စစ်ကိုင်းတိုင်းတွင် ကိုဗစ်လူနာ ၁၃ ဦးထပ်တိုး၊လသားအရွယ်ကလေးငယ်တဦးပါဝင်

0
326

အိအိဖြိုး
မုံရွာ၊ အောက်တိုဘာ – ၂၂

စစ်ကိုင်းတိုင်းအတွင်း ကိုဗစ်လူနာ ၁၃ ဦးထပ်တိုးကြောင်း တိုင်း COVID-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

ထပ်တိုးလူနာများမှာ တမူးမြို့နယ်တွင် ၄ ဦး၊ ရွှေဘိုမြို့နယ်တွင် ၁ ဦး၊ မြင်းမူမြို့နယ်တွင် ၁ ဦး၊ ဒီပဲယင်းမြို့နယ်တွင် ၂ ဦး၊ တန့်ဆည်မြို့နယ်တွင် ၅ ဦးတို့ဖြစ်သည်။

တမူးမြို့နယ်၊ မြို့မရပ်ကွက်မှ ပိုးတွေ့လူနာ ၄ ဦးမှာ အသက် ၃၀ နှစ်အရွယ် အမျိုးသမီး၊ ၁၀ လသားအရွယ် ကလေးတစ်ဦး၊ ၆၁ နှစ်အရွယ် အမျိုးသား၊ ၂၃ နှစ်အရွယ် အမျိုးသားတို့ဖြစ်ကြသည်။

“ဘယ်မှသွားတာမရှိဘူး၊ ပိုးတွေ့လူနာနဲ့လည်း ထိတွေ့မှုမရှိဘူး။ Local တွင်းမှာပဲ ဖြစ်သွားတာပါ”ဟု တမူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းအောင်က ပြောသည်။

ရွှေဘိုမြို့နယ်၊ ပလိုင်းကျေးရွာမှ အသက် ၂၂ နှစ်အရွယ် ပိုးတွေ့လူနာသည် ရန်ကုန်မှပြန်လာသူများဖြစ်ပြီး ရွှေဘိုတက္ကသိုလ်တွင် Quarantine ဝင်နေသူဖြစ်သည်။

ပိုးတွေ့လူနာသည် ကားသမားတစ်ဦးဖြစ်ပြီး ၎င်းနှင့်ထိတွေ့ဆက်စပ်ခဲ့သူ ၁၂ ဦးကို Swab ယူစစ်ဆေးသွားမည်ဖြစ်သည်။

မြင်းမူမြို့နယ်၊​ ပျော့ရွာမှ ပိုးတွေ့လူနာသည် ရန်ကုန်မှပြန်လာပြီး Quarantine ဝင်နေသူဖြစ်သည်။

၎င်းကို မြင်းမူမြို့နယ်၊ ပြည့်သူ့ဆေးရုံကြီး သံဃာဆောင်တွင် ထားရှိကုသသွားမည်ဖြစ်သည်။

တန့်ဆည်မြို့နယ်၊ တုတ္တလုပ်(မ) ကျေးရွာမှ ရန်ကုန်​ပြန်အမျိုးသမီး ၃ ဦး၊ ညောင်ဇီးကုန်းကျေးရွာမှ ရန်ကုန်ပြန် အမျိုးသမီး ၂ ဦးတို့သည် Quarantine ဝင်နေသူများဖြစ်ကြသည်။

ဒီပဲယင်းမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာမှ အမျိုးသမီး ၂ ဦးတို့သည် ရန်ကုန်မှပြန်လာပြီး Quarantine ဝင်နေသူများဖြစ်ကြသည်။

ယနေ့နံနက်အထိ စစ်ကိုင်းတိုင်း၌ မြို့နယ် ၂၅ ခုတွင် ဓာတ်ခွဲအတည်ပြုကိုဗစ်လူနာ ၂၈၁ ဦးစာရင်းရှိထားသည်

၎င်းတို့ထဲတွင် ၃၇ ဦးသည် ကလေးမြို့နယ်မှဖြစ်ပြီး စစ်ကိုင်းတိုင်း၌ ပိုးတွေ့လူနာအများဆုံးမြို့နယ်ဖြစ်သည်

စစ်ကိုင်းတိုင်းအတွင်း မြို့နယ်၂၁ ခုမှ ပိုးတွေ့လူနာများတွင် လူနာ ၁၇၁ ဦးဆေးရုံဆင်းပြီ ဖြစ်သည်။