ကြည့်ကြမလား အိန္ဒိယသရဲကား

0
68

ကြောက်ရတဲ့အရသာကို ခံစားချင်သလား။ သနားရတဲ့အရသာကို ကြိုက်သလား။ ရယ်မောရတာကို နှစ်ခြိုက်သလား။ ဒီဇာတ်ကားကို ကြည့်ပါလို့ ညွှန်းပါရစေ။ ဇာတ်ကားရဲ့နာမည်က Laxmii ဖြစ်ပါတယ်။ မင်းသားကြီး အက်ရှေကူးမားရ် အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။ ယခု နိုဝင်ဘာလဆန်းကမှ ထွက်တဲ့ ရုပ်ရှင်ကား ဖြစ်ပါတယ်။ ကိုဗစ်ကြောင့် ရုံမတင်နိုင်ဘဲ ၉ ရက်က Hotstar ရုပ်သံလိုင်းကနေ ဒီဂျစ်တယ်စနစ်နဲ့ ထုတ်လွှင့်ခဲ့ပါတယ်။ ၂၀၁၁ ကထွက်ခဲ့တဲ့ တမီးလ်ရုပ်ရှင် Kanchana ကို ပြန်လည်ရိုက်ကူးခြင်း ဖြစ်ပါတယ်။ လိင်ပြောင်းအမျိုးသမီးတစ်ဦးကနေဖြစ်တဲ့ သရဲတစ်ကောင်ရဲ့ ပြန်လည်လက်စားချေတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။

(၁)

မိုဟာမက်အာဆစ်ခန်းဆိုတဲ့ လူငယ်အမျိုးသားတစ်ဦးဟာ သရဲတစ္ဆေတွေကို အယုံအကြည်မရှိသူဖြစ်ပါတယ်။ သူ့ပတ်ဝန်းကျင်မှာ သရဲတစ္ဆေအပေါ် ကြောက်လန့်နေသူတွေကို နှစ်သိမ့်ပညာပေးတတ်သူဖြစ်ပါတယ်။ ပြီးတော့ သရဲတစ္ဆေကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးစီးပွားရှာနေသူအချို့ကိုလည်း နှိပ်ကွပ်တတ်သူ ဖြစ်ပါတယ်။

သူက အစ္စလာမ်ဘာသာကို ကိုးကွယ်တယ်။ သူ့အမျိုးသမီးတော့ ဟိန္ဒူဘာသာဝင်အမျိုးသမီးတစ်ဦးပါ။ နာမည်က လက်ရှ်မီး ဖြစ်ပါတယ်။ လက်ရှ်မီးဘက်က မိဘတွေသဘောမတူလို့ ခိုးပြေးခဲ့ပြီး ပေါင်းသင်းခဲ့ရပါတယ်။ ဒါ့ကြောင့် လက်ရှ်မီးဘက်က မိဘတွေရဲ့ပစ်ပယ်ခြင်းကို ခံခဲ့ရပါတယ်။ သူတို့နှစ်ဦးစလုံးက ဘာသာရေးအစွဲအလမ်းကြီးသူတွေ မဟုတ်ပါဘူး။ သာယာတဲ့အိမ်ထောင်လေးတစ်ခုကို ထူထောင်နိုင်ခဲ့ကြပါတယ်။ သားသမီးမရှိဘဲ အာဆစ်ရဲ့ မိဘမဲ့တူလေးတစ်ယောက်နဲ့အတူ နေကြပါတယ်။

တစ်နေ့တော့ လက်ရှ်မီးရဲ့မိခင်က သူတို့ဆီဖုန်းဆက်ပါတယ်။ သူတို့မိဘနှစ်ပါးရဲ့ ၂၅ နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်ပွဲကို တက်ရောက်ဖို့ လက်ရှ်မီးတို့နှစ်ယောက်ကို ဖိတ်တာပါ။ နှင်းခဲပျော်သွားတဲ့သဘောပေါ့။ ဒါနဲ့ အာဆစ်နဲ့လက်ရှ်မီးတို့လည်း မိဘများရှိရာ သွားကြပါတယ်။ တူလေးလည်း ပါတယ်ပေါ့ဗျာ။

အဲဒီမြို့မှာ နာမည်ကြီးတဲ့ အိမ်ဝန်းကြီးတစ်ခုရှိတယ်။ သရဲခြောက်လွန်းလို့ နေ့ခင်းဆိုရင်တောင် အဲဒီအိမ်ဝန်းဘက် တော်ရုံတန်ရုံ လှည့်မကြည့်ဝံ့ဘူး။ ဘယ်သူမှလည်း အဲဒီဝန်းထဲ မသွားဝံ့ဘူး။ အိမ်နီးချင်းတိုက်ပေါ်က အဝတ်လှန်းတာ၊ တဘက်တစ်ထည်က အဲဒီခြံဝန်းဘက်ကျသွားတယ်။ သွားကောက်လိုက်တာ ညကျသွားကောက်တဲ့ကောင်မလေး အိပ်မက်ဆိုးတွေမက်တော့တာပဲ။ တဘက်ကိုပြန်ပစ်လိုက်မှ မခြောက်တော့တာ။ ဒီလောက်ထိကြမ်းတာ။

(၂)

ဒါကို မသိတဲ့၊ သိတော့လည်း သရဲတစ္ဆေအယုံအကြည်မရှိတဲ့ အာဆစ်က ကလေးတစ်သိုက်ခေါ်သွားပြီး ခုနက ခြံဝန်းကြီးထဲသွားပြီး ခရစ်ကတ်သွားကစားလေရဲ့။ ငုတ်တိုင်တွေစိုက်တော့ အချွန်တွေက အဲဒီခြံထဲမှာ မြှုပ်ထားတဲ့ အလောင်းကိုသွားစိုက်တယ်။ သူတို့က မသိဘူးပေါ့။ မိုးတွေတက်လာပြီးသည်းလာလို့ သူတို့အိမ်ပြန်လာကြတယ်။ ငုတ်တွေကို နှုတ်ခဲ့ကြတယ်။ ငုတ်တွေမှာ အလောင်းရဲ့သွေးတွေ စွန်းလာတယ်။ အိမ်ရောက်လို့ ငုတ်တွေထုတ်လိုက်တော့ ပုပ်စော်ကို နံဟောင်နေတာပဲ။ ငုတ်တွေကို အိမ်အပြင်ထုတ် ရေနဲ့ဆေးတယ်။ အဲဒီရေတွေက စပါးလင်အပင်တွေပေါ် လောင်းမိရဲ့သားဖြစ်သွားတယ်။ အဲဒီညကစပြီး သူတို့တစ်အိမ်လုံး ကောင်းကောင်းမအိပ်ရတော့ဘူး။

ပထမဆုံးကြုံလိုက်ရတာက ယောက္ခမအမျိုးသမီးကြီး။ တစ်ရေးနိုးလာတော့ မိန်းမတစ်ယောက်ရဲ့ငိုသံကြားရတယ်။ သူ့သမီးများ ငိုတာလားလို့ သူ့အခန်းသွားကြည့်တော့လည်း မဟုတ်ဘူး။ အိမ်အောက်ထပ်ဆင်းကြည့်တော့လည်း မတွေ့ဘူး။ အိမ်အပြင်ဘက် ထွက်ကြည့်တယ်။ မတွေ့ဘူး။ ဒါနဲ့ အိမ်ထဲပြန်ဝင်လာတယ်။ ငိုသံတွေ ပြန်ကြားရတော့တာပဲ။ ပြေးလိုက်တာမှ မှုန်လို့။ ခုတင်ပေါ်မအိပ်ရဲလို့ ခုတင်အောက်လို့ ဝင်ပုန်းအိပ်လေရဲ့။ မနက်ရောက်လို့ အိမ်သားတွေကို ပြန်ပြောတော့ တစ်ယောက်မှ မယုံကြဘူး။

နောက်တစ်ညကျ ချွေးမဖြစ်သူ အလှည့်ကျလေရဲ့။ ကျွီ…ကျွီဆိုတဲ့ အသံတွေကြောင့် သူမနိုးလာတယ်။ အိမ်အောက်ဆင်း စတိုခန်းထဲသွားကြည့်တော့ ကလေးဆော့တဲ့ မြင်းရုပ်က သူ့အလိုလို လှုပ်နေလေရဲ့။ ယောကျာ်းကိုပါ နှိုးပြီးသွားကြည့်တော့လည်း လှုပ်နေတုန်းပဲ။ ဆူသံတွေကြောင့် အာဆစ်ပါနိုးလာပြီး ဆင်းလာတယ်။ ပွင့်နေတဲ့ပြတင်းပေါက်ကို ပိတ်လိုက်တော့ မြင်းရုပ်ငြိမ်သွားတယ်။ သူတို့ထွက်သွာပြီး ခဏနေတော့လည်း သူ့အလိုလိုလှုပ်ပါလေရော။

နောက်နေ့ကျ သားအမိနှစ်ယောက် ဟိန္ဒူဘုရားကျောင်းကိုသွား၊ ပုဏ္ဏားကြီးဆီကို သွားအကူအညီတောင်းကြတယ်။ ပုဏ္ဏားကြီး အိမ်ကြွလာပြီး မကောင်းဆိုးဝါး ရှိ၊ မရှိစမ်းသပ်နည်းတွေ ပြထားခဲ့တယ်။ အုန်းသီး၊ နွား၊ သွေးစက်ဆိုတဲ့ နည်းသုံးနည်းနဲ့စမ်းလိုက်တော့ မကောင်းဆိုးဝါးရှိကြောင်း သားအမိနှစ်ယောက် သိသွားကြတယ်။ အဲဒီအချိန်ထိ သရဲဟာ ခြောက်တဲ့၊ လှန့်တဲ့အဆင့်ပဲရှိသေးတယ်။ ဝင်ပူးတဲ့အဆင့် မရောက်သေးဘူး။

သရဲက ဝင်ပူးမယ့်ပူးတော့လည်း တစ္ဆေသရဲ အယုံအကြည်မရှိတဲ့ အာဆစ်ကို ဝင်ပူးတယ်။တစ်ကောင်တောင်မဟုတ်ဘူး။ သုံးကောင်တောင်။ အာဆစ်က ယောက္ခမအမျိုးသားကြီးကို စပါးလင်လက်ဖက်ရည်ဖျော်တိုက်တယ်။ အိမ်ရှေ့က သရဲသွေးတွေကျထားတဲ့ စပါးလင်အရွက်ကို ခူးပြီးဖျော်ပေးတယ်။ ယောက္ခမက မသောက်ဖြစ်တော့ သူ့ဘာသာသူ သောက်လိုက်တယ်။ အဲဒါနဲ့ သရဲကသူ့ဝင်ပူးသွားတာ။

အဓိကကျတဲ့သရဲက မိန်းမလျာ။ လိင်ပြောင်းထားတဲ့သူ။ အဲဒီတော့ အာဆစ်တစ်ယောက်တစ်ခါတစ်ခါ မိန်းမစိတ်ပေါက်သွားတတ်တယ်။ ရေချိုးခန်းထဲက သူများဆနွင်းတွေ ယူလိမ်းတတ်တယ်။ နောက်ပြီး ညဆို လက်ကောက်တွေဝတ်ပြီး ကချင်ကနေတတ်တယ်။ အကုန်သိသွားတာက မိသားစုတစ်ခုလုံး အဝတ်အစားသွားဝယ်တဲ့နေ့ပဲ။ အဝတ်အစားဆိုင်ထဲမှာ ဆာရီအနီတွေမြင်တော့ သရဲမက မနေနိုင်တော့ဘူး။ အာဆစ်ကို ဝင်ပူးပြီး စမ်းဝတ်ကြည့်တယ်။ အဲဒီတော့ အာဆစ် ဟန်တွေက တကယ့်မိန်းမဟန်ပေါက်တယ်။ လမ်းလျှောက်ပုံ၊ စကားပြောပုံတွေက တကယ့်မိန်းမဟန်၊ နှုတ်ခမ်းမွှေးကားကားကြီးနဲ့ ယောကျာ်းတစ်ယောက်က တကယ့်မိန်းမဟန်ဖြစ်နေတော့ တစ်ဆိုင်လုံးက ဝိုင်းကြည့်ကြတာပေါ့။ လက်ရှ်မီးက တခြားဘက်သွားနေတော့ မသိလိုက်ဘူး။ ယောက္ခမအထီးကြီးကရှက်ပြီး သူ့ကိုပါးရိုက်တော့ သူကပြန်ရိုက်လိုက်သေးတယ်။ ပြီးတော့လည်း သရဲမက ပြန်ထွက်သွားတယ်။ အာဆစ်က ဘာမှမသိဘူး။ လက်ရှ်မီးလည်း သူ့ယောကျာ်းအဖြစ်ကို မသိသေးဘူး။

လက်ရှ်မီးပါသိသွားတာက နောက်ရက် ရေချိုးခန်းထဲ ချောင်းကြည့်မှ သိတာ။ သူ့ယောကျာ်းနနွင်းလိမ်းနေတာကိုမြင်မှ သူယုံသွားတာ။ ပိုယုံသွားတာ ထမင်းဝိုင်းပဲ။ အားလုံးသိသွားတော့ သရဲမက ကြမ်းတော့တာပဲ။ ယောက်ဖကို ထိုးကြိတ်၊ ခုံတွေရွှေ့၊ ဗြောင်းဆန်အောင် အစွမ်းပြတော့တာ။ ကျန်တဲ့သရဲနှစ်ကောင်ပါ ခေါ်ပြလိုက်သေးတာ။ ကိစ္စတစ်ခုအတွက် လာတာဖြစ်ကြောင်း၊ သူ့ကိုနှောက်ယှက်ရင် ခွင့်လွှတ်မှာ မဟုတ်ကြောင်း ကြိမ်းဝါးပါတယ်။ သူတို့အိမ်ကို သရဲသုံးကောင်က အပိုင်စီးလိုက်တဲ့သဘောပါပဲ။ သရဲမက အဲဒီအချိန်မှာ လူ့ဘဝတုန်းက သူတို့သုံးယောက်ကို သတ်ခဲ့တဲ့လူတွေထဲက နှစ်ယောက်ကိုတောင် သတ်ပြီးသွားပါပြီ။ အမှန်တော့ သူလက်စားချေဖို့ကိစ္စအတွက် အာဆစ်ကိုဝင်ပူးတဲ့သဘောပေါ့။

(၃)

နောက်ရက်တွေမှာ အာဆစ်ကို မိသားစုက မလိမ့်တပတ်နဲ့ ဗလီတစ်ခုကို ခေါ်သွားပါတယ်။အဲဒီက ဘာသာရေးဆရာတစ်ယောက်က သရဲနိုင်တယ်လို့ နာမည်ကြီးတယ်။ သရဲက စွမ်းအားကြီးတော့ အိမ်အထိလိုက်ပြီးနှင်ထုတ်ဖို့ လုပ်ကြရတယ်။ ဒါကို သရဲမက အစွမ်းထက်လွန်းတော့ ဘာသာရေးခေါင်းဆောင်ကြီးရဲ့ နောက်လိုက်တွေကို ဒုက္ခပေးလိုက်သေးတာ။ ခေါင်းဆောင်ကြီးတစ်ယောက်ပဲကျန်တာ။ ရေမန်းနဲ့ပက်မှ သရဲမအရှုံးပေးတယ်။ ဘာကြောင့် ဝင်ပူးရသလဲမေးတော့ သရဲမက သူ့အရင်ဘဝကို မတရားခံခဲ့ရတာတွေကိုပြန်ပြောပြတယ်။

သရဲမ အရင်လူ့ဘဝက ဘယ်လိုလူလဲ၊ ဘယ်လိုမတရားမှုတွေ ကြုံခဲ့ရသလဲ။