ကွာရတင်းဝင် မဲရုံတာဝန်ကျ ဆရာ၊ ဆရာမများ နေထိုင်ရမှု အဆင်မပြေဟုဆို

0
3866
နာဂဒေသသို့ မဲရုံစောင့်ရန် လာရောက်သည့် ဆရာ၊ ဆရာမများ။

နွမ်းနွမ်း
နန်းယွန်း၊ အောက်တိုဘာ ၁၆

နာဂဒေသ နန်းယွန်းမြို့နယ်တွင် မဲရုံစောင့် တာဝန်ထမ်းဆောင်ရန် နယ်ပေါင်းစုံမှလာသော ဆရာ၊ ဆရာမများ ကွာရတင်းနေထိုင်နေရာ အဆင်မပြေမှုများ ရှိနေသည်ဟု ၎င်းတို့က ပြောသည်။

နန်းယွန်းမြို့ရှိ စာသင်ကျောင်းများ၊ နတလကျောင်း၊ အိမ်တွင်းမှုသက်မွေးကျောင်းများတွင် ကွာရတင်းထားရှိခြင်း ဖြစ်သည်။

ကွာရတင်းဝင်ရက် သုံးရက် ကြာမြင့်ပြီဖြစ်သော်လည်း ကျန်းမာရေးစစ်ဆေးမှု မရှိသေးကြောင်း ဆရာဦးကျော်ထွန်းက ပြောသည်။

“မနေ့ညကမှ အပူချိန်တိုင်းပါတယ်။ ကျွန်တော်တစ်ယောက်တည်းကိုပဲ နေမကောင်းဖြစ်နေတဲ့အတွက်ကြောင့် အပူချိန်စစ်သွားပါတယ်။ နှစ်ရက်လောက်ရှိပါပြီ။ ဖျားတာက၊ ဆေးတော့ လာမစစ်သေးပါဘူး။ သောက်ဆေးလည်း မပေးဘူး”ဟု ၎င်းက ပြောသည်။

ထမင်း၊ ဟင်းများ ဝယ်ယူစားသောက်ရပြီး စားချိန်အမီ ဝယ်ယူရန်လည်း အဆင်မပြေဖြစ်နေသည်ဟု ဆိုသည်။

ကိုယ်တိုင်ချက်ပြုတ်စားသောက်ရန် အုပ်ချုပ်ရေးပိုင်းမှ ဆန်၊ ဆီ၊ ဆား ထောက်ပံ့မည်ဟု ပြောဆိုထားသော်လည်း ယခုထက်တိုင် မရသေးကြောင်း ဆရာ၊ ဆရာမများက ပြောသည်။

ကျန်မားရေးဘက်မှ နာမည်စာရင်းသာ လာကောက်သွားပြီး၊ အခြားစိစစ်မှုများ မရှိကြောင်း၊ နန်းယွန်းမြို့နယ်တစ်ခုတည်းသာ လာရောက်သည့် စရိတ်ပေးရပြီး အခြားဒေသများတွင် လမ်းစရိတ် အခမဲ့ ပို့ဆောင်ပေးကြောင်း ကဲဆန်နှုတ်ညိုရွာ မူလတန်းကျောင်းအုပ်ဆရာကြီး ဦးရဲလင်းအောင်က ပြောသည်။

“ခန္တီး၊ ဟုမ္မလင်းဘက် တာဝန်ကျတဲ့သူတွေဆို အမြန်ရေယာဉ်စီးဖို့ အခမဲ့ စီစဉ်ပေးတယ်။ ကျွန်တော်တို့ နာဂ နန်းယွန်းကျ ကိုယ့်ပိုက်ဆံနဲ့ကိုယ် လာရတာ။ ထွေအုပ်က ကွာတာလား။ ပညာရေးဌာနက ကွာတာလား။ ရွေးကော်က ကွာတာလား မသိဘူး”ဟု ၎င်းက ပြောသည်။

လမ်းခရီးတွင်လည်း ရှင်ဗွေယန်နှင့် နန်းယွန်းကြား ကားလာကြိုရာတွင် လူများ အစုအပြုံလိုက်ဖြင့် လိုက်ပါခဲ့ရသည်ဟု ဆိုသည်။

နန်းယွန်းမြို့ နတလ လူငယ်သင်တန်းကျောင်းတွင် ကွာရတင်းဝင်နေသူများမှာလည်း ကိုယ်တိုင် ချက်ပြုတ်စားခွင့်မပြု၍ ဝယ်စားနေရကြောင်း၊ စရောက်သည့်နေ့တွင် ဆရာတချို့မှာ ထမင်းပင် မစားရကြောင်း ဆရာမ ဒေါ်စောသီရိမွန်က ပြောသည်။

“သတင်းမှာ အစစအရာရာ ချက်စားမယ်ဆိုတောင် ဆန်၊ဆီ၊ ဆား ပေးမယ် တွေ့ရတယ်။ အမှန်တကယ် လက်တွေ့ကျတော့ ချက်စားမယ်လုပ်တော့ တာဝန်ရှိသူများကပေါ့ ဝါယာကြိုး ရှော့ခ်တစ်ခုခုဖြစ်ရင် ဆရာမတို့ တာဝန်ယူမလား။ ဒီလိုမျိုး အဆင်ပြေနေရတာတောင် ကံကောင်းလှပြီမှတ်တဲ့”ဟု ၎င်းက ပြောသည်။

နာဂဒေသသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ကုန်ဈေးနှုန်းကြီးသောဒေသ ဖြစ်သည်။ ထိုသို့မဲရုံစောင့်တာဝန်ကျ ဆရာ၊ ဆရာမများ စစ်ကိုင်းတိုင်းအောက်ပိုင်းဒေသများမှ လာရောက်တာဝန်ထမ်းဆောင်သူများ ဖြစ်ကြ၍ ဒေသခံများကလည်း ရောဂါသံသယဖြင့် ၎င်းတို့အား စိုးရိမ်ပြောဆိုနေမှုများလည်း ရှိနေသည်ဟု ဆိုသည်။

နန်းယွန်းမြို့နယ်တွင် မဲရုံ ၈၂ ရုံရှိပြီး မဲရုံစောင့်တာဝန်ထမ်းဆောင်မှု ဆရာ၊ ဆရာမ ၃၄၀ ဦး ရှိသည်။