ခရိုင်မှုခင်းရဲအဖွဲ့ အယောင်ဆောင် ငွေတောင်းသူများ ဖမ်းမိ

0
1898

မောင်စိန်ချို
ပင်လည်ဘူး၊ ဇန်နဝါရီ – ၁၈

ကသာခရိုင် ဗန်းမောက်မြို့နယ်တွင် မှုခင်းနှိမ်နင်းရေး ခရိုင်ရဲတပ်ဖွဲ့အယောင်ဆောင်၍ ငွေတောင်းသူများအား ယမန်နေ့က ဖမ်းမိခဲ့သည်။

ဗန်းမောက်မြို့နယ် ခေါင်းကိုက်ကျေးရွာနေ အမျိုးသမီးတစ်ဦးနေအိမ်အား ဇန်နဝါရီ ၁၆ ရက်နံနက်တွင် လူ ၄ ဦးရောက်လာပြီး ခရိုင်အဖွဲ့ကဟု ပြောဆိုငွေတောင်းခဲ့ခြင်း ဖြစ်သည်။

၎င်းအား မူးယစ်ဆေးဝါးရောင်းချနေသည်မှာ ခရိုင်အထိပေါက်နေကြောင်း အဖမ်းမခံနိုင်လျှင် ငွေနှစ်သိန်းပေးရမည်ဟု ပြောကြောင်း၊ ၎င်းမှာ ယခင်က မူးယစ်ဆေးလုပ်ခဲ့ဖူးသော်လည်း လက်ရှိတွင် မလုပ်တော့ကြောင်း တောင်းပန်ပြောဆို၍ ငွေတစ်သိန်းကျပ် ပေးလိုက်ရကြောင်း ရဲစခန်းထံ အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

“အရင်ကလည်းတောင်းတာပဲ။ ခဏခဏအယောင်ဆောင်လာတောင်းတော့ အတောင်းခံရတဲ့သူကလည်း နာနေပြီလေ။ အဲဒါကြောင့် ရဲစခန်းမှာ အမှုလာဖွင့်တာ။ ကျွန်တော်တို့လည်း အဲဒီအယောင်ဆောင်ငွေတောင်းသူတွေကို ချောင်းနေတာကြာပြီ”ဟု ကသာခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်သောင်းက ပြောသည်။

၎င်းတို့ မှာ မန္တတိုင်းဒေသကြီးမှဖြစ်ပြီး ဗန်းမောက်မြို့တည်းခိုခန်းတစ်ခု၌ တည်းခိုနေကြောင်း သတင်းရ၍ သုံးဦးအား ဖမ်းဆီးနိုင်ခဲ့ကာ တစ်ဦးမှာ ထွက်ပြေးနေသည်။

အယောင်ဆောင်ငွေတောင်းသူများကို ခြောက်လှန့်ငွေတောင်းမှု၊ ရာဇဝတ်မကင်းသော ကျော်နင်းမှု၊ ပြစ်မှုကျုးလွန်ရာတွင် အားပေးကူညီသူကိုယ်တိုင်ရှိနေခြင်း စသော ရာဇသတ်ကြီး ပုဒ်မ ၃၈၈/၄၄၇/၁၁၄ တို့ဖြင့် ကနဦးအမှုဖွင့်၍ ဗန်းမောက် မြို့မရဲစခန်းတွင် ဖမ်းဆီးထားသည်။