ချေးငွေဒုက္ခ

0
153

လမ်းဘေးဈေးသည်တစ်ဦးဖြစ်တဲ့ အသက် ၄၀ ကျော် ဒေါ်အေးအေး(အမည်လွှဲ)တစ်ယောက် ဈေးဝယ်လာသူတစ်ဦးထံ ဘယ်နှစ်နာရီရှိပြီလဲဟု လှမ်းမေးပြီးနောက် အလျင်စလိုနဲ့ သုတ်ခြေတင် သွားပါတော့တယ်။ သူမရဲ့ ဈေးရောင်းရငွေတွေကို သူမ အကုန်သုံးခွင့်မရှိပါဘူး။ ဒီနေ့သူမ ကုမ္ပဏီကနေ ချေးထားတဲ့ငွေကို ပြန်ဆပ်ရမယ့်နေ့ပါ။

သူ့ဈေးတောင်းကိုတော့ နံဘေးက ဈေးသည်ကိုပဲ ကြည့်ရောင်းပေးဖို့ မှာခဲ့ရင်း ချေးငွေဆပ်ရမယ့်ဆီကို အပြေးလာခဲ့ခြင်း ဖြစ်ပါတယ်။

ကြွပ်ကြွပ်အိတ်ထဲက ပိုက်ဆံတွေကို ရေတွက်ရင်း ငွေချေးကုမ္ပဏီရဲ့ ဝန်ထမ်းထံကို လှမ်းပေးလိုက်ပါတယ်။ လက်မှတ်ထိုးစာအုပ်မှာ သူကိုယ်တိုင်လက်မှတ်မထိုးဘဲ ဝန်ထမ်းဖြစ်သူကိုပဲ ကိုယ်စားထိုးခိုင်းလိုက်ပါတယ်။

‘ရုံးငွေက တစ်ရက်ကလေးမှ နောက်ကျလို့ မရဘူးလေ။ အချိန်မှီ မဖြစ်ဖြစ်တဲ့နည်းနဲ့ ဆပ်ရတာ’ဟု ဒေါ်အေးအေးက ပြောပါတယ်။

သူ့သားဖြစ်သူ အမှုဖြစ်ပြီးနောက် ရှေ့နေငှားဖို့ ပိုက်ဆံလိုရာကနေ ချေးငွေကုမ္ပဏီလို့ လူအများခေါ်တဲ့ အသေးစားငွေရေးကြေးရေး လုပ်ငန်းတွေဆီကို ဆက်သွယ်မိသွားတယ်လို့ သူမက ပြောပါတယ်။

သူမလိုပဲ ချေးငွေကုမ္ပဏီထံကနေ မိသားစု စားဝတ်နေရေးအတွက် ဖြေရှင်းနေတဲ့သူတွေ မုံရွာမြို့မှာ ဒုနဲ့ဒေးပါ။ ဒီလိုငွေချေးတဲ့အခါမှာ အများစုချေးကြတဲ့ပုံစံကတော့ လမ်းဘေးဈေးဆိုင်ငယ်တွေနဲ့ အိမ်ဆိုင်ငယ်လေးတွေက အိမ်ရှင်မ အချို့ အစုအဖွဲ့နဲ့ တစ်ဦးကိုတစ်ဦး အာမခံပေးကြရင်း ချေးတဲ့ပုံစံပါပဲ။

ဝင်ငွေနည်းတဲ့ ပြည်သူတွေရဲ့ဘဝတွေ တိုးတက်လာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ငွေရေးကြေးရေးကုမ္ပဏီတွေက ငွေစုငွေချေးလုပ်ငန်း ဝန်ဆောင်မှုပေးတာပါ။ ဒီကုမ္ပဏီတွေမှာ စည်းကမ်းသတ်မှတ်ချက်တွေ ရှိပါတယ်။ ချေးငွေကုမ္ပဏီတစ်ခုကနေ ငွေချေးထားရင် အခြားကုမ္ပဏီတစ်ခုဆီကနေ ချေးငွေထပ်ယူလို့မရပါဘူး။

ဒါပေမယ့် ချေးငွေယူထားတဲ့ အိမ်ရှင်မအချို့ကို မုံရွာဂေဇက်က မေးမြန်းစုံစမ်းကြည့်တဲ့အခါမှာ သူတို့တွေဟာ တစ်ဦးကို ကုမ္ပဏီနှစ်ခု အထက်မှာချေးငွေယူထားသူများတာကို တွေ့ခဲ့ရပါတယ်။ ဒေါ်အေးဆိုရင်လည်း ကုမ္ပဏီသုံးခုထံကနေ ချေးငွေရယူထားတာပါ။ သူမ ငွေလိုလို့ ကုမ္ပဏီတစ်ခုဆီ ဆက်သွယ်ချေးမိပြီး ငွေပြန်ဆပ်မယ့်အချိန်မှာ သူ့လက်ထဲကြပ်တည်းတာနဲ့ နောက်ကုမ္ပဏီ၊ ပြီးတော့ နောက်ကုမ္ပဏီနဲ့ သုံးခုဖြစ်သွားတယ်လို့ သူမက ရှင်းပြပါတယ်။

‘ကုမ္ပဏီတစ်ခုက တခြားကုမ္ပဏီဆီကနေ ငွေယူထားတာကို သိတယ်။ ဒါပေမယ့် ကိုယ်က ပြောထားတယ်။ တကယ်ငွေလိုလို့ပါဆိုတော့ နားလည်မှုနဲ့ ပေးတဲ့သဘောပဲ။ နောက်ကုမ္ပဏီ နှစ်ခုကိုတော့ ဘယ်မှချေးမထားပါဘူးဆိုပြီး လိမ်ထားရတာပေါ့’လို့ သူမက ပြောပြပါတယ်။

သူမ ငွေချေးယူထားတဲ့ ကုမ္ပဏီတွေဟာ တစ်ခုနဲ့တစ်ခုဟာ ပြန်ဆပ်ရတဲ့ရက်၊ ငွေသွင်းရတဲ့ အမျိုးအစားတွေ မတူဘူးလို့ သူမက ပြောပါတယ်။ တစ်လတစ်ခါ၊ ဆယ့်ငါးရက် တစ်ခါ၊ တစ်ရက် တစ်ထောင်နှုန်းနဲ့ သွင်းရတဲ့ အမျိုးအစားတွေဆိုပြီး သူမကတော့ ရှင်းပြပါတယ်။

စစ်ကိုင်းတိုင်းဒေသမှာ အသေးစားငွေရေးကြေးရေးလုပ်ငန်း ရုံးခွဲလာရောက်ဖွင့်လှစ်ချေးပေးနေမှုဟာ ကုမ္ပဏီပေါင်း ၄၀ နီးပါးရှိတယ်လို့ တိုင်းဒေသကြီး ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက ဆိုပါတယ်။

‘ဘဏ်ကို လက်လှမ်းမမီတဲ့သူတွေအတွက် ရည်ရွယ်ပြီး အိမ်တိုင်ရွာရောက် ချေးပေးတာ၊ တစ်ဖွဲ့က ချေးထားပြီးသားဆို နောက်အဖွဲ့က မချေးရဘူး။ ကုမ္ပဏီတွေက ငွေချေးချင်တာ လောက်သိတာ’လို့ ၎င်းဌာန ဦးစီးအရာရှိ ဦးမျိုးသန့်ဦးက ပြောပါတယ်။

ငွေချေးရာမှာလည်း ပြန်ဆပ်နိုင်တဲ့စွမ်းအား ရှိ၊ မရှိနဲ့ ငွေချေးမယ့်သူကို ချေးငွေဆိုင်ရာ သင်တန်းတွေ ပေးရမယ်လို့ ဌာနက ဆိုပါတယ်။

ဒေါ်အေးကတော့ သူငွေချေးစဉ်က အိမ် အမျိုးအစားနဲ့ ဈေးတောင်းကိုပြပြီး ဒီချေးငွေတွေ ရခဲ့တာလို့ ဆိုပါတယ်။ သူမချေးငွေယူစဉ်က အိမ်ပိုင်ဟုတ်၊ မဟုတ်နဲ့ ဈေးဆိုင်ကိုတော့ တိတိကျကျ စစ်လား၊ မြန်းလား အများကြီး မလုပ်ခံခဲ့ရပါဘူး။ အဓိကက သူမတို့အဖွဲ့ ‘ချေးငွေပြန်ဆပ်ရမယ်၊ တစ်ယောက်ထွက်ပြေးရင် အဖွဲ့ထဲက ကျန်တဲ့သူတွေက စိုက်ဆပ်ပေးရမယ်’ ဆိုတာပါပဲ။

‘အဖွဲ့ညီရင်တော့ ဘာမှမဖြစ်ပါဘူး။ ကိုယ်က လူရွေးမှန်ဖို့ အရေးကြီးတယ်။ ရပ်ကွက်ထဲမှာ ချေးရင် အတိုးများတယ်။ ကုမ္ပဏီကတော့ အတိုးနည်းတယ်။ အချိန်တိကျရတယ်။ မရှိသေးလို့ ခဏစောင့်ပါဦးပြောမရဘူး ‘လို့ ဒေါ်အေးအေးက ပြောပါတယ်။

ကုမ္ပဏီချေးငွေတွေဟာ အချိန်တိကျရလို ချေးငွေရယူထားတဲ့ အဖွဲ့ထဲက တစ်ယောက်ထွက်ပြေးသွားရင်လည်း ကျန်တဲ့အဖွဲ့ဝင်တွေက ဆပ်ပေးရတာပါ။ ချေးငေွနဲ့ပတ်သက်လို့ ပြန်မရတာမျိုးရှိသေးလားလို့ မုံရွာမြို့ပေါ်က ချေးငွေကုမ္ပဏီ တစ်ခုကို မေးတဲ့အခါမှာ အများစုကို ပြန်ရတယ်လို့ ပြောပါတယ်။ ၎င်းတို့က သူတို့ရဲ့ကုမ္ပဏီနာမည်ကို ထည့်သုံးခွင့်တောင်းရာမှာတော့ ငြင်းဆန်ခဲ့ပါတယ်။

ချေးငွေပြန်မဆပ်သူဦးရေ၊ တရားစွဲဆိုထားတာ ရှိ၊ မရှိနဲ့ ကုမ္ပဏီတစ်ခု ချေးထားရင် နောက်ကုမ္ပဏီက မချေးရဘူးဆိုတဲ့ နိုင်ငံတော်က ချမှတ်ထားတဲ့ ငွေစုငွေချေး စည်းမျည်းစည်းကမ်းတွေအတိုင်း လိုက်နာပါသလားလို့ အသေးစိတ်မေးမြန်းမှုကိုတော့ ဖြေဆိုခွင့် ရှိ၊ မရှိ ရုံးချုပ်ထံ ခွင့်တောင်းပြီး ပြန်လည်အကြောင်းပြန်ပါမယ်လို့သာ မုံရွာဂေဇက်ကို မုံရွာရုံးခွဲမန်နေဂျာက ဆိုပါတယ်။

အဲဒီကုမ္ပဏီတစ်ခုက ပြန်လည်ဆက်သွယ်လာခြင်း မရှိခဲ့သလို အခြားကုမ္ပဏီတစ်ခုရဲ့ ရုံးတာဝန်ခံကလည်း သူ့မှာဖြေဆိုခွင့်မရှိလို့သာ ငြင်းဆန်ခဲ့ပါတယ်။

ချေးငွေနဲ့ ပတ်သက်လို့ အကြီးအကျယ် ဒုက္ခရောက်ကြတာကတော့ အဖွဲ့ထဲကတစ်ယောက်ယောက် ထွက်ပြေးသွားခြင်းပါပဲ။ တစ်ယောက်ယောက်က ထွက်ပြေးသွားရင် အဖွဲ့ထဲကကျန်တဲ့ သူတွေက ဝိုင်းဖွဲ့တာဝန်ခံပြီး ဆပ်ပေးရတဲ့အတွက် နလန်မထူတော့ပါဘူး။

‘ငွေချေးသူတွေ ပြဿနာ ဖြစ်လာရင်ဖြေရှင်းဖို့ Complain Center တွေထားဖို့ ညွန်ကြားထားပြီး သားပါ’လို့ တိုင်းဒေသကြီး ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးသန့်ထွန်းက ဆိုပါတယ်။

အဖွဲ့ထဲက တစ်ယောက်ထွက်ပြေးသွားလို့ ဒုက္ခရောက်ခဲ့သူတွေထဲမှာ အသက် ၅၀ ခန့်ရှိတဲ့ ဒေါ်ရီရီတစ်ယောက် အပါအဝင်ဖြစ်ပါတယ်။ သူမအိမ်နဲ့ မနီးမဝေးလမ်းဘေးမှာရှိတဲ့ သူမရဲ့ အကြော်ဖိုလေးကို ချေးငွေကုမ္ပဏီက ဝန်ထမ်းတွေ ဟာ တစ်နေ့သုံးခေါက်လောက်လာပြီး ချေးငွေရယူဖို့ မဲဆွယ်ခဲ့တယ်လို့ သူမချေးငွေယူဖြစ်ခဲ့ပုံကို ပြန်ပြောပြပါတယ်။

‘အစကတော့ ငွေလိုရင် ရပ်ကွက်ထဲ ဒီလိုလှည့်လိုက်တာပဲ။ သူတို့က ခဏခဏ လူစုပေးပါ၊ လူစုပေးပါ၊ အတိုးနှုန်းကလည်း ဘယ်လောက်ပဲဆိုပြီး လာလာပြောတော့ ချေးဖြစ်သွားတာ’ဟု ဒေါ်ရီရီက ပြောပါတယ်။

ကံဆိုးစွာနဲ့ပဲ သူမယုံကြည်ပြီး ဖွဲ့လိုက်တဲ့ သူ့အဖွဲ့မှာ တစ်ယောက်ကချေးငွေပြန်ဆပ်ချိန်မှာ ထွက်ပြေးသွားခဲ့ပါတယ်။ ထွက်ပြေးသွားသူဟာ ငွေအများဆုံးယူထားသူဖြစ်တာကြောင့် သူမအပါအဝင် ကျန်လေးယောက် ဒုက္ခရောက်ကျန်ခဲ့တယ် လို့ ဆိုပါတယ်။

ဒီချေးငွေကို သူမ မနှစ်က စတင်ချေးခဲ့တာဖြစ်ပြီး စချေးစဉ်က ကုမ္ပဏီသုံးခုလောက်ကို တပြိုင်နက်ချေးခဲ့တာလို့ သူမက ပြောပါတယ်။

‘ကုမ္ပဏီသုံးခုဆီကနေ ချေးတယ်။ မနှစ်တုန်းကလည်း တစ်ယောက်က ထွက်ပြေးသွားလို့ စိုက်ဆပ်ခဲ့ရတယ်။ အဲဒါ ကျေသွားတာပဲ ရှိသေးတယ်။ ဒီနှစ်ကျ အဖွဲ့ထဲက တစ်ယောက်က ထပ်ပြေးပြန်ရော၊ အကြွေးက ဒီနစ်နေပြီ’လို့ သူမရဲ့ လက်နဲ့ လည်ပင်းဆီကို ထိုးပြပါတယ်။

သူမရဲ့ အကြော်ဖိုလေးကိုပြရင်း ကုမ္ပဏီ သုံးခုဆီကနေ အနည်းဆုံး ၂ သိန်းခွဲကနေ စချေးလို့ ရခဲ့တယ်လို့ ဆိုပါတယ်။ တခြားမှာ အိမ်ငှားနေတဲ့ သူ့မိတ်ဆွေအချို့ကလည်း သူ့အိမ်ကလေးကို ပြပြီးငွေချေးလို့ ရခဲ့တယ်လို့ သူမ ပြောပြချက်အရ သိရပါတယ်။

သူတို့ အဖွဲ့ထဲက ထွက်ပြေးသွားတဲ့ လူအများစုဆိုရင်လည်း ရပ်ကွက်ထဲမှာ အိမ်ငှားလာနေတဲ့သူတွေ ဖြစ်တယ်လို့ ပြောပါတယ်။ အဖွဲ့ထဲက ထွက်ပြေးသွားသူတွေကြောင့် ကူဆပ်ပေးရင်းကနေ သူမရဲ့ နားကပ်၊ ဆိုင်ကယ်၊ ဖုန်းတင်မကတော့ဘဲ အဝတ်အစားထည့်တဲ့ သံသေတ္တာကအစ ပေါင်နှံ ရောင်းချ ကုန်ခဲ့ရတယ်လို့ သူမက တွေဝေမိန်းမောဟန်နဲ့ ပြောပါတယ်။

‘ပစ္စည်းတွေကို မတန်ရည်တန်ရည်နဲ့ ရောင်းရတာလေ။ ဆပ်ရမယ့်နေ့ရောက်ရင် လူကို ဘယ်လိုနေရမှန်းမသိဘူး။ ရင်တွေလည်းတုန်၊ ခေါင်းတွေလည်းပူနေတာ။ အန်တီလေ အခု သွေးတိုးရောဂါတောင်ရှိနေပြီ’ လို့သူမက ပြောပါတယ်။

ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် နိုင်ငံတော်က ရည်ရွယ်ပြီး ချေးငွေလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ပြုထားပေမယ့် ငွေချေးသူတွေကတော့ ပိုပိုပြီး အကြွေးနစ်နေတယ်လို့ ငွေချေးသူတွေက ဆိုပါတယ်။ ငွေချေး လုပ်ငန်းတွေကို ဒေါ်ရီရီက ယခုလိုပဲ မှတ်ချက်ပေးပါတယ်။

‘တစ်ကျပ်ကျော်ကျော်အတိုးနဲ့ ချေးမယ်ဆိုတော့ အစတုန်းက သကြားမင်းဆင်းကယ်တယ်လို့ပဲ ထင်မိတာ။ ခုမှ တကယ့်ငရဲတွင်း ကျသွားမှန်း သိတာ’

LEAVE A REPLY

Please enter your comment!
Please enter your name here