစာရှင်းလင်းပွဲစရသတဲ့။ စပါပြီ။

” အဟမ်း အခုချိန်ဟာ နယူးနော်မယ်ဆိုတဲ့ နေထိုင်နည်းအသစ်နဲ့နေထိုင်ဖို့ ကျွန်တော်တို့ ပြည်သူတွေပြင်ဆင်ထားကြရတော့မှာပါ။ အမေရိကတို့၊ ဥရောပတို့မှာဆိုရင် ဒီနယူးနော်မယ်”

“ဟေ့ရောင်မောင်မောင်ချက် နယူးနော်မယ်တွေ ဘာတွေနေဦး။ ဗိုင်းရပ်စ်တွေလွင့်ပါးအောင် ဘယ်လိုလုပ်မယ်ဆိုတာပဲ လိုရင်းပြော”

ရှေ့ဆုံးတန်းမှာ ဖေ့စ်ရှီးလ်ခေါ်မျက်နှာကာတွေရော၊ မျက်နှာဖုံးတွေရော၊ မျက်မှန်တွေရော သူ့ဆိုင်မှာရှိသမျှတွေ အကုန်ဝတ်လာတဲ့ ‘ညာတဲ့အိမ်’ဖက်ရှင်ဆိုင်က ဦးကက်သိုက လှမ်းပြောလိုက်မှ မောင်မောင်ချက်လည်း လိုရင်းရောက်တော့တယ်။

“ဒီလိုပါ အခုဆိုရင် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ အမ်ဖန်လို့ခေါ်တဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီး ဖြစ်ပေါ်နေပါတယ် ခင်ဗျ၊ အဲဒီဆိုင်ကလုန်းမုန်တိုင်းကြီးဟာ နောက်နှစ်ရက်နေရင် ကျွန်တော်တို့တိုင်းဒေသကြီးကို အဖျားခတ်ဖြတ်သန်းနိုင်ပါသတဲ့၊ လေတိုက်နှုန်းဟာ တစ်နာရီ ၃၅၊ ၄၀ မိုင်လောက်ရှိပါမယ်တဲ့”

“ဟေ…ဟာ…မုန်တိုင်းနဲ့ ကော်ရိုနာန​ဲ့ ဘာဆိုင်”

“ဒီလိုပါခင်ဗျာ ကျွန်တော့်ရည်ရွယ်ချက်က ဒီလိုပါ၊ ခုကျွန်တော်တို့မြို့မှာရှိနေသမျှ ကွာရင်တိုင်းလူနာအားလုံးကို နောက်နှစ်ရက်နေရင် ကန်သာယာကျွန်းပေါ်ကို ရွှေ့ပါမယ်၊ ဘာအဆောက်အဦးမှမလိုပါဘူး၊ တစ်ယောက်နဲ့တစ်ယောက် ခြောက်ပေအကွာ တန်းစီရပ်နေကြရုံပါပဲ”

“ဟင် ဒါနဲ့ရောဂါကာကွယ်ရောလားကွာ”

“ဒီလိုဗျာ ကော်ရိုနာဗိုင်းရပ်စ်ဟာ အမှုန်အမွှားကနေတဆင့် ကူးနိုင်တာမဟုတ်လား၊ ခြောက်ပေဆို ဒီကောင်မကူးနိုင်ဘူး၊ အဲ တစ်နာရီမိုင် ၄၀ လေတိုက်ခံလိုက်ရင် တကယ်လို့ဗိုင်းရပ်စ်တွေရှိနေခဲ့ရင် လွင့်ပါသွားပြီပေါ့ဗျ။ တစ်နာရီမိုင် လေးဆယ်ဆို ဒီကောင်တွေ လှုပ်နိုင်မှာတောင် မဟုတ်ဘူး၊ အဲဒီတော့ ကွာရင်တိုင်းလူနာတွေအားလုံး ကန်သာယာကိုရွှေ့၊ မတ်တတ်ရပ်နေကြ၊ မုန်တိုင်းလာရင် လက်မြောက်ရင်ကော့ပေးလိုက် ကြရုံပဲ၊ ဗိုင်းရပ်စ်တွေလစ် လစ်…”

“ဟေ့ရောင် ဗိုင်းရပ်စ်လဲလစ်၊ လူလည်းလစ်ရောကွ”

“ခွီးမှပဲ သောက်ရူးဦးနှောက်”

“ဟာ ဒီကောင်ကွာ”

အဲဒီနေ့က သတင်းစာရှင်းပွဲပြီး အတော်လူစုခွဲလိုက်ရဆိုပဲ။ ဖန်သဂျိုးတို့ဆို မောင်မောင်ချက်ကို စင်နောက်ကနေတီးဖို့ live လွှင့်ပြီး စောင့်နေကြသေးသတဲ့၊ နောက်တော့ ဖန်သဂျိုးကမူးပြီးအိပ်ပျော်သွားတာ ဖုန်းဘေလ်လည်းကုန်ရောတဲ့။

အဲဒီနောက်တော့ မောင်မောက်ချက်ကို အမ်ဖန်ချက်တို့ နယူးနော်မယ်မောင်မောင်ချက်ရယ်လို့ ခေါ်ကြတော့တာပဲတဲ့။

LEAVE A REPLY

Please enter your comment!
Please enter your name here