ငွေပင်လယ်ကြီး ကာဆီးနေဦးမည့် ကိုဗစ်ကာကွယ်ဆေး

0
1054

အောင်လတ် ရေးသည်။

ကိုဗစ်ရောဂါကာကွယ်ဆေး အောင်အောင်မြင်မြင် ပေါ်ထွက်ခဲ့လျှင်ပင် ဆင်းရဲသည့်နိုင်ငံများ ထိုကာကွယ်ဆေးရရန် အခက်အခဲများ ရင်ဆိုင်ရလိမ့်မည်ဟု ကျွမ်းကျင်သူများက သတိပေးလိုက်သည်။ ကိုဗစ်ကာကွယ်ဆေးပြိုင်ပွဲ၌ ယခုတစ်ပတ် ကျယ်ကျယ်လောင်လောင် သတင်းတစ်ပုဒ် ထွက်ပေါ်လာသည်။ ထိုသတင်းသည် ကိုဗစ်ကြောင့် စိတ်ညစ်နေရသော၊ ကာကွယ်ဆေး ကြိုတင်မှာကြားထားနိုင်သော သူဌေးနိုင်ငံများအတွက် ရောင်ခြည်တစ်ခု ဖြစ်လာသည်။ အဆိုပါနိုင်ငံများသည် ကိုဗစ်ကာကွယ်ဆေးကို ၂၀၂၁ အကုန်တွင် ရရှိနိုင်ပါလိမ့်မည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်။ ဆင်းရဲသော နိုင်ငံများအတွက်တော့ ထိုဆေးသည် “ရွှေပြည်တော် မျှော်တိုင်းဝေး”နေဦးမည့် အနေအထားဟု သူတို့က ဆိုသည်။

ယခုသီတင်းပတ်အတွင်း သတင်းကြီးနေသည့် ဆေးဝါးကုမ္ပဏီ Pfizer နှင့် BioNTech တို့သည် သက်ဆိုင်ရာဆေးဝါးအေဂျင်စီများထံမှ ခွင့်ပြုချက်ရရချင်း ရက်သတ္တပတ်အနည်းငယ်အတွင်း ပထမဆုံး ကာကွယ်ဆေးများ ထုတ်လုပ်ရန် စီစဉ်နေကြသည်။ လာမည့်နှစ်အတွင်း ကာကွယ်ဆေးအလုံးရေ ၁ ဒသမ ၃ ဘီလီယံ ထုတ်လုပ်ရန် အဆင်သင့်ဖြစ်နေပြီဟု ထိုကုမ္ပဏီက ပြောသည်။

အဆင့် ၃ စမ်းသပ်မှုများ ပြုလုပ်ပြီးသည့်နောက် သူတို့၏ mRNA ဆေးသည် ကိုဗစ် ၁၉ ရောဂါလက္ခဏာများကို ကာကွယ်ရာတွင် ၉၀ ရာခိုင်နှုန်း အစွမ်းထက်ကြောင်း Pfizer နှင့် BioNTech ကုမ္ပဏီတို့က သတင်းထုတ်ပြန်သည်။ သူတို့ဆေးသည် ဆေးဝါးစမ်းသပ်ထိုးနှံခြင်း ခံယူခဲ့သော စေတနာ့ဝန်ထမ်း ထောင်ပေါင်းများစွာကို ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်စေခဲ့ခြင်းမရှိဟု ဆိုသည်။

နှစ်ကြိမ်ထိုးနှံရမည့် သူတို့၏ဆေးသည် လူတစ်ဦးအတွက် အမေရိကန်ဒေါ်လာ ၄၀ သာကုန်ကျမည်ဟု ပြောသည်။ ချမ်းသာသော နိုင်ငံများကတော့ ထိုသတင်း ထွက်ပြီးပြီးချင်းကာကွယ်ဆေးအရေအတွက် သန်းဆယ်ချီအထိ အလုအယက်မှာနေကြသည်ဟု ဆိုသည်။ ထိုဆေးထွက်ပေါ်လာလျှင် လူ့ကျင့်ဝတ်ပိုင်းဆိုင်ရာ အကြပ်အတည်းရင်ဆိုင်ရမည်မှာ သေချာကြောင်း အောက်စဖို့တက္ကသိုလ် နက်ဖီးဆေးဌာနရှိ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးကွန်ရက်၏ ဒါရိုက်တာထရူဒီလန်းက သတိပေးသည်။

ဆင်းရဲသောနိုင်ငံများအတွက် မျှော်လင့်ချက်ရေးရေးတော့ ရှိသည်။ အလုပ်ဖြစ်၊ မဖြစ်တော့ မသေချာ။ အောင်မြင်သော ကာကွယ်ဆေးရလာလျှင် တစ်ကမ္ဘာလုံး ညီညီမျှမျှရနိုင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက COVAX ဆိုသည့် အစီအစဉ်တစ်ခု ပြီးခဲ့သည့် ဧပြီလက ပြုလုပ်ခဲ့သည်။ ထိုအစီအစဉ်သည် အစိုးရများ၊ သိပ္ပံပညာရှင်များ၊ လူမှုအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍအသီးသီးအတွက် ကာကွယ်ဆေး ဖြန့်ဝေပေးမည် ဖြစ်သည်။ လောလောဆယ်တွင် Pfizer ကုမ္ပဏီသည် ထိုအစီအစဉ်တွင် မပါဝင်ပေ။ ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူကတော့ COVAX အစီအစဉ်တွင် တတ်နိုင်သမျှ ထောက်ပံ့ရန် စိတ်ဝင်စားကြောင်းပြောသည်။

Pfizer ကုမ္ပဏီနှင့် ချုပ်ဆိုထားသော အရောငး်အဝယ်စာချုပ်များအရ ပထမဆုံးဆေးအလုံးရေ ၁ ဒသမ ၃ ဘီလီယံအနက် အများစုသည် ချမ်းသာကြွယ်ဝသော နိုင်ငံအများစုကသာ ရယူသွားလိမ့်မည်ဟု ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးမှုစင်တာမှ မူဝါဒရေးရာအဖွဲ့ဝင် အမျိုးသမီးတစ်ဦးဖြစ်သူ ရေချယ်ဆေးဗားမန်းက ပြောသည်။ ချမ်းသာသောနိုင်ငံများ စုစုပေါင်းမှာ ကြားထားသော ကာကွယ်ဆေးအရေအတွက်မှာ ၁ ဒသမ ၁ ဘီလီယံအထိရှိသောကြောင့် ပထမဆုံး ကာကွယ်ဆေးအသုတ်သည် ဆင်းရဲသောနိုင်ငံများသို့ ရောက်ဖွယ်မရှိဟု သူမက သတိပေးသည်။

ကာကွယ်ဆေးများအနက် တစ်စွန်းတစ်စတော့ ဆင်းရဲသည့်နိုင်ငံများသို့ ရောက်နိုင်ပါသည်။အဘယ့်ကြောင့်ဆိုသော် ဆေးကြိုတင်မှာကြားထားသော နိုင်ငံများထဲတွင် ဂျပန်နှင့် ဗြိတိန်တို့ကဲ့သို့ နိုင်ငံအချို့သည် COVAX အစီအစဉ်တွင် ပါဝင်သောကြောင့် သူတို့မှတစ်ဆင့် ဖွံ့ဖြိုးမှုနည်းသောနိုင်ငံများသို့ ကာကွယ်ဆေးရောက်နိုင်ပါသည်။ လက်ရှိတွင် ကာကွယ်ဆေး သန်း ၆၀ဝ မှာထားသော အမေရိကန်နိုင်ငံကတော့ COVAX တွင် မပါဝင်ပေ။ သို့သော်ငြား ဂျိုးဘိုင်ဒင်အစိုးရတက်လာလျှင် ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်ပါသည်။

တရားသောမျှဝေမှု

ဆင်းရဲသောနိုင်ငံများသည်လည်း ကိုဗစ်ကာကွယ်ဆေးရဖို့ အခွင့်အရေးအညီအမျှရှိသင့်သည်ဟု ကမ္ဘာ့ကလေးများရန်ပုံငွေအဖွဲ့ ယူနီဆက်မှ ကိုဗစ် ၁၉ ကာကွယ်ဆေးအရာရှိ ဘင်ဂျမင်ရှရိုက်ဘာက ဆိုသည်။ “ချမ်းသာတဲ့နိုင်ငံတွေကချည်း ကာကွယ်ဆေးကို လက်ဝါးကြီးအုပ်သွားတာမျိုးကို ကျွန်တော်တို့ ကာကွယ်ဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ရင် ဆင်းရဲတဲ့နိုင်ငံတွေအတွက် ကာကွယ်ဆေးအလုံအလောက်ကျန်တော့မှာ မဟုတ်ဘူး”ဟု သူက ပြောသည်။

ကာကွယ်ဆေးအတွက် ငွေပေးဝယ်ယူနိုင်ခြင်းထက် နိုင်ငံတစ်နိုင်ငံ၏ လူဦးရေအပေါ်အခြေခံ၍ ကာကွယ်ဆေး ဖြန့်ဝေသင့်သည်ဟု အမေရိကန်အရှေ့မြောက်တက္ကသိုလ်မှ သုတေသီတို့က စာတမ်းတစ်စောင်၌ ယခုလတွင် ရေးသားခဲ့သည်။ ချမ်းသာသောနိုင်ငံ ၅၀ ကသာ ပထမဆုံးထုတ်လုပ်သော ကိုဗစ်ကာကွယ်ဆေးအားလုံးနီးပါးကို လက်ဝါးကြီးအုပ်လိုက်လျှင် ဖြစ်လာမည့်အကျိုးဆက်များကိုလည်း ထောက်ပြခဲ့ကြသည်။ ချမ်းသာသောနိုင်ငံများကသာ လက်ဝါးကြီးအုပ်လိုက်လျှင်တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကိုဗစ်ကြောင့်သေဆုံးမှုကို ၃၃ ရာခိုင်နှုန်းသာ လျှော့ချနိုင်မည်ဖြစ်ပြီး တစ်ကမ္ဘာလုံးကို မျှမျှတတ ဖြန့်ဝေမည်ဆိုလျှင် ၆၁ ရာခိုင်နှုန်းအထိ သေဆုံးမှုကို လျှော့ချနိုင်မည်ဟု သူတို့က စာတမ်းတွင် သတိပေးထားသည်။

စိန်ခေါ်မှုများစွာ

ဆင်းရဲသောနိုင်ငံများအတွက် ကာကွယ်ဆေးအတွက် ငွေကြေးက အဓိကမဟုတ်ဘူးဆိုလျှင်ပင် ဆေးဝါးကို သယ်ယူဖြန့်ဝေဖို့က ခေါင်းခဲစရာဖြစ်နေဆဲပင်။

Pfizer ကုမ္ပဏီ၏ ကာကွယ်ဆေးသည် mRNA အပေါ် အခြေခံသည်။ ထို mRNA သည် ဗိုင်းရပ်စ်ဆိုင်ရာ ပရိုတိန်းဓာတ်ကို ထုတ်လုပ်ရန် ကိုယ်ခံအားစနစ်ကို လှည့်စားလိုက်သည်။ အဆိုပါပရိုတိန်းဓာတ်သည် နောက်ပိုင်း ပျက်ပြယ်သွားသည်ဟု ဆိုသည်။ ဤနည်းဖြင့် ကိုဗစ် ၁၉ ကို ကာကွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။

ကာကွယ်ဆေး၏အခက်အခဲက လိုအပ်သော အပူချိန်ဖြစ်သည်။ ကာကွယ်ဆေးကို အနုတ် ၈၀ ဒီဂရီဆဲဆီးယပ်(အနုတ် ၁၁၂ ဒီဂရီဖာရင်ဟိုက်)တွင် သိမ်းဆည်းသိုလှောင်ရမည် ဖြစ်သည်။ မသိုလှောင်နိုင်ပါက အာနိသင်ပျက်ပြယ်ပါလိမ့်မည်။ တစ်ကမ္ဘာလုံးရှိ မည်သည့်ဆေးရုံမဆို ရေခဲသေတ္တာအများစုသည် အနုတ် ၂၀ ဒီဂရီအထိသာအေးစေနိုင်သည်ဟု ကျန်းမာရေးကွန်ရက်၏ ဒါရိုက်တာလန်းက ပြောသည်။ ကိုဗစ်အတွက်လိုအပ်သည်မှာ ထိုအပူချိန်ထက် လေးဆ အေးရန်လိုသည်။ ထို့ကြောင့် ကာကွယ်ဆေးထုတ်လိုက်သော စက်ရုံမှ ကာကွယ်ဆေးထိုးမည့်သူ လက်ဝယ်အရောက် ပို့ဆောင်ပေးရန် အရေးသည် ချမ်းသာသော အနောက်နိုင်ငံများအတွက်ပင်လျှင် ဧရာမ စိန်ခေါ်မှုဖြစ်နေဆဲဟု ထောက်ပြသည်။

Pfizer ကုမ္ပဏီကတော့ ထိုအခက်အခဲအတွက် အစီအမံတစ်ခု ပြုလုပ်ထားသည်။ “Thermalshipper” ဟု အမည်ပေးထားသော သေတ္တာတစ်လုံး ဒီဇိုင်းထုတ်ထားသည်။ ထိုသေတ္တာသည် လက်ဆွဲအိတ်အရွယ်သာ ရှိသည်။ ကာကွယ်ဆေးကို ၁၀ နာရီအထိ အအေးထိန်းထားနိုင်သည်ဟု သိရသည်။

နောက်ထပ်နည်းလမ်းတစ်ခုက အစားအသောက်များ သိုလှောင်သည့် ကွန်တိန်နာများဖြစ်သည်။ ၎င်းတို့သည် ကိုဗစ်ကာကွယ်ဆေးအတွက် လိုအပ်သောအပူချိန်နီးပါး အအေးပေးနိုင်သည်။ ခရီးဝေးများအတွက် ထိုကွန်တိန်နာများကို သုံးကာ ကာကွယ်ဆေးကို ပို့ဆောင်နိုင်သည်။

ကာကွယ်ဆေးဆန့်ကျင်မှုတွေ

ကိုဗစ် ၁၉ ကာကွယ်ဆေးစမ်းသပ်နေသော ကုမ္ပဏီအရေအတွက်သည် ၃ ဒါဇင်ကျော်သည်။ကုမ္ပဏီ ၁၃ ခုက အဆင့် ၃ ကို စမ်းသပ်သူ၊ စမ်းသပ်ဆဲ၊ ပြီးစီးသူက ပြီးသွားခဲ့ပြီ။ သတင်းကြီးနေသည့် Pfizer ကုမ္ပဏီသည် စမ်းသပ်မှုရလဒ် အပြည့်အစုံကို ထုတ်ပြန်ရန် လိုပါသေးသည်။

လူတွေက ကာကွယ်ဆေးအပေါ် သံသယရှိနေကြသည်။ ၂၀၁၉ ခုနှစ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြောဆိုခဲ့သည့် အချက်တစ်ချက်ရှိပါသည်။ ဆေးအပေါ်သံသယဖြစ်မှုသည် ကမ္ဘာ့ထိပ်တန်းကျန်းမာရေး ခြိမ်းခြောက်မှုများအနက် တစ်ခုဖြစ်သည် ဆိုသည့်အချက်။ ယခုလည်း ကာကွယ်ဆေးဆန့်ကျင်ရေးလှုပ်ရှားမှုများက ရှိနေသည်။ အီဘိုလာရောဂါတိုက်ဖျက်ရေးအချိန်တုန်းကလည်း ကာကွယ်ဆေးအပေါ် ယုံမှားသံသယဖြစ်မှုများ၊ ကောလာဟလများသည် အင်တာနက်ပေါ်မှာရော၊ ပြင်ပပတ်ဝန်းကျင်မှာရော ပျံ့နှံ့ခဲ့သည်။

Ref: Asia Times/Patrick Galey