ကြေးနီကုမ္ပဏီသို့ ပစ္စည်းလာပို့သော ရန်ကုန်ကားသမားများ Quarantine ဝင်ခိုင်းထား

0
12382
ဓာတ်ပုံ- U Arkar Myint

အိဖြိုး
မုံရွာ၊ စက်တင်ဘာ-၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ဆိပ်ကမ်းမှ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကြေးနီကုမ္ပဏီများသို့ ပစ္စည်းလာပို့သည့် ကားသမားများအား မုံရွာတွင် အသွားအလာကန့်သတ် Quarantine ဝင်ခိုင်းထားသည်။

ကားသမားများသည် ချင်းတွင်းတံတား(မုံရွာ)အနီးတွင် ထမင်းဝယ်ရန် ရပ်နားသဖြင့် ယမန်နေ့ည (စက်တင်ဘာ ၂၆) က တားဆီးကာ Quarantine ထားခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်း COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

ပစ္စည်းတင် တွဲကား (၁၄)စီးသည် အန္တရာယ်ရှိသော ပစ္စည်းများ သယ်ဆောင်လာခြင်းကြောင့် ပစ္စည်းများကို ကုမ္ပဏီသို့ ပို့ဆောင်ခဲ့ပြီး ယာဉ်ပေါ်ပါလူ(၂၇) ဦးကို မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်၊ စာသင်ကျောင်းသို့ Quarantine ၁၄ ရက်ကြာ ထားရှိသွားမည် ဖြစ်သည်။

“ကုန်စည်စီးဆင်းမှုအရတော့ ကားတွေ ဖြတ်တာတွေတော့ ရှိမှာပါ။ မြို့ထဲမှာ မရပ်ဖို့တော့ ညွှန်ကြားချက် ထုတ်ထားပါတယ်။ အခုကိစ္စက ထမင်းဆင်းဝယ်ကြလို့ Q ထားတာပါ”ဟု တိုင်း COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက ပြောသည်။

ဝမ်ပေါင်ကုမ္ပဏီတွင် ရန်ကုန်မှရောက်ရှိလာသော ကားများကို သတ်မှတ်ထားသော ယာဉ်ရပ်နားကွင်းတွင် ရပ်ကာ ယာဉ်ပေါ်ပါလာသူများကို အောက်သို့မဆင်းစေဘဲ ပစ္စည်းများချပြီး မရပ်နားဘဲ ချက်ချင်းပြန်ထွက်စေရန် ကုမ္ပဏီမှ ညွှန်ကြားထားကြောင်း သိရသည်။

“ကားတွေ ဝင်လာဖို့ရှိရင်တော့ အစိုးရအဖွဲ့ကို ကြိုပြီး တင်ပြပါတယ်။ အစိုးရက သယ်ယူပို့ဆောင်မှုနဲ့ပတ်သက်ပြီး ရပ်နားပါဆိုခဲ့ရင်လည်း အစိုးရညွှန်ကြားချက်အတိုင်းလုပ်မှာပါ”ဟု မြန်မာ-ဝမ်ပေါင်ကုမ္ပဏီ၏ ဒုစီမံကိန်းတာဝန်ခံ ဦးခင်မောင်မြင့်က ပြောသည်။

ယမန်နေ့က မုံရွာသို့ ရန်ကုန်တိုင်းဒေသကြီးမှ ကား၂၇စီးနှင့် မန္တလေးတိုင်းမှ ၉၉စီး ဝင်ရောက်ခဲ့သည်။