စစ်ကိုင်းတိုင်းတွင် CDM လှုပ်ရှားမှု၌ ပါဝင်သော ထွေအုပ်ဝန်ထမ်း ၁၀၀ ခန့်ရှိ

0
46

မုံရွာ၊ ဖေဖော်ဝါရီ – ၁၀

စစ်ကိုင်းတိုင်းအတွင်း ရုံးမတက်ဘဲ CDM(Civil Disobedience Movement) လှုပ်ရှားမှုတွင် ပါဝင်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ ဝန်ထမ်း ၁၀၀ ခန့်ရှိနေကြောင်း မုံရွာဂေဇက်မှ ရရှိထားသော အချက်အလက်များအရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများလည်း CDM လှုပ်ရှားမှုတွင် ပါဝင်သကဲ့သို့ စစ်ကိုင်း၊ ဘုတလင်၊ မော်လိုက်၊ အင်းတော်နှင့် ဟုမ္မလင်းတို့မှ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းအချို့လည်း ပါဝင်ကြသည်။

“ပြည်သူတွေနဲ့အတူ ပြည်သူ့ဘက်က ရပ်တည်တဲ့ပြည်သူ့ဝန်ထမ်းဖြစ်တယ်ဆိုတာ သက်သေပြချင်လို့ပါရှင့်၊ ရုံးလာဖို့ ရုံးပြန်တက်ဖို့တော့ ဖုန်းဆက်ပါတယ်။ CDM လုပ်တဲ့စာရင်းကိုတော့ တိုင်းရုံးကိုပေးရတယ်လို့ကြားတယ်ဟု” CDM လုပ်သည့် စစ်ကိုင်းမှဝန်ထမ်းတစ်ဦးက ပြောသည်။

CDM လုပ်ခြင်းသည် အလုပ်ထွက်ခြင်း မဟုတ်ကြောင်းနှင့် အလုပ်မသွားခြင်းဖြင့် အာဏာရှင်စနစ်ကို ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း ဝန်ထမ်းများ၏ အသိပေးစာများတွင် ဖော်ပြထားသည်။

အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသည့်အနေဖြင့် ထွေအုပ်ဌာနအပြင် ဆရာ၊ ဆရာမများ၊ ဘဏ်များ၊ စည်ပင်၊ လျှပ်စစ် စသည့်ဌာနများမှ ဝန်ထမ်းအချို့လညး် (CDM ကမ်ပိန်း)ကို လုပ်ဆောင်နေကြသည်များရှိသည်။