ကြည့်သင့်တဲ့ တောင်အာဖရိကရုပ်ရှင်ကား

0
68

ကျော်လတ် ရေးသည်။

ဒီတစ်ပတ်ညွှန်းပေးချင်တဲ့ ဇာတ်ကားရဲ့နာမည်က ‘Tsotsi’ ပါ။ အဓိကဇာတ်ကောင်မင်းသားရဲ့နာမည်ကိုပဲ ဇာတ်ကားအမည်ပေးထားပါတယ်။ အဓိပ္ပာယ်က “ရာဇဝတ်ဂိုဏ်းသား” ပါ။ လွယ်လွယ်ပြောရင် လူမိုက်ပေါ့ဗျာ။ “နှလုံးသားလှတဲ့လူမိုက်”လို့ ထပ်ပြောရမှာပါ။ ၂၀ဝ၅ ခုက ထွက်ခဲ့တဲ့ဇာတ်ကားပါ။ ဘတ်ဂျက်အနေနဲ့ အမေရိကန်ဒေါ်လာ ၃ သန်းလောက်ပဲသုံးပြီး ၁၁ ဒသမ ၅ သန်း ပြန်ရခဲ့ပါတယ်။

ဒီဇာတ်ကားဟာ ချီးကျူးမှုတွေ အများအပြားရခဲ့တဲ့ဇာတ်ကား ဖြစ်ပါတယ်။ ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ သရုပ်ဆောင်တွေ၊ နောက်ခံတေးဂီတတွေ ဘာဆိုဘာမှပြောစရာမလိုအောင် ပြည့်စုံတဲ့ ဇာတ်ကားဖြစ်ပါတယ်။ အထူးသဖြင့် သရုပ်ဆောင်တွေကို ချီးကျူးကြပါတယ်။ ၂၀ဝ၆ အကယ်ဒမီဆုပေးပွဲမှာ အကောင်းဆုံးနိုင်ငံခြားစကားပြောရုပ်ရှင်ဆု ရခဲ့သလို Golden Globe ဆုပေးပွဲမှာလည်း အဲဒီဆုအတွက် အမည်စာရင်းတင်သွင်းခံခဲ့ရပါတယ်။ ၂၀ဝ၉ မှာတော့ တမီးလ်ရုပ်ရှင် Yogi အဖြစ် တရားမဝင် ပြန်လည်ရိုက်ကူးခံခဲ့ရပါသေးတယ်။

(၁)

လူတွေ ဘာကြောင့်များ ဆိုးကြမိုက်ကြသလဲ စဉ်းစားကြည့်ဖူးလား။ လူတိုင်း ဘယ်သူမှ မဆိုးချင် မမိုက်ချင်ဘူးလို့ ယုံကြည်ပါတယ်။ အခြေအနေအကြောင်းတစ်ခုကြောင့်သာ ဆိုးကုန်မိုက်ကုန်ကြတယ်လို့ ထင်ပါတယ်။ လူတွေကို ဆိုးစေမိုက်စေတဲ့ အကြောင်းတွေထဲမှာ အင်အားကြီးတဲ့ အကြောင်းအရင်းတစ်ခုကတော့ “ဆင်းရဲခြင်း” လို့ ယူဆပါတယ်။ ဟုတ်ပါတယ်။ ဆင်းရဲခြင်းဟာ သူလည်း ဆိုးသလို သူ့နောက်လိုက်အပေါင်းအပါ အဆိုးပေါင်းများစွာကို ချန်ထားစမြဲပါ။

တောင်အာဖရိကနိုင်ငံရဲ့ ဆင်းရဲခြင်းက ကောင်လေးတစ်ယောက်ကို မွေးဖွားလိုက်တယ်။ သူ့ကို ‘Tsotsi’ လို့ခေါ်ကြတယ်။ “လူမိုက်လေး” လို့ ခေါ်ကြတဲ့သဘော။ သူ့နာမည်အရင်းကို ဘယ်သူမှမသိကြဘူး။ သူလည်း သူ့နာမည်အရင်းကို မေ့ထားတယ်။ သူ့ဘဝကို မေ့ထားတယ်။ သူ့အိမ်ကပေးတဲ့နာမည်က ဒေးဗစ်တဲ့။ မိခင်က ရောဂါတစ်ခုကြောင့် သေလုနီးပါး အိပ်ရာထဲ လဲနေတယ်။ ဖခင်က ယစ်ထုပ်ကြီး။ ညတိုင်း မူးရင်ပြဿနာရှာတဲ့ ဖခင်၊ အိပ်ရာထဲလဲနေတဲ့မိခင် ဒီအခြေအနေတွေကနေ လွတ်မြောက်ဖို့သူဟာ အိမ်ကနေ ထွက်ပြေးခဲ့ပါတော့တယ်။ အိမ်ပြေးဖြစ်သွားပြီ။

Tsotsi ဟာ အိမ်ကနေထွက်ပြေးလိုတော့ရခဲ့တယ်။ ဒါပေမဲ့ ဆင်းရဲခြင်းကတော့ ထွက်မပြေးနိုင်ခဲ့ဘူး။ မြို့စွန်လမ်းဘေးမှာပုံထားတဲ့ ကွန်ကရစ်ပိုက်လုံးကြီးတွေထဲမှာ သူနေတယ်။ သူ့လိုပဲဆင်းရဲသားကောင်လေးတွေနဲ့ အပေါင်းအသင်းဖြစ်သွားတယ်။ ဒီလိုနဲ့ အရွယ်ရောက်လာတယ်။စာကတော့ တစ်လုံးမှ မတတ်ဘူး။ ဂဏန်းကို မပေါင်းတတ်တာ။ ဘာပညာမှမတတ်တဲ့ သူတို့အလုပ်က “လူမိုက်” အလုပ်ပဲ။ သူ့လိုဆယ်ကျော်သက်ကောင်လေးတွေ ၄ ယောက်စုပြီး လူမိုက်အဖွဲ့ ဖွဲ့ထားတယ်။ သူကခေါင်းဆောင်။ သေနတ်ရှိတယ်။ သုံးတော့ သုံးခဲတယ်။ မြေအောက်ဘူတာတွေမှာ သူတို့ကျက်စားတယ်။ သူကသားကောင်ရှာရတယ်။ ပစ်မှတ်ကိုတွေ့တာနဲ့ သူတို့ချဉ်းကပ်တယ်။ တစ်ယောက်က စကေဘာနဲ့ထောက်တယ်။ တစ်ယောက်က ပစ္စည်းယူတယ်။ ကျန်တဲ့သူတွေက ဝိုင်းထားတယ်။ ကလန်ကဆန် အော်မယ်ဟစ်မယ်လုပ်ရင် စကေဘာနဲ့ ထိုးချလိုက်တာပဲ။ လူတွေမရိပ်မိအောင် ထိန်းထားတယ်။ ဘူတာရောက်မှလွှတ်ချ ထွက်ပြေးတယ်။ ဒါသူတို့ဟန်ပဲ။

ဒီအခန်းတွေရောက်တော့ မုံရွာက မှုခင်းသတင်းတချို့ကို သတိရတယ်။ လမ်းသွားလမ်းလာတွေကို လိုက်လုတဲ့အဖွဲ့တွေ၊ အတွဲတွေဆီက လုပြေးတဲ့အဖွဲ့တွေ မိတဲ့အခါ ဆယ်ကျော်သက်ကောင်လေးတွေပါတာ စိတ်မကောင်းစွာ သတိထားမိတယ်။ ဒီကောင်လေးတွေလည်း ဒီဇာတ်ကားထဲက ကောင်လေးတွေလိုများလား၊ ဘယ်လိုနာကျင်စရာအဖြစ်အပျက်တွေက သူတို့ကို လူဆိုးလူမိုက်လေးတွေ ဖြစ်သွားစေတာပါလိမ့်လို့ တွေးဖြစ်သွားတယ်။ ပြောသာပြောရတာ ရွှေပြည်ကြီးနဲ့ တောင်အာဖရိကဆိုတာ မွဲတဲ့နေရာတော့ ပိန်မသာ လိမ်မသာမဟုတ်လား။ ဆင်းရဲခြင်းဆိုတာ ကမ္ဘာကြီးရဲ့ဘယ်နေရာဖြစ်ဖြစ် နာကျင်စရာအပြည့်ပါလား။

ထားလိုက်ပါတော့။ ဇာတ်လမ်းကို ဆက်ကြရအောင်။ သူတို့အဖွဲ့ထဲက တစ်ယောက်က စာနည်းနည်းတတ်တယ်။ သူတို့ထက်လည်း အသက်နည်းနည်းကြီးတယ်။ သူက ကျောင်းဆရာဖြစ်ချင်တာ။ အိမ်ကဆင်းရဲလို့ ကျောင်းထွက်လိုက်ရတာ။ စကားကြီးစကားကျယ်တွေ ပြောလွန်းလို့ သူ့ကို ကျောင်းဆရာကောင်လေးလို့ အဖွဲ့က ခေါ်တယ်။ တစ်ညတော့ ကျောင်းဆရာကောင်လေးနဲ့ Tsotsi ရန်ဖြစ်တယ်။ အဖေအမေအကြောင်းတွေပါလာလို့ Tsotsi ကထထိုးတာ။ တော်တော်လေး ထိုးလိုက်ကြိတ်လိုက်တယ်။ ပြီးတော့ သူထွက်ပြေးသွားတယ်။ သူ့အိမ်ကထွက်ပြေးလာစဉ်က ခြေလှမ်းတွေအတိုင်း၊ အိမ်ကထွက်ပြေးလာစဉ်က အဟုန်အတိုင်း၊ အိမ်ကထွက်ပြေးလာစဉ်က မွန်းကြပ်မှုတွေအတိုင်း…အဝေးကြီး…အဝေးကြီး… ခြေဦးတည့်ရာ သူပြေးထွက်ခဲ့တယ်။ မိုးတွေကလည်း သည်းလို့။

(၂)

သိမ်ငယ်မှု၊ မွန်းကြပ်မှုတွေဟာ မိုက်မဲစိတ် ကြမ်းတမ်းစိတ်ကို မီးထိုးပေးတတ်တဲ့သဘော ရှိဟန်တူတယ်။ မိဘတွေအကြောင်းပြောလို့ သိမ်ငယ်ပြီး သူ့သူငယ်ချင်းတစ်ယောက်ကို ထိုးကြိတ်ပစ်ခဲ့တယ်။ မွန်းကြပ်မှုကနေ ထွက်ပြေးခဲ့တယ်။ ကြမ်းတမ်းစိတ်အဖြစ် ဖောက်ခွဲပစ်ဖို့ သားကောင်တစ်ကောင်ကို Tsotsi တွေ့သွားတယ်။ သူဌေးမိန်းမတစ်ယောက်။ အိမ်ထဲဝင်ခါနီး ကားထဲကထွက်အလာ သူကသေနတ်ပြပြီး ကားကိုလုတယ်။ မိန်းမက ရှေ့တိုးလာလို့ခြေထောက်ကို သေနတ်နဲ့ပစ်ပြီး မမောင်းတတ်မောငး်တတ်နဲ့ မောင်းထွက်လာခဲ့တယ်။ တွေ့ ရာလညး်တိုက်ပစ်ခဲ့တယ်။

ဇာတ်လမ်းက အဲဒီမှစတာ။ လမ်းရောက်မှ ကားနောက်ခန်းမှာ နို့စို့အရွယ်ကလေးလေးတစ်ယောက်ပါလာတာ Tsotsi သိရတယ်။ မြို့အပြင်အထိမောင်းထွက်ခဲ့တယ်။ ကားပေါ်ပါလာတဲ့ ပိုက်ဆံတွေယူပြီး ထွက်မယ်အလုပ် ကလေးက ငိုပါလေရော။ သူဘာလုပ်ရမှန်းမသိ ဖြစ်သွားတယ်။ ကြမ်းတမ်းမှုအောက်က လူသားဆန်စိတ်က ပေါ်လာတယ်။ ပစ်ထားခဲ့ရမလား… ခေါ်သွားရမလား သူ့ကိုဒွိဟဖြစ်သွားစေတယ်။ ကလေးက သူထွက်သွားရင်ငိုရော၊ သူပြန်လာရင် တိတ်သွားပြန်ရော။ ခေါ်သွားရအောင်ကလည်း အမှုက ရှုပ်ဦးမှာ။ သူတောင်တစ်ယောက်တည်း မတ်တပ်အိပ်နေရတာ။ ဘယ့်နှယ့်ကလေးမွေးစားရမယ်လို့။ လူမိုက်လေး ဗျာများခန်းပေါ့။ဟုတ်ကဲ့။ နောက်ဆုံးတော့ လူသားဆန်စိတ်လေးကနိုင်သွားပါတယ်။ ကလေးလေးကို သူပစ်မထားရက်ခဲ့ဘူး။

ကလေးနဲ့တွေ့မှ လူမိုက်လေးလည်း တိုင်ပတ်တော့တာ။ ချီးသေးလဲပေးရ။ အငိုတိတ်အောင်မချော့တတ်လည်း ချော့ရနဲ့။ သူက ဘာလုပ်တတ်မှာလဲ။ ကလေးခင်ဗျာ ဘယ်ဘဝက ဝဋ်ပါလာတယ်မသိဘူး။ နို့ဆာတော့ နို့ဆီဗူးဖောက်ပြီး ကလေးပါးစပ်တေ့ပေးလိုက်တာ။ အေးရော။ ပြီးတော့ အိတ်ထဲထည့်ပစ်ထားခဲ့တာ။ အပြင်ထွက် အလုပ်လုပ်…ပြန်ရောက်မှကြည့်လိုက်တော့ ကလေးကို ပုရွက်ဆိတ်တွေကိုက်နေလိုက်တာ။ နို့ဆီတွေပေနေတဲ့ မျက်နှာကိုကိုက်နေလိုက်တာအများကြီးပဲ။ သူ ကလေးလေးကိုသနားသွားတယ်။ ဘာမှလည်း မလုပ်တတ်ဘူး။ အဲဒီအချိန် ကလေးလေးတစ်ယောက်ကိုပိုးပြီးရေလာခပ်တဲ့ အမျိုးသမီးတစ်ယောက်ကို သူမြင်သွားတယ်။ သူအကြံရသွားတယ်။

အဲဒီမိန်းမနောက်လိုက်သွားပြီး သေနတ်နဲ့ ခြိမ်းခြောက်ပြီး သူ့ကလေးလေးကို နို့တိုက်ခိုင်းတယ်။ဟိုအမျိုးသမီးကလည်း နို့တိုက်ပါတယ်။ ဒါ့အပြင်ကလေးကို သန့်ရှင်းရေးတောင် လုပ်ပေးလိုက်ပါသေးတယ်။ ဘယ်သူ့ကိုမှ မပြောဖို့၊ ပြောရင်သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ထားခဲ့ပါတယ်။ခက်ပါလား။ လက်နက်ကိုင်ထားတဲ့သူတွေဆိုတာ ဦးနှောက်သာမရှိတာ။ ကျေးဇူးတရားမှ မထောက်၊ ခြိမ်းဖို့ခြောက်ဖို့ အတတ်သားပါကလား။

တစ်ဖက်မှာ ကလေးမိဘတွေ အပူမီးတောက်နေရရှာတယ်။ သူတို့က ချမ်းလည်းချမ်းသာ အာဏာလည်းရှိဟန်တူတယ်။ ရဲတပ်ဖွဲ့ကို အပြင်းအထန်ဖိအားပေးတယ်။ ရဲတွေကလည်း ဆေးရုံတက်နေတဲ့ ကလေးမိခင်ကိုမေးပြီး တရားခံပုံကြမ်းကို ပန်းချီဆွဲပါတယ်။ သတင်းစာထဲထည့် ကြော်ငြာလိုက်ပါတယ်။

Tsotsi တစ်ယောက်တော့ ကလေးလေးကိုသူ့ငယ်ဘဝနဲ့ ယှဉ်ယှဉ်တွေးပြီး သံယောဇဉ်တွေဖြစ်နေရှာပြီ။ တင်းမာနေတဲ့ မျက်နှာအောက်မှာ မိသားစုမေတ္တာကိုငတ်မွတ်နေတဲ့ ဘဝတစ်ခု သူ့မှာရှိနေတယ်။ ကလေးလေး နို့ဆာလို့ငိုပြီဆို သူ့မှာ ပျာယာတွေခတ်လို့။ ဟိုအမျိုးသမီးဆီသွားပြီး ခြိမ်းခြောက်ပြီး နိုတိုက်ခိုင်းရပြန်တယ်။ ဒီလိုနဲ့ ဟိုအမျိုးသမီးနဲ့ သူရင်းနှီးသွားတယ်။ ဟိုအမျိုးသမီးက မုဆိုးမပေါ့။ သူ့ယောကျာ်းက အလုပ်လုပ်ဆိုပြီး ထွက်သွားတာ ပြန်မလာနိုင်တော့တာ။ အမျိုးသမီးက ကလေးကို သူ့ဆီမှာထားဖို့ ပြောတယ်။ Tsotsi ကလက်ခံတယ်။ ဒါပေမဲ့ မပေးနိုင်ဘူးလို့ ပြောတယ်။ သူ့ကို နို့ဖိုးလည်းပေးမယ်လို့ ပြောတယ်။ သူတွေ့ချင်တဲ့အချိန်လာတွေ့မယ်လို့လည်း ပြောသေးတယ်။

(၃)

တကယ်တော့ သူ ဒုစရိုက်မှုတွေ မလုပ်ချင်တော့ဘူး။ စိတ်ကုန်နေပြီ။ ခုတော့ ကလေးနို့ဖိုးအတွက် သူ ဒုစရိုက်မှုကျူးလွန်ရဦးမယ်။ ဒီဒုစရိုက်မှုမှာ သူသူ့သူငယ်ချင်းနောက်တစ်ယောက်နဲ့ ထပ်ပြဿနာတက်ပြန်ပါတယ်။ လက်လွန်တဲ့အထိ ဖြစ်ကုန်တယ်။ ဘယ်လိုတွေဖြစ်တာလဲ… ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ဆက်လက်သာ ရှုစားကြပါလို့ တိုက်တွန်းလိုပါတယ်။