ငွေရဲ့ကျေးကျွန်

0
54

ကျော်လတ် ရေးသည်။

တချို့တချို့ အနုပညာသည်တွေဟာ ကောက်ရိုးမီးလိုပဲ။ တစ်ဟုန်ထိုးအောင်မြင်၊ မကြာခင် ပျောက်ကွယ်သွားကြတယ်။ တချို့တချို့ အနုပညာသည်တွေကျ သစ်ပင်ကြီးတွေလိုပဲ။ နှစ်ကာလတွေကြာလေလေ အနှစ်အသားတွေ တက်လေလေပဲ။ သူတို့ရဲ့ အနုပညာစွမ်းရည်တွေက အသက်ကြီးလေ ပိုမိုပြောင်မြောက်လာလေပါ။ တန်ဖိုးကြီးဝီစကီတွေလို့ပဲ ညွှန်းလိုက်ချင်ပါတယ်။ သူတို့ရဲ့အောင်မြင်မှုကလည်း ကျောက်တောင်ကြီးတွေလို ခိုင်မြဲလိုက်ကြတာ။ အင်မတန်ချီးကျူးလေးစားစရာ အနုပညာသည်တွေပါ။

ဒီလို အနုပညာသည်တွေထဲမှာ ဟောလိဝုဒ်မင်းသား လီယိုနာဒိုဒီကာပရီယိုက ထိပ်ဆုံးမှာ ပါပါတယ်။ တိုက်တန်းနစ်ရုပ်ရှင်ကားကြီးမှာ မြင်ခဲ့ရတဲ့ခပ်ငယ်ငယ်ချောချော မင်းသားလေးဟာ သရုပ်ဆောင်အနုပညာစွမ်းရည်တွေ ဒီလောက်ရှိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

ဇာတ်ကားရဲ့နာမည် The Wolf of Wall Street ပါ။ ၂၀၁၃ ကထွက်ခဲ့တဲ့ အတ္ထုပ္ပတ္တိရုပ်ရှင်ကားပါ။ လီယိုနာဒိုဟာ ဒီဇာတ်ကားနဲ့ ၇၁ ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲမှာ အကောင်းဆုံးရုပ်ရှင်မင်းသားဆုကို ရရှိခဲ့ပါတယ်။ ဇာတ်ကားကလည်း အနုပညာရောငွေကြေးရော အောင်မြင်တယ်လို့ သတ်မှတ်ရမှာပါ။ ၈၆ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲမှာ အကောင်းဆုံးဇာတ်ကားဆု၊ အကောင်းဆုံး ဒါရိုက်တာဆု၊ ဇာတ်ညွှန်းဆု၊ သရုပ်ဆောင်ဆုနဲ့ ဇာတ်ပို့အော်စကာဆုတွေအတွက် အမည်စာရင်းတင်သွင်းခံရပါတယ်။ ကုန်ကျငွေအမေရိကန်ဒေါ်လာ သန်း ၁၀ဝ ရှိခဲ့ပြီးတော့ ဝင်ငွေစုစုပေါင်း ၃၉၂ သန်းရခဲ့ပါတယ်။

(၁)

ဂျော်ဒန်ဘဲလ်ဖို့။ အမေရိကန်ရဲ့အလယ်အလတ်တန်းစား မိသားစုပေါက်ဖွားလာတဲ့သူ။ ၁၉၈၇ ခုနှစ်မှာ ဝေါစထရိကို စတော့ရှယ်ယာအကျိုးတော်ဆောင်အဖြစ် အလုပ်လုပ်ဖို့ရောက်လာတဲ့သူ။ အဲဒီအချိန်တုန်းက သူ့အသက် ၂၂ နှစ်။ L.F. Rothschild ဆိုတဲ့ကုမ္ပဏီမှာ လုပ်ဖို့ရောက်လာတာ။ ရောက်ခါစက ရိုးလိုက်တာ။ အရက်တောင် မသောက်တတ်ဘူး။ ဒါပေမယ့်အဲဒီအချိန်ကတည်းက သူက ချမ်းသာဖို့တောင့်တနေပြီ။

ဘဲလ်ဖို့ဟာ အဲဒီကုမ္ပဏီမှာ ဆရာကောင်းတွေ့သွားတယ်။ စတော့ရှယ်ယာစီနီယာအကျိုးတော်ဆောင် မာ့ခ်ဟန်နာတဲ့။ သူက ဘဲလ်ဖို့ကို လက်တွဲခေါ်ခဲ့တယ်။ ဝေါစထရိအကြောင်း သင်ပေးခဲ့တယ်။ စတော့ရှယ်ယာရဲ့ သဘောတရားတွေကို ရှင်းပြပေးခဲ့တယ်။ ပြီးတော့ မကောင်းမှုတွေနဲ့ ပျော်ပါးတတ်အောင်လည်း သင်ပေးခဲ့တယ်။

ဘဲလ်ဖို့ဟာ သူ့ရဲ့ လက်ဦးဆရာဆီက ပညာကုန်ရခဲ့ပါတယ်။ ပညာထူးချွန်လိုက်ပုံများ ခြောက်လလောက်နဲ့ လိုင်စင်ရအကျိုးတော်ဆောင် ဖြစ်လာတယ်။ မူးယစ်ဆေးတွေ သုံးတတ်လာတယ်။ အမျိုးသမီးတွေနဲ့ ပျော်ပါးတတ်လာတယ်။ ငွေတွေကလည်းအများကြီးရလာတယ်။ ဒါပေမယ့် သူ့ရဲ့လူချမ်းသာတို့ဆီသွားတဲ့လမ်းက တစ်ခါတည်းဖြောင့်ဖြူးခဲ့တာ မဟုတ်ဘူး။

အောက်တိုဘာ ၁၉၊ ၁၉၈၇ ခု။ ဘဲလ်ဖို့ရဲ့ ပထမဆုံးလိုင်စင်ရအကျိုးတော်ဆောင်နေ့။ ဝေါစထရိမှာတော့ အဲဒီနေ့ကို Black Monday ခေါ်တယ်။ စတော့ရှယ်ယာဈေးတွေ ထိုးကျတဲ့နေ့။ တစ်နည်း ဝေါစထရိပြိုလဲတဲ့နေ့ပဲ။ ဘဲလ်ဖို့အတွက်တော့ စစ်ဖြစ်မယ့်နှစ်မှ စစ်ထဲဝင်လိုက်သလိုပဲ။ သူလုပ်နေတဲ့ကုမ္ပဏီဟာ အဲဒီအကျိုးဆက်ကြောင့် နောက်တစ်လလောက်အကြာမှာ ပိတ်လိုက်ရတယ်။ သူလည်း အလုပ်လက်မဲ့ဖြစ်သွားတော့တယ်။ သူဌေးတော့မဖြစ်လိုက်ရဘူး။ အခြေအနေကတော့ သူ့မိန်းမလက်စွပ်လေးတောင် ပေါင်ရမလိုဖြစ်သွားတော့တယ်။

(၂)

မှန်းချက်နဲ့နှမ်းထွက် မကိုက်ခဲ့တဲ့ဘဲလ်ဖို့တစ်ယောက် အလုပ်ရှာရပါတော့တယ်။ သူနဲ့ကိုက်တဲ့ အလုပ်တစ်ခုတွေ့ပါတယ်။ ပန်နီစတော့လို့ခေါ်တဲ့ ကုမ္ပဏီသေးသေးလေးတွေအတွက် ရှယ်ယာရောင်းတဲ့နေရာ။ လူချမ်းသာတွေအတွက် မဟုတ်ဘူး။ လူလတ်တန်းစားတွေ၊ အောက်ခြေလူတန်းစားတွေအတွက် ရှယ်ယာရောင်းတဲ့နေရာပေါ့။ ရှယ်ယာတစ်ခုမှ တစ်ဒေါ်လာတောင်မပြည့်ဘူး။ ရှယ်ယာ ခြောက်ဆင့်လောက်ပဲ တန်ဖိုးရှိတဲ့ ကုမ္ပဏီပေါက်စလေးတွေပေါ့။ ဒါပေမယ့် စတော့ရှယ်ယာအကျိုးဆောင်တွေအတွက်ကျ အကျိုးအမြတ်က များတယ်။ ၅၀ ရာခိုင်နှုန်းအထိရတာ။ အရင်ကုမ္ပဏီတုန်းကတောင် ၁ ရာခိုင်နှုန်းပဲရတာ။

ဘဲလ်ဖို့ဟာ ပထမဆုံးရက်မှာတင်ဒေါ်လာ လေးထောင်ဖိုးရအောင် ရောင်းပြလိုက်တယ်။ အလုပ်ကလူတွေအကုန်လုံးက သူ့ကို အထင်ကြီးလေးစားသွားကြပါတယ်။ ဘဲလ်ဖို့ဟာ အမှိုက်လိုလူတွေကို အမှိုက်တွေရောင်းပြီး ပိုက်ဆံရအောင်လုပ်နိုင်လာပါတယ်။ ပြန်ချမ်းသာလာတယ်ပေါ့။ ပြိုင်ကားတဝီဝီစီးပြီး တန်ဖိုးကြီးဝတ်စုံတွေဝတ်ပြီး နေနိုင်လာပါတယ်။ အဲဒီကာလမှာပဲ သူ့ဘဝမှာအကောင်းဆုံးမိတ်ဆွေဆိုလည်းဟုတ်၊ ဆိုးဖော်ဆိုးဖက်၊ ပေဖော်ပေဖက်၊ ရွတ်ဖော်ရွတ်ဖက်ဆိုလည်းဟုတ်တဲ့ ဒေါ်နီဆိုတဲ့သူနဲ့ မိတ်ဆွေဖြစ်ခွင့်ရခဲ့တယ်။ ဒေါ်နီဟာ သူ့ကိုဆေးခြောက်ကြိုက်သွားအောင် သင်ပေးခဲ့တဲ့သူဆိုလည်း ဟုတ်ပါတယ်။

ဘဲလ်ဖို့နဲ့ဒေါ်နီဟာ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အခန်းလေးတစ်ခုငှားပြီး ဝန်ထမ်းတွေလည်း ခေါ်ပါတော့တယ်။ ခေါ်တဲ့ဝန်ထမ်းတွေကလည်း တစ်ကောင်မှအကောင်းမပါဘူး။ လူလည်လူစုတ်တွေချည်းပဲ။ အများစုက ဆေးခြောက်ရောင်းတာ။ ဒါပေမယ့် ဘဲလ်ဖို့နဲ့ လက်တွဲညီပါတယ်။ အစပိုင်းတော့ သူတို့က ပန်နီစတော့တွေပဲ ရောင်းကြပါတယ်။ နောက်တော့ လူချမ်းသာတွေကို ရှယ်ယာရောင်းမယ်ဆိုပြီး Stratton Oakmont ဆိုတဲ့ ကုမ္ပဏီအသစ်တစ်ခု တည်ထောင်လိုက်ပါတယ်။ ဘဲလ်ဖို့ဟာ သူ့လူတွေကိုလူချမ်းသာတွေဆီ ဈေးရောင်းတတ်အောင် သင်ပေးလိုက်ပါပြီ။ ငါးသေးသေးလေးတွေ မဖမ်းတော့ဘူး၊ ဝေလငါးကြီးတွေကိုဖမ်းဖို့ သူတို့ကြိုးစားကြပါပြီ။

ဘဲလ်ဖို့နဲ့ သူ့ကောင်တွေ တက်ညီလက်ညီနဲ့ ကြိုးစားလိုက်ကြတာ ကုမ္ပဏီဟာ အောင်မြင်လာတယ်။ တဖြည်းဖြည်းနဲ့ ကြီးထွားလာတယ်။ ဝန်ထမ်းတွေလည်း အများကြီး ခန့်လာနိုင်တယ်။ရိုးရိုးသားသားချည်းတော့ မဟုတ်ဘူး။ ညစ်ပတ်တဲ့နည်းလမ်းတွေ များများသုံးပြီးတော့ပေါ့။ တစ်လတည်းနဲ့ကို စတော့ရှယ်ယာပွဲခ ဒေါ်လာ ၂၈ ဒသမ ၇ မီလီယံအထိ ရလာကြတယ်။

ချမ်းသာလာတာနဲ့အမျှ ဘဲလ်ဖို့နဲ့လူတစ်သိုက်ဟာ ကဲတယ်၊ သဲတယ်၊ ရှိရှိသမျှ မကောင်းတာမှန်သမျှ အကုန်လုပ်တယ်။ အရက်သောက်တာလောက်တော့ မပြောတော့နဲ့။ ရုံးခန်းထဲမှာတင်ကို ကင်းရှုတယ်။ ဆေးပေါင်းစုံသုံးတယ်။ ပြည့်တန်ဆာတွေခေါ် ပျော်ပါးတယ်။ သူတို့ကုမ္ပဏီသတင်းဟာ ဝေါစထရိမှာ နာမည်ကြီးသွားတယ်။ မီဒီယာတွေမှာလည်း ဖော်ပြလာကြတယ်။ ဘဲလ်ဖို့ကို ‘The Wolf of Wall Street’ လို မီဒီယာတွေက ကင်ပွန်းတပ်ပါတယ်။ ဝေါစထရိရဲ့ကောက်ကျစ်တဲ့ မြေခွေးပေါ့။ ပြီးတော့သူတို့သတင်းက FBI ဆီကိုလည်း ရောက်သွားတော့တာပဲ။ ဘာလို့လဲဆိုတော့ သူတို့ကုမ္ပဏီဟာ ပန်နီစတော့တွေကို လိမ်ရောင်းနေတာကိုး။

(၃)

ဆိုကြပါစို့။ ဘဲလ်ဖို့ဟာ ချမ်းသာသထက် ချမ်းသာလာတယ်။ မကောင်းတာဆိုလည်း မလုပ်တာမရှိတော့သလောက်ပဲ။ အရက်ပေါင်းစုံသောက်တယ်။ လောင်းကစားဆိုအသေလုပ်တယ်။ ဆေးပေါင်းစုံသုံးတယ်။ ဆေးခြောက်ဆိုလည်း ရှူတာပဲ။ ကိုကင်းလည်း သုံးတာပဲ။ မော်ဖင်းလည်းချတာပဲ။ ကွေးဒဲလို့ခေါ်တဲ့ တားမြစ်ထားတဲ့ဆေးတွေဆိုလည်း တစ်ရက်တစ်ရက် စိတ်ငြိမ်အောင်ဆိုပြီး အများကြီးသုံးတယ်။ အဲဒီမူးယစ်ဆေးတွေထက် သူစွဲလမ်းနေတဲ့အရာတစ်ခုရှိတယ်။ အဲဒါကတော့ ငွေပဲ။ ဘဲလ်ဖို့ဟာ ငွေရဲ့ကျေးကျွန်ဖြစ်သွားပြီ။ ငွေရဖို့ ဘာမဆိုအကုန်လုပ်တယ်။ ရတဲ့ငွေကိုလည်း မကောင်းမှုမှန်သမျှ ဘာမဆိုလုပ်တယ်။

ဒီဇာတ်ကားဟာ ဇာတ်လမ်းပြောပြနေရတာကိုက အားနာစရာကောင်းပါတယ်။ လီယိုနာဒိုရဲ့ သရုပ်ဆောင်မှုကိုသာ အကဲဖြတ်ပါတော့။ သူဟာဟောလိဝုဒ်ရဲ့ နှစ်ချို့ဝီစကီတစ်လုံးပါပဲ။

(၁၈ နှစ်အောက် ကလေးတွေနဲ့အမျိုးသမီးများ မကြည့်သင့်ပါ။ မိသားစုနဲ့အတူကြည့်ရန် သင့်လျော်သော ဇာတ်ကားမဟုတ်ပါ။)