ဂိမ်းစွဲလွန်၍ ဆယ်ကျော်သက်လူငယ် ဆေးရုံရောက်

0
7574

မောင်စိန်ချို
ပင်လည်ဘူး၊ အောက်တိုဘာ- ၂၂

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရေရှင်ကျေးရွာမှ အသက် ၁၇နှစ်ရှိ လူငယ်တစ်ဦးသည် ဂိမ်းအလွန်အကျွံဆော့၍ အားပြတ်မူးလဲကာ ဆေးရုံရောက်ခဲ့ကြောင်း သတင်းရရှိသည်။

လူငယ်သည် နေအိမ် လှေကားအဆင်းတွင် မူးလှဲခဲ့ပြီး ရေရှင်တိုက်နယ်ဆေးရုံသို့ ယခုလ ၁၉ ရက်က ပို့ဆောင်ကုသမှုခံယူခဲ့ခြင်း ဖြစ်သည်။

“အားပြတ်ပြီး မူးလဲတာပါ။ မိဘတွေပြောတာတော့ အစားလည်း ကောင်းကောင်းမစား၊ ညဆိုလည်း တော်တော်နဲ့မအိပ်ဘဲ ဂိမ်းဘဲဆော့နေတယ်လို့ ပြောတယ်”ဟု ရေရှင်တိုက်နယ်​မှ ဒေါက်တာကျော်ထင်က ပြောသည်။

ဂိမ်းအလွန်အကျွံဆော့သူများသည် မျက်စိထိခိုက်ခြင်း၊ ဦးနှောက်အာရုံကြောထိခိုက်မှုများ၊ အလုပ်အပေါ်စိတ်ပါဝင်စားမှုမရှိဘဲ စိတ်လေခြင်းများ ဖြစ်တတ်ကြောင်း ၎င်းက ဆိုသည်။

လူငယ်မှာ ဆေးရုံတွင် သုံးရက်ကြာ ကုသမှုခံယူပြီးနောက် ဆေးရုံဆင်းခွင့်ပေးခဲ့ပြီး ဖုန်း တစ်လမသုံးရန် တိုက်နယ်ဆရာဝန်က မှာကြားထားသည်။