စစ်ကိုင်းတိုင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (SRCCI) ဥက္ကဋ္ဌ ဦးမျိုးမင်းနှင့် တွေ့ဆုံခြင်း

0
2357

အိအိဖြိုး မေးသည်။

“ကုန်ကြမ်းဝယ်ယူဖို့ ခက်ခဲတာတွေ၊ ကုန်ကားတွေက အကန့်အသတ်တွေနဲ့ သွားလာနေရလို့ ကုန်ချောတွေ တင်ပို့ရောင်းချတဲ့အခါမှာတော့ အခက်အခဲအနည်းငယ်ရှိပါတယ်”

ကိုဗစ်ကာလအတွင်း စစ်ကိုင်းတိုင်းမှ လုပ်ငန်းရှင်များအခက်အခဲနဲ့ နိုင်ငံတော်က စီမံလုပ်ဆောင်ပေးနေတဲ့ ချေးငွေတွေအကြောင်းကို SRCCI  အသင်းဥက္ကဋ္ဌ ဦးမျိုးမင်းကို မုံရွာဂေဇက်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

MGZ – ပထမဦးဆုံးအနေနဲ့ အန်ကယ်တို့ အသင်းရဲ့အမည်ကို မိတ်ဆက်ပြောပေးပါဦး။

UMM  – ကျွန်တော်တို့အသင်းရဲ့အမည်က စစ်ကိုင်းတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဖြစ်ပါတယ်။ ကျွန်တော့်အမည်က ဦးမျိုးမင်းဖြစ်ပြီး ဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက်နေပါတယ်။

MGZ – စစ်ကိုင်းတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းအကြောင်း သိပါရစေရှင့်။

UMM – ကျွန်တော်တို့ စစ်ကိုင်းတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းကို (၁၉၉၁) ခုနှစ်ကတည်းက စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပြီး တိုင်းအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင် ညီနောင်အသင်း (၂၄) သင်းနှင့် ဖွဲ့စည်းထားပြီး အခုဆိုရင် လုပ်ငန်းရှင်အသင်းသားဦးရေ (၈၀ဝ) ကျော် ရှိနေပြီ ဖြစ်ပါတယ်။

MGZ – ညီနောင်အသင်း (၂၄) သင်းက ဘယ်လိုလုပ်ငန်းအမျိုးအစားတွေများ ဖြစ်မလဲရှင့်။

UMM – စစ်ကိုင်းတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းကို တိုင်းအတွင်းမှာရှိတဲ့ ရွှေလုပ်ငန်းရှင်များ၊ သစ်လုပ်ငန်းရှင်များ၊ ကျောက်စိမ်းနဲ့ ကျောက်စိမ်းအချောထည်လုပ်ငန်းရှင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ ကွန်ပျူတာလုပ်ငန်းရှင်များ၊ ဂစ်တာလုပ်ငန်းရှင်များ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆီစက်လုပ်ငန်းရှင်များ၊ ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်သူများ၊ သနပ်ခါးစိုက်ပျိုးထုတ်လုပ်သူများ၊ ကြံစိုက်ပျိုးထုတ်လုပ်သူများ၊ ဖရဲသခွား စိုက်ပျိုးထုတ်လုပ်သူများ၊ မုန့်လုပ်ငန်းရှင်များအသင်း၊ လက်လီရောင်းချသူများအသင်း၊ စက်မှုကုန်ထုတ်လုပ်သူများအသင်း၊ မုံရွာကုန်စည်ဒိုင်၊ မုံရွာစက်မှုဇုန်အသင်းတို့နှင့် ဖွဲ့စည်းထားပါတယ်။

MGZ – အသင်းရဲ့ရည်ရွယ်ချက်တွေကို သိပါရစေရှင့်။

UMM – အသင်းရဲ့ရည်ရွယ်ချက်တွေကတော့ (၁၁)ချက် ရှိပါတယ်၊ အဓိကရည်ရွယ်ချက်တွေကတော့ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ဖို့နဲ့ ကုန်ဈေးနှုန်းတည်ငြိမ်ရေးကို အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ နောက်တစ်ခုက အသင်းသား လုပ်ငန်းရှင်များ အဓိက လိုအပ်နေတဲ့ နည်းပညာ၊ ဈေးကွက်၊ အရင်းအနှီးတွေကို နိုင်ငံတကာအဆင့်မီ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပူးပေါင်းကူညီဆောင်ရွက်ရန်နှင့် နောက်ဆုံးတစ်ချက်ကတော့ အသင်းသားများရဲ့ လိုအပ်ချက် အခက်အခဲတွေကို သက်ဆိုင်ရာအစိုးရ၊ အစိုးရဌာနတွေ၊ အသင်းအဖွဲ့တွေနဲ့ ညှိနှိုင်းကူညီဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်။

MGZ – ကိုဗစ်ကာလမှာ စီးပွားရေးလုပ်ငန်းတွေ ထိခိုက်မှုအခြေအနေက ဘယ်လိုရှိပါလဲရှင့်။

UMM – ကိုဗစ်ဖြစ်တဲ့အတွက် စီးပွားရေးလုပ်ငန်းအားလုံး လုပ်ငန်းအမျိုးအစားအလိုက် အနည်းနဲ့အများ ထိခိုက်မှုတွေရှိပါတယ်။ ဥပမာ-ဟိုတယ်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းတွေဆိုရင် လုံးဝရပ်ဆိုင်းထားရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဖရဲ၊ သခွား စိုက်ပျိုးထုတ်လုပ်သူတွေဆိုလည်း တရုတ်နယ်စပ်က အဝယ်နားလို့ အတော့်ကိုထိခိုက်မှုတွေ ရှိပါတယ်။ တရုတ်ဘက်ကိုပို့တဲ့ နှမ်းနဲ့ပဲမျိုးစုံ ဈေးတွေလည်း ဝယ်လိုအားတွေကျပြီး ဈေးနှုန်းတွေလည်း ထိုးကျကုန်ပါတယ်။ စက်မှုဇုန်က စားသောက်ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းတွေဖြစ်တဲ့ ဆန်စက်၊ ဆီစက်၊ ခေါက်ဆွဲစက်၊ ပဲခွဲစက်၊ ကြာဇံစက်၊ ဂျုံစက်တွေကတော့ ပုံမှန်နီးပါး လည်ပတ်နိုင်ပြီး ထိခိုက်မှုနည်းပါတယ်။ ဒါပေမယ့် အဲဒီစက်တွေလည်း ကုန်စည်ဒိုင်ပိတ်ထားလို့ ကုန်ကြမ်းဝယ်ယူဖို့ ခက်ခဲတာတွေ၊ ကုန်ကားတွေက အကန့်အသတ်တွေနဲ့ သွားလာနေရလို့ ကုန်ချောတွေ တင်ပို့ရောင်းချတဲ့အခါမှာတော့ အခက်အခဲ အနည်းငယ်ရှိပါတယ်။

MGZ – လုပ်ငန်းရှင်တွေရဲ့ အခက်အခဲတွေကိုအစိုးရက ဘယ်လိုကူညီဆောင်ရွက်မှုတွေ ပေးခဲ့ပါသလဲရှင့်။

UMM – အစိုးရအနေနဲ့ လုပ်ငန်းရှင်တွေကို ကူညီဆောင်ရွက်မှုတွေ ရှိပါတယ်။ ကျွန်တော်တို့လုပ်ငန်းရှင်တော်တော်များဟာ ဘဏ်ချေးငွေတွေနဲ့လုပ်ငန်းတွေ လည်ပတ်ဆောင်ရွက်နေကြတာ များပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ ဘဏ်တိုးနှုန်းတွေကို မူလ (၁၃ ရာခိုင်နှုန်း) မှ (၁၀ ရာခိုင်နှုန်း)သို့ လျှော့ချပေးပါတယ်။ နောက်တစ်ခုကတော့ ကိုဗစ်ကာလမှာ လုပ်ငန်းတွေ ပုံမှန်လည်ပတ်နိုင်ပြီး လုပ်သားတွေ ပုံမှန်အလုပ်လုပ်နိုင်ဖို့ အတိုးနှုန်းသက်သာတဲ့ ကိုဗစ်အထူးချေးငွေတွေလည်း ထုတ်ချေးပေးနေပါတယ်။

MGZ – COVID -19 အထူးချေးငွေတွေကို စစ်ကိုင်းတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းက တာဝန်ယူဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်၊ COVID -19 ချေးငွေအကြောင်းလေး အနည်းငယ်ရှင်းပြပေးပါလားရှင့်။

UMM – ဟုတ်ပါတယ်။ COVID -19 အထူးချေးငွေကို တစ်နိုင်ငံလုံးအတွက် လျှောက်လွှာတွေကို UMFCCI က တာဝန်ယူ လက်ခံဆောင်ရွက်ပေးသလို ကျွန်တော်တို့ စစ်ကိုင်းတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းကလည်း တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေရဲ့ COVID-19 ချေးငွေလျှောက်လွှာတွေကို လက်ခံဆောင်ရွက်ပေးနေပါတယ်။ COVID-19 အထူးချေးငွေဆိုတာကတော ့ COVID ကာလမှာ လုပ်ငန်းတွေ ပုံမှန်လည်ပတ်နိုင်ပြီး လုပ်သားတွေ ပုံမှန်အလုပ်အကိုင်ရရှိနေဖို့ ရည်ရွယ်ပြီး အစိုးရက ထုတ်ချေးပေးတဲ့ အထူးချေးငွေဖြစ်ပါတယ်။ အတိုးနှုန်းကတော့ (၁ ရာခိုင်နှုန်း)ဖြစ်ပြီးတော့ ချေးငွေသက်တမ်းကတော့ တစ်နှစ်ဖြစ်ပါတယ်။ ချေးငွေလျှောက်ထားဖို့အတွက် အဓိက လိုအပ်ချက်တွေကတော့ (၁) သက်တမ်းရှိသက်ဆိုင်ရာ လုပ်ငန်းလိုင်စင် ရှိရပါမယ်၊ (၂) လွန်ခဲ့သော ဘဏ္ဍာနှစ် (၂) နှစ် အခွန်ဆောင်ထားသူ ဖြစ်ရပါမယ်။ (၃) လုပ်ငန်းအမှန်တကယ်လည်ပတ်နေပြီး (၁) နှစ်ပြည့်တဲ့အခါ ချေးငွေပြန်လည်ပေးဆပ်နိုင်တဲ့အခြေအနေရှိသူ ဖြစ်ရပါမယ်။

MGZ – စစ်ကိုင်းတိုင်းမှ လုပ်ငန်းရှင်များရဲ့ COVID ချေးငွေရရှိမှု အနေအထားကိုလည်း ပြောပြပေးပါဦးရှင့်။

UMM – စစ်ကိုင်းတိုင်းမှ လုပ်ငန်းရှင်များရဲ့ COVID ချေးငွေရရှိမှု အနေနဲ့ကတော့ ပထမအကြိမ်ဇွန်လတုန်းက လုပ်ငန်းရှင် ၂၆၂ ဦး မှ ချေးငွေ ကျပ်သန်းပေါင်း ၇၇၀ဝ ကျော် (၇ ဘီလီယံကျော်)ရရှိပြီး ဖြစ်ပါတယ်။ ယခု ဒုတိယအကြိမ်မှာလည်း စစ်ကိုင်းတိုင်းအနေနဲ့ လုပ်ငန်းရှင် ၁၅၁၄ ဦး လျှောက်ထားခဲ့ပြီး ပထမအသုတ် ၁၈၀ ဦး၊ ဒုတိယအသုတ် ၂၀၅ ဦး ချေးငွေတွေ ချထားပြီးဖြစ်ပါတယ်။ ကျန်ရှိတဲ့ လုပ်ငန်းရှင်များကိုလည်း ဆက်လက်ချထားပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ တစ်ဦးချင်း ချေးငွေရရှိမှုအနေနဲ့ကတော့ လုပ်ငန်းအမျိုးအစားအလိုက် လက်ဖက်ရည်ဆိုင်က အနည်းဆုံး သိန်း ၄၀ ရပြီးတော့ ဆန်စက်လုပ်ငန်းရှင်များက အများဆုံးကျပ်သိန်း ၁၀ဝ၀ ထိရရှိပါတယ်။

MGZ – စစ်ကိုင်းတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အနေနှင့် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိပါသလားရှင့်။

UMM – စစ်ကိုင်းတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းအနေနှင့် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိပါတယ်။ ပူးပေါင်းဆောင်ရွက်မှုတွေကတော့ (၁) အစိုးရမှ COVID အထူးချေးငွေ ထုတ်ချေးရာမှာ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေရဲ့ လျှောက်လွှာတွေကို လက်ခံစိစစ် ဆောင်ရွက်ပေးခြင်း၊ (၂) COVID ကာလမှာ အခြေခံ လူတန်းစားတွေကို ဆန်၊ ဆီ၊ ဆား၊ ပဲမျိုးစုံ ကူညီထောက်ပံ့ရန်အတွက် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ပေးခြင်း၊ (၃) အစိုးရမှ လုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်သင့်သည့် ဥပဒေများ (ဥပမာကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ ယှဉ်ပြိုင်မှုဥပဒေ၊ စားသုံးသူကာကွယ်ရေးဥပဒေ) ပြဋ္ဌာန်းသတ်မှတ်ရန်အတွက် ဥပဒေကြမ်းများကို လုပ်ငန်းရှင်များ အကြံပြုနိုင်ရန်နှင့် သဘောထားမှတ်ချက်ပေးနိုင်ရန်အတွက် ရှင်းလင်းတင်ပြပေးခြင်းတို့ဖြစ်ပါတယ်။

MGZ – အသင်းအနေနဲ့ ထူးခြားတဲ့ ဆောင်ရွက်မှုရှိရင်လည်း ပြောပြပေးပါရှင့်။

UMM – ကျွန်တော်တို့ စစ်ကိုင်းတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းအနေနဲ့ ယခုသက်တမ်းမှာ အသင်းသား ၁၀ဝ ကျော်မှ ၈၀ဝ ကျော်အထိ တိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အသင်းသားတွေရဲ့ ထုတ်ကုန်တွေကို နိုင်ငံတကာအဆင့် ထိုးဖောက်နိုင်ရန်အတွက် အိန္ဒိယ-မြန်မာ ကုန်စည်ပြပွဲကိုလည်း မုံရွာမြို့တော်ခန်းမမှာ ၂ ကြိမ်တိုင်တိုင်ဦးဆောင်ကျင်းပနိုင်ခဲ့ပြီး လုပ်ငန်းရှင်အချင်းချင်းလည်း B to B ဆွေးနွေးပွဲတွေ ကျင်းပနိုင်ခဲ့ပါတယ်။ အဓိကဆောင်ရွက်နိုင်ခဲ့တာကတော ့ COVID-19 အထူးချေးငွေရရှိအောင် ကူညီဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့အသင်းရဲ့ ယခုသက်တမ်းမှာ ထူးခြားတဲ့ဆောင်ရွက်မှုကတော့သိန်း ၂၀ဝ၀ ကျော် ကုန်ကျမယ့် အသင်းရုံး (၃)ထပ် အဆောက်အအုံ စတင်ဆောက်လုပ်နိုင်ခြင်းဖြစ်ပါတယ်။ KBZ Bank, UAB Bank, UMFCCI တို့ရဲ့ မတည်လှူဒါန်းမှု၊ မြို့မိမြို့ဖ နာယကကြီးများနှင့် အသင်းသူ၊ အသင်းသားများမှ စုပေါင်း ထည့်ဝင်မှုတို့ကြောင့် ယခုဆိုလျှင် ၃၅ ရာခိုင်နှုန်းလောက် ဆောက်လုပ်ပြီးစီးနေပြီ ဖြစ်ပါတယ်။ အဆောက်အအုံ ဆောက်လုပ်ပြီးစီးသွားလျှင်လည်း ညီနောင်အသင်းများနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ညီနောင်အသင်းရုံးခန်းများ လာရောက်ဖွင့်လှစ် ဆောင်ရွက်ဖို့အတွက်လည်း ဖိတ်ခေါ်ထားပါတယ်။

MGZ – နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက်ပြောချင်ပါသလဲရှင့်။

UMM – ဟုတ်ကဲ့။ ကျွန်တော်တို့ စစ်ကိုင်းတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဟာ နိုင်ငံအကျိုး၊ တိုင်းဒေသကြီးအကျိုးနှင့် စီးပွားရေးလုပ်ငန်းရှင်များရဲ့ နိုင်ငံတကာအဆင့်မီ ဖွံ့ဖြိုးတိုးတက်နိုင်ဖို့အတွက် ရည်ရွယ်ချက်ကောင်းတွေနဲ့ ဖွဲ့စည်းဆောင်ရွက်နေတာဖြစ်လို့ အားလုံးကို ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်လိုပါတယ်။

MGZ – အခုလို အချိန်ပေးဖြေကြားတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်ရှင့်။