စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်ဦးနှင့် တွေ့ဆုံခြင်း

0
913

အိအိဖြိုး မေးသည်။

“အမျိုးသားရေးတာဝန်ဖြစ်တဲ့အတွက် မဲပေးကြမယ့်ပြည်သူတွေက တဖက်မှာလည်း ကိုဗစ်ကရှိနေတယ်။ ဒါကိုကြောက်ပြီး မဲမပေးဘဲမနေကြပါနဲ့ “

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ ကူးစက်မှုတွေ မြင့်တက်နေပေမယ့် လာမယ့် နိုဝင်ဘာ ၈ ရက်မှာ အ‌ထွေ‌ထွရွေးကောက်ပွဲကြီး ကျင်းပတော့မှာ ဖြစ်ပါတယ်။ ကိုဗစ်ကိုအံတုပြီး မဲဆန္ဒရှင်တွေ မဲလာပေးမလား၊ မပေးဘူးလားဆိုတာ မဲရုံများရဲ့ ကျန်းမာရေးလုပ်ဆောင်ထားချက်အပေါ်မှာ မူတည်နေပါတယ်။ ကိုဗစ်ကာလမှာ ကျန်းမာရေးစည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ပြည်သူတွေ မဲပေးနိုင်ဖို့ ဘယ်လိုတွေစီစဉ်ထားသလဲဆိုတာကို စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်ဦးထံ မုံရွာဂေဇက်က ဆက်သွယ်မေးမြန်းထားပါတယ်။

MGZ – စစ်ကိုင်းတိုင်းမှာ ကိုဗစ်စည်းကမ်းနဲ့အညီ မဲပေးနိုင်ဖို့ ဘယ်လိုစီစဉ်ထားပါသလလဲရှင့်။

UTO – နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင် သရုပ်ပြပွဲကို ၃ ကြိမ် လုပ်ပေးထားတယ်။ အဲဒီပုံစံအတိုင်းလုပ်ဖို့ စီစဉ်ထားပါတယ်။ Hand Gel၊ Mask ကစ လက်တို့မှင်အထိ အလုံအလောက် စီစဉ်ထားပါတယ်။ မဲရုံအဖွဲ့တွေမကဘဲကျန်းမာရေး၊ ထွေအုပ်၊ Volunteer တွေပေါင်းပြီး မဲရုံအပြင်ဘက်ကို တာဝန်ယူကြမှာပါ။ ကိုဗစ်ထိန်းချူပ်ရေးကော်မတီက ညွှန်ကြားတဲ့အတိုင်း လုပ်သွားမှာပါ။

MGZ – ဒီနှစ်ဆိုရင် ဆရာတို့က အရင်ကရွေးကောက်ပွဲတွေနဲ့မတူဘဲ ကိုဗစ်စည်းကမ်းနဲ့ညီအောင် စီစဉ်ရတာဖြစ်တဲ့အတွက် ဘာအခက်အခဲတွေရှိလဲ။

UTO – ခါတိုင်းကတော့ မဲရုံမှူးတွေနဲ့ မဲရုံ၊ မဲလက်မှတ်တွေပဲ ပုံမှန်စီစဉ်ရတယ်။ ဒီနှစ်ကျတော့ မဲရုံအတွက် ကိုဗစ်ထောက်ပံရေးပစ္စည်း​တွေ အချိန်မှီအောင် စီစဉ်ရတယ်။ ခရီးလမ်းမှာ သယ်ယူပို့ဆောင်ရေးကလည်း မလွယ်ဘူး။မဲပြားသွားထုတ်တဲ့သူတွေက နေပြည်တော်သွားရင် Quarantine ဝင်ရတယ်။ ကျန်းမာရေးစစ်ဆေးခံရတယ်။ ပြီးမှမဲပြားထုတ်ရတယ်။ ဒီကမဲတွေအတွက်မှ မဟုတ်ဘူး။ နိုင်ငံခြားကြိုတင်မဲတွေရော စီစဉ်ရတယ်။ ပစ္စည်းသယ်ရတာလည်း အရင်ကလို တိုက်ရိုက်မလာနိုင်ဘူး။ ယာဉ်မောင်းတွေကလည်း ဆေးစစ်ပြီးမှလာရတော့ အဲဒီအခက်အခဲတွေရှိတယ်။ နောက်တခုက ကျန်းမာရေးသုံးပစ္စည်းတွေ အချိန်မှီရောက်ဖို့ အတော်လုပ်ရတယ်။နိုင်ငံခြားကပို့တဲ့ ပစ္စည်းတွေကို အချိန်မှီရောက်အောင် ကြိုးစားလုပ်ရတယ်။ ရောက်လာတဲ့ပစ္စည်းတွေကိုလည်း ဝေးလံခေါင်ဖျားတဲ့ နာဂဒေသတို့ကို အရင်ပို့ရတယ်။ လက်တို့မှင်ကလည်း UNDP ကထောက်ပံ့တယ်။ အစိုးရအဖွဲ့နဲ့ အမြန်ယာဉ်တွေကို အကူအညီတောင်းပြီး စီစဉ်ရတယ်။

MGZ – တိုင်းအစိုးရအနေနဲ့ရော ရွေးကောက်ပွဲနဲ့ပတ်သတ်ပြီး ထောက်ပံ့ကူညီတာမျိုးရှိလား။

UTO – အဓိကကတော့ အစိုးရကနေကူညီပေးတယ်။ အဖွဲ့အစည်းပေါင်းစုံက ကူညီပေးတယ်။ မဲရုံတာဝန်ကျ ဆရာ/မတွေကလည်း ကျောင်းပိတ်တော့ အိမ်မှာပြန်နေကြတယ်။ နာဂဒေသ၊ ခန္တီးတို့ဆိုရင် စစ်ကိုင်းတိုင်းအောက်ပိုင်းက တာဝန်ထမ်းဆောင်ကြတာများတယ်။ ရေယာဉ်တွေကလည်း မထွက်တော့ သူတို့မှာအခက်အခဲတွေ ရှိနေတယ်။ သွားလာရေးအဆင်မပြေကြဘူး။ ဒေသတွင်းမှာရှိတဲ့ ဌာနဆိုင်ရာတွေနဲ့လုပ်မယ်ဆိုရင်တောင် လူအင်အားက မလုံလောက်တဲ့အတွက် သွားလာရေးအဆင်ပြေအောင် ပညာရေးဌာနရယ်၊ ရွေးကောက်ပွဲကော်မရှင်ရယ်၊ အစိုးရရယ် ပေါင်းစပ်ပြီး စီစဉ်​ပေးရတယ်။ တိုင်းအစိုးရက အထက်ချင်းတွင်းထိ ရေယာဉ်တွေစီစဉ်ပေးတယ်။ နာဂဒေသကဆိုရင် သွားလာရေးအဆင်ပြေအောင် ကူညီပေးရတယ်။ ကလေး၊ တမူးတို့ကလာတဲ့ ဆရာ၊ ဆရာမတွေဆိုရင် ခရီးသွားဖို့ ဒီမှာနားတာတောင် လက်မခံကြတာမျိူးတွေရှိလို့ စာသင်ကျောင်းတွေမှာစီစဉ်ပေးရတယ်။ အခုတော့ သူတို့တာဝန်ကျတဲ့ဒေသတွေကို ရောက်သွားပြီး မဲရုံသင်တန်းတွေ တက်နေကြပါပြီ။

MGZ – ဒီနှစ်ရွေးကောက်ပွဲက ကျန်းမာရေးစည်းမျဉ်းတွေနဲ့ ညီမျှတဲ့ရွေးကောက်ပဲ ဖြစ်နိုင်ပါ့မလား။

UTO – ဂရုစိုက်ပြီး သေချာစီစဉ်ထားပါတယ်။ အခုကတော့ နိုင်ငံခြားရော၊ ရပ်ကျေးအဆင့်တွေရော ကြိုတင်မဲတွေလည်းများတော့ မဲရုံပိတ်ချိန် စောနိုင်တယ်။ အရင်ကဆို ညဉ့်နက်သန်းခေါင်ထိ မဲပေးကြပြီး ညလုံးပေါက်မဲရေရတာတွေရှိတယ်။ မဲရုံတွေမှာရှိတဲ့ လူဦးရေအပေါ်လည်း မူတည်မယ်။ မဲရုံတွေတိုးပြီး မဲပေးတဲ့ဦးရေ လျော့သွားတော့ စောစောပြီးနိုင်တယ်။

MGZ – စစ်ကိုင်းတိုင်းမှာ မဲပေးခွင့်ရှိသူ ဘယ်လောက်ရှိလဲ။ မဲရုံဘယ်လောက်ရှိလဲ။ ကြိုတင်မဲဘယ်လောက်ရှိလဲ။

UTO – စစ်ကိုင်းတိုင်းမှာ မဲရုံပေါင်း ၄၀၁၀၇ ရုံရှိပြီး မဲဆန္ဒရှင်ပေါင်း ၄၂၇၀ဝ၀ဝ နီးပါးရှိပါတယ်။ ကြိုတင်မဲပေးမယ့် သက်ကြီးရွယ်အိုတွေက ၆ သိန်းနီးပါးရှိတယ်။ မဲပေးမယ့်နေ့ တာဝန်ထမ်းဆောင်မယ့်သူတွေရောရှိတယ်။နိုင်ငံခြားမဲကလည်း ၅၀ဝ၀ ကျော်ရှိတယ်။

MGZ – ကိုယ်စားလှယ်လောင်းတွေရဲ့ စရိတ်တွေတွက်တဲ့အခါမှာ Facebook မှာအသုံးပြုတဲ့စရိတ်တွေရော တွက်မှာလားရှင့်။

UTO – Facebook မှာ post တင်တာတော့ မတွက်ပါဘူး။ ဒါပေမယ့် Boost လုပ်တာ၊ ကြေငြာတာတွေအတွက်တော့ စရိတ်ကောက်မှာပါ။ အခကြေးငွေနဲ့ပေးရတဲ့ စရိတ်တွေအားလုံးက ကိုယ်စားလှယ်လောင်းတွေရဲ့ အသုံးစရိတ်ထဲ ထည့်သွားမှာပါ။

MGZ – ကိုယ်စားလှယ်လောင်းဆိုင်ရာကျင့်ဝတ်တွေကို ပါတီအချို့က လက်မှတ်ထိုးကြတာတွေရှိတယ်။စစ်ကိုင်းတိုင်းမှာရော အဲလိုတွေရှိလား။

UTO – ပါတီကြီးတွေအနေနဲ့ ပါတီဌာနချုပ်က ဆုံးဖြတ်တာပဲရှိတယ်။ ကိုယ်စားလှယ်လောင်းတွေ လိုက်နာရမယ့် ကျင့်ဝတ်ဆိုတာ စည်းကမ်းတစ်ခုပါပဲ။ မလိုက်နာတာ၊ လိုက်နာတာ၊ လုပ်သင့်တာ၊ မလုပ်သင့်တာ ကိုယ်ကျင့်သိက္ခာနဲ့ပဲဆိုင်တယ်။ တားမြစ်ထားပေမယ့် အရေးယူတာမျိုးတော့ မရှိပါဘူး။

MGZ – ဘာသာရေးကိုဗန်းပြပြီး မဲဆွယ်တာကို ဆရာတို့ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဘယ်လိုတွေစောင့်ကြည့်နေလဲ။

UTO – ကျွန်တော်တို့ အနေနဲ့တော့ စောင့်ကြည့်တာမရှိဘူး။ ပါတီအချင်းချင်း စောင့်ကြည့်တာမျိုးရှိတယ်။ မလုပ်သင့်ဘူးဆိုပြီး ကော်မရှင်က တားမြစ်ထားတာမျိုးပါ။ ကျင့်ဝတ်နဲ့ မညီတာတွေက ဘယ်အချိန်မှာသွားပြီး ပြဿနာဖြစ်လဲဆိုရင် အထောက်အထားခိုင်လုံရင် အနိုင်ရကိုယ်စားလှယ်ကို ရှုံးတဲ့ကိုယ်စားလှယ်တွေက ညကန့်ကွက်လွှာတင်ကြတယ်။ အနိုင်ရတဲ့ ကိုယ်စားလှယ်က ဒီအချက်တွေကြောင့် မရသင့်ပါဘူးဆိုပြီး ကန့်ကွက်လွှာတင်ရင် အချက်အလင်အပြည့်အစုံနဲ့တင်ရင် အနိုင်ရထားတဲ့ ကိုယ်စားလှယ်တောင် ရလဒ်ပြောင်းသွားတာမျိုး ရှိနိုင်တယ်။ကော်မရှင်က သတ်မှတ်ထားတဲ့ စည်းကမ်းဖောက်ရင် ကန့်ကွက်လွှာတင်ကြပါတယ်။

MGZ – ဒီမဲဆွယ်ကာလမှာ ကိုယ်စားလှယ်အချင်းချင်း၊ ပါတီအချင်းချင်း ပြဿနာတက်လို့ တိုင်ကြားကြလို့ ဖြေရှင်းရတာမျိုး ရှိလား။

UTO – အောက်ခြေမှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဘယ်သူကဘယ်လိုဆိုပြီး တိုင်ကြတာမျိုးရှိတယ်။ စေ့စပ်ညှိနှိုင်းရေးကော်မတီဆိုပြီး မြို့နယ်အလိုက် ဖွဲ့ထားတာရှိတယ်။ မြို့နယ်အလိုက် တိုင်ကြားတာတွေကို စေ့စပ်ညှိနှိုင်းရေးကော်မတီက ဖြေရှင်းလိုက်တယ်။ တချို့က မျက်နှာချင်းဆိုင်ဖြေရှင်းရင် ပြေလည်သွားတာမျိုးတွေရှိတယ်။ တချို့က ရာဇဝတ်ကြောင်းအရ ဥပမာ- ကာဘိုးကကိစ္စလိုဆိုရင် စေ့စပ်ညှိနှိုင်းလို့လည်းမရတော့ ရဲအရေးပိုင်တဲ့အမှုဖြစ်လို့ တရားဥပဒေကြောင်းအရပဲသွားရတာ။ စေ့စပ်ညှိနှိုင်းတယ်ဆိုတာတော့ အချင်းချင်းအာဃာတတွေမထားအောင်ကြီးတဲ့အမှုငယ်အောင် ဖျန်ဖြေပေးတဲ့ သဘောပါ။ ဖျန်ဖြေပေမယ့် ဆုံးဖြတ်ပေးလို့မရဘူး။ စေ့စပ်ညှိနှိုင်းတဲ့ကြားက ဘယ်လိုမှမကျေနပ်တာမျိူးတွေရှိရင် ဥပဒေကြောင်းအတိုင်း သွားကြတာပါ။ စော်ကားတယ်ယူဆပြီး တိုင်ကြတာမျိုး၊ တဖက်နဲ့တဖက် ပုတ်ခတ်သလိုဖြစ်တော့ တိုင်ကြတာမျိုးပေါ့။

MGZ – ကိုဗစ်ကာလမှာ မဲပေးကြမယ့် မဲဆန္ဒရှင်ပြည်သူတွေကို ဘာများဖြည့်စွက်ပြောချင်ပါလဲရှင့်။

UTO – ငါးနှစ်မှာ တကြိမ်ပဲလုပ်မယ့် အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားရေးတာဝန်ဖြစ်တဲ့အတွက် မဲပေးကြမယ့်ပြည်သူတွေက တဖက်မှာလည်း ကိုဗစ်ကရှိနေတယ်။ ဒါကိုကြောက်ပြီး မဲမပေးပဲမနေကြပါနဲ့။ ဒီဘက်မှာတော့ ကျန်းမာရေးနဲ့ညီအောင် အတတ်နိုင်ဆုံးစီစဉ်ထားပါတယ်။ ကျန်းမာရေးညွှန်ကြားချက်တွေ လိုက်နာပြီး စည်းကမ်းတကျမဲပေးကြရင် အာင်မြင်မှာပါ။ နိုင်ငံသားတိုင်းမှာ တာဝန်ရှိတဲ့အတွက် အရေးကြီးတဲ့ကိစ္စလို အလေးအနက်ထားကြပါ။ မေတ္တာရပ်ခံချင်တာတော့ မဲတော့ပေးကြပါ။ ကျန်းမာရေးလည်းဂရုစိုက်ပါလို့ ပြောချင်ပါတယ်။

MGZ – ကျေးဇူးတင်ပါတယ်ရှင့်။