ကြံကို စပါးကဲ့သို့ အခြေခံဈေးနှုန်း သတ်မှတ်သင့်ဟု တိုင်းလွှတ်တော်တွင် တင်ပြ

0
322

အိအိဖြိုး
မုံရွာ၊ ဇွန်- ၅

စပါးတင်း ၁၀၀လျှင် အခြေခံဈေးနှုန်း ၅ သိန်းဈေးဖြင့် နိုင်ငံတော်မှ သတ်မှတ် ဝယ်သကဲ့သို့ ကြံဈေးကွက်ကိုလည်း ယင်းသို့ ဆောင်ရွက်ပေးသင့်ကြောင်း ကသာမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးညီညီထွန်းက လွှတ်တော်တွင် တင်ပြလိုက်သည်။

စစ်ကိုင်းတိုင်းအတွင်း အရှုံးပေါ်နေသည့် ကြံ၊ သကြားဈေးကွက်အား ယခင်နှစ်များကဲ့သို့ အဆင်ပြေစေရန် ပြည်တွင်း၊ ပြည်ပ သွင်းကုန်ထုတ်ကုန်မူဝါဒများအား စိစစ်ခြင်းကို ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိကို ယနေ့ ပြုလုပ်သော ၂၃ ကြိမ်မြောက် လွှတ်တော်တွင် မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။

“ပြည်တွင်းသကြားတွေကို ပြည်ပကိုမတင်ပို့ဘဲ ပြည်ပကနေ ပြည်တွင်းကို လိုအပ်တာထက် ပိုမိုတင်သွင်းလို့ ဒီက ကြံတောင်သူတွေရဲ့ ဘဝကို ထိုးနှက်သလိုဖြစ်နေပါတယ်”ဟု ဦးညီညီထွန်းက ပြောသည်။

ကြံစိုက်တောင်သူများနှင့် သကြားထုတ်လုပ်သူများအား ကာကွယ်ပေးရန် ပြည်တွင်းစားသောက်ကုန်ကုမ္ပဏီများမှ တင်သွင်းသော သကြားဈေးကွက်ဖြန့်ဖြူးရောင်းချမှုကို ပိတ်ပင်ပေးရန် စစ်ကိုင်းတိုင်းအစိုးရမှ နိုင်ငံတော်သမ္မတရုံးထံ တင်ပြထားသည်ဟု စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဦးက ပြောသည်။

သကြားတင်သွင်းမှု အကောက်ခွန် ကင်းလွတ်နေရာမှ အခွန်စည်းကြပ်မှု သတ်မှတ်ပေးရန် လက်ရှိ ကြံစိုက်တောင်သူများနှင့် လုပ်ငန်းရှင်များ၏ အခက်အခဲကို ကူညီဆောင်ရွက်ပေးနိုင်ရန်ကိုလည်း တင်ပြထားသည်ဟု ဆိုသည်။

စစ်ကိုင်းတိုင်းအတွင်း ကသာမြို့နယ်နှင့် ထိစပ်နေသော ကသာဇုန်၊ ထီးချိုင့်ဇုန်၊ တကောင်းဇုန်၊ မဘိမ်းဇုန် စသည့်ဇုံများတွင် ကျေးရွာ ၃၈၀ ကျော်မှ ကြံစိုက်တောင်သူ ၅၂၀၀ ကျော်ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here