ကျန်းမာရေးအတွက် ရေထိကရုံး

0
253

ကိုသက်နိုင်ဦး ရေးသည်။

ဒေသတစ်ခုရောက်ရင် ကျွန်တော်လေ့လာမိတာ အပင်တွေပါ။ အပင်စုံလင်တာက ဈေးတွေပါပဲ။ ဟုမ္မလင်းက ကမ်းနားဈေးလေးက အသီးအရွက်အတော်စုံလင်တယ်။ ဒီအထဲမှာ ကိုယ်မသိသော၊ မရင်းနှီးသော အပင်တွေက များမှများ၊ ဒီဒေသမှာ အပင်အရွက်အတော်များများကို ဟင်းပေါင်းလုပ်စားကြတာက ဓလေ့လို ဖြစ်နေပြီ၊ အရွက်လေးကိုင်လိုက်ရင်ပဲ အဲဒါ ဟင်းပေါင်းလုပ်စားတာလေက အရင်ဖြေတယ်။ အသီးအရွက်စားတာက ကျန်းမာရေးအတွက်ကောင်းတယ်။ ဈေးလာဝယ်သူတွေ ကြည့်လိုက်ရင် မိန်းကလေးပဲဖြစ်ဖြစ်၊ ယောကျာ်းလေးပဲ ဖြစ်ဖြစ် အရမ်းကြီးဝနေတာ မရှိဘူး။ (ကိုယ်တွေပဲ ဗိုက်ထွက်နေတာ)၊ ကျန်းမာသန်စွမ်းကြပုံပဲ၊ အော်ဂဲနစ်စစ်စစ် စားနေရတာကိုက ကုသိုလ်တစ်မျိုးလို့ ဆိုရမှာပါ။

ဟုမ္မလင်းတာဝန်မကျခင်က ကလေးတက္ကသိုလ်မှာ ပါမောက္ခဘဝနဲ့ လေးနှစ်နီးပါး တာဝန်ကျဖူးတယ်၊ မနက် မနက်ဆိုရင် တက္ကသိုလ်ကနေ လေးမိုင်လောက်ဝေးတဲ့ တာဟန်းဈေးကို အခုလိုဈေးဝယ်ထွက်ရတယ်။ အဲဒီဈေးကလည်း ဟုမ္မလင်းက ဈေးလိုပဲ အသီးအရွက်စုံတယ်။ ထူးတာကကလေးက အသီးအရွက်တွေနဲ့ ဟုမ္မလင်းကအသီးအရွက်က အတော်များများတူကြတယ်၊ အဲဒီအထဲမှာ ကျွန်တော်စိတ်ဝင်စားတဲ့ အပင်တစ်ပင်ရှိတယ်။ ဒီအပင်က ရေထိကရုံးပါ။

ရေထိကရုံးဆိုတာ

ထိကရုံးပင်ဆိုတာ လူတိုင်းသိကြပါတယ်။ အပင်လေးကို လက်နဲ့ထိလိုက်တာနဲ့ ညှိုးသွားလို့ “ထိကညှိုး” ထိကရုံးလို့ ခေါ်ကြတယ်။ ထိကရုံးပင် အမျိုးမျိုးရှိကြတယ်၊ ထိကရုံးကြီး၊ ထိကရုံးလေး၊ ကုန်းထိကရုံး၊ ရေထိကရုံး အစုံစုံပေါ့။

အခု ဟင်းချက်စရာအနေနဲ့ရောင်းတာက “ရေထိကရုံး” ခေါ်တယ်။ သူ့ကို water mimosa or sensitive neptunia လို့ခေါ်ပါတယ်။ Genus မျိုးစုအမည်က Neptune, god of the sea, ကိုအစွဲပြုပြီးပေးတာပါ၊ ဖော့လိုအရာတွေက အမြင်ဆန်းစေတယ်။ ဒီအဖြူရောင်ဖော့တွေကြောင့် အခြားထိကရုံးတွေကနေ အလွယ်တကူ ခွဲနိုင်တယ်။ ရောင်းရင် အစည်းလိုက် ရောင်းတယ်။ ဈေးမကြီးဘူး။

ဘယ်လိုစားမလဲ

အပင်ကို ရေစင်အောင်ဆေးပြီး အရွက်နုလေးတွေကို သေသေချာချာထွင်ပြီး ကန်စွန်းရွက်ကြော်
သလို ကြော်စားနိုင်တယ်၊ အပင်ကို ရေနွေးလေးဖျောပြီး ငါးပိရည်နဲ့ တို့စားနိုင်တယ်။ အချို့ကျတော့လည်း အစိမ်းကို အတို့အမြှုပ်အနေနဲ့ စားကြတယ်။ ပုဇွန်နဲ့ရောပြီး ကြော်စား၊ ချက်စားတယ်။ ကြက်သားနဲ့ရောကြော်စားရင်လည်း အလွန်ကောင်းတယ်။ ရခိုင်လို ဟင်းလှော် လှော်ရင် ဒီအပင်ကမပါမဖြစ်၊ ရှမ်းလို “ပါကခြေ” ခေါ်ပြီး ရှမ်းမုန့်ဟင်းခါးထဲ ထည့်ပြီးစားကြတယ်၊ အနံ့လည်း ပြင်းတယ်။ကျောက်ဖရုံသီးနဲ့ရောပြီး ဟင်းချိုချက်သောက်ရင် အလွန်ကောင်းပါသတဲ့၊ ထိုင်းစားသောက်ဆိုင်တွေမှာ ထိကရုံးကြော်ဟင်းပွဲက နာမည်ကျော်ပါ။ ရေထိကရုံးနဲ့ငါးခူ စပ်စပ်လေးကြော်ထားသော ထိုင်းဟင်းလျာက အရသာရှိလှတယ်၊ စားတာများရင်တော့ အကြောတက်ပါတယ်။ ရေထိကရုံးအပင်လေးတွေကို မြန်မာပြည်သာမက အရှေ့တောင်အာရှနိုင်ငံများမှာလည်း စားသုံးကြတယ်။ အရသာက ဂေါ်ဖီထုပ်အရသာရှိတယ်လို့ သိရတယ်၊ ထိုင်းနဲ့ ကမ္ဘောဒီးယားမှာတော့ တမင်ကိုစိုက်ပြီးဈေးကွက်တင်ရောင်းတယ်။

ဘယ်လိုအပင်လဲ

အပင်က ရေထဲပေါက်သော အပင်ဖြစ်ပါတယ်။ ပင်စည်မှာ ကပ်နေသော အဖြူရောင်တစ်သျှူးပွပွရေမြှုပ်သဖွယ်ဖြစ်နေပြီး အပင်ကို ရေပေါ် ပေါ်အောင် ကူညီလို့ပေးပါတယ်၊ အပင်ပေါက်ဖွားနှုန်းမြန်လွန်းသမို့ အချိန်အနည်းငယ်အတွင်း ကျယ်ပြန့်လှသော အပင်ထုကြီးဖြစ်လာကာ အပူပိုင်းရေကန်များ ရေခမ်းခြောက်စေနိုင်ပါတယ်။ အပင်များလွန်းလို့ ရေနေငါးသတ္တဝါများ ကူးခတ်မရလောက်အောင် ဖြစ်တတ်တယ်လို့ဆိုပါတယ်။

အရွက်တွေက နှစ်ဆင့်ငှက်မွှေးရွက်ပေါင်းလေးတွေပါ ထိလိုက်ရင်ညှိုးသွားတယ်၊ ပန်းခိုင်ကတော့ ထိကရုံးပင်တို့ထုံးစံအတိုင်း လုံးဝန်းသော globose head ပုံစံပါ။ ဒါပေမဲ့ အရောင်က အဝါရောင်ပါ။ ပန်းခိုင်ထဲမှာတော့ လိင်စုံပွင့်၊ အဖိုပွင့်အပါအဝင် ၃ မျိုးပါလို့နေတယ်။ neutral, staminate and bisexual တို့ဖြစ်ပါတယ်။ Handley and Chit Ko Ko ၁၉၈၇ က မြန်မာပြည်မှာ Neptunia ၂ ပင် ရှိတယ်လို့ ဖော်ပြခဲ့တယ်။ တစ်ပင်က အပူပိုင်းဒေသ မန္တလေးမှာရှိပါတယ်။ ဒီအပင်ကတော့ အအေးပိုင်းမှာ မြင်ခဲ့ရတာပါ၊

ဆေးဖက်လည်းဝင်တယ်။ ရေထိကရုံးပင်လေးက တိုင်းရင်းဆေးဖက်လည်း ဝင်ပါတယ်။ အရှင်နာဂသိမ်ဆေးကျမ်းမှာတော့ ပိတ်ဝမ်းရောဂါကိုနိုင်၏။ သည်းခြေဒေါသကို ငြိမ်းစေ၏။ ဆီးကိုလည်း အလွန်ကောင်းစေ၏လို့ ဆိုထားပါတယ်။ ဒါ့ပြင် တွန့်ရှုံ့စေတတ်၏။ အဖျားရေငတ်ရောဂါပျောက်စေ၏လို့လည်း ဆိုထားပါတယ်၊

Wikipedia မှာလည်း ဒီအပင်ဆေးဝင်ပုံမှာ Juice of the stem and roots are used for medicinal purposes. Whole plant extract exhibited cytotoxic activity on neoplastic celllines. Extract of the herb exhibited hepatoprotective activity. လို့ ဖော်ပြထားတယ်။

ဈေးထဲရောက်တုန်း တွေးမိတာကတော့ တို့ဆီဖြင့် ဘယ်သူမှ တကူးတကမစိုက်ပေါင်၊ သူ့ဘာသာသူ သဘာဝပေါက်တာပါ၊ အအေးပိုင်းတစ်ဝိုက်ပေါက်သောအပင်နဲ့ မြေပြန့်ဘက်ကအပင် ဘယ်လိုကွာသလဲ သိချင်မိတယ်။ အတူပါလာသော တပည့်ကျော်ကတော့ ဘယ်လိုစားမလည်း မသိဘူးနော်တဲ့။ အစာလည်းဆေး ဆေးလည်းအစာမို့ ရေထိကရုံးစားကြစို့။

မိတ်ဆွေများရော ဘယ်လိုစားပါသလဲ။