စစ်ကိုင်းတိုင်းဝန်ကြီးချုပ် မဲဆွယ်မှု ကိုဗစ်စည်းကမ်း ချိုးဖောက်သည်ဟုဆိုကာ အတိုင်ခံရ

0
4387

ထက်ဖြိုး
မုံရွာ၊ နိုဝင်ဘာ – ၆

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် နိုဝင်ဘာ ၁ ရက်က ရွှေဘိုမြို့ပေါ် မဲဆွယ်စည်းရုံးမှုတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ် ခွင့်ပြုထားသည့် လူ ၅၀ထက် ပိုသောကြောင့် တိုင်းကြားခံထားရသည်။

ရွှေဘိုခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးမြတ်မျိုးညွန့်က ရွှေဘိုခရိုင် စီမံခန့်ခွဲမှုကော်မတီသို့ ယခုလ ၃ ရက်က တိုင်တန်းထားခြင်းဖြစ်သည်ဟု တိုင်တန်းသူက ပြောသည်။

“ထုတ်ပြန်ထားတာကတော့ သတ်မှတ်အင်အား ၅၀ ထက် မပိုရဘူးပေါ့။ သူတို့က​တော့ အင်အား ၃၀၀ နီးပါးလောက်နဲ့ လှည့်ကြတာပေါ့။ မြို့ပေါ်မှာ လှည့်တော့ ဒီနေ့ဆိုရင်တော့ ကိုဗစ်ကာလ စည်းကမ်းသတ်မှတ်ချက်ရက်က ပြီးပြီဆိုပေမယ့် ၁ ရက်နေ့ကဆိုတော့ ကျနော်တို့က​တော့ မဲဆွယ်စည်းရုံးရေးကာလအတွင်းမှာ နောက် အဲလိုမလုပ်သင့်ဘူး။ ဒါက ဥပဒေနဲ့မညီပါဘူးဆိုတာလေးပဲ ခရိုင်စီခန့်ကို တင်တဲ့သဘောပါဗျ”ဟု ဦးမြတ်မျိုးညွန့်က ဆိုသည်။

အဆိုပါတိုင်တန်းစာ ရောက်ရှိကြောင်း ရွှေဘိုခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကိုကိုအောင်က အတည်ပြုသည်။

သို့သော် “ရွေးကောက်ပွဲကိစ္စဆိုတော့ ရွေးကောက်ပွဲကော်မရှင်ကို သွားရမှာ”ဟု ဦးကိုကိုအောင်က ဆိုသည်။
ရွှေဘိုခရိုင်ရွေးကောက်ပွဲကော်မရှင်ကမူ အဆိုပါ တိုင်ကြားစာမိတ္တူ ရောက်ရှိနေသော်လည်း ကော်မရှင်ကို လိပ်မူထားခြင်းမျိုးမဟုတ်ကြောင်း ခရိုင် ရွေး/ကော် အတွင်းရေးမှူး ဦးအောင်မင်းဦးက ပြောသည်။

“ခရိုင်စီမံခန့်ခွဲမှုကော်မတီက ရွေးကောက်ပွဲကော်မရှင်ကို ဘာမှလည်း အကြောင်းကြားထားတာ မရှိပါဘူး။ မိတ္တူပဲ ပေးထားတာပါ။ အဲဒီတော့ အသိပေးတဲ့ သဘောပါ။ ဟိုဘက်က သက်ဆိုင်ရာက အကြောင်းကြားလာရင်တော့ အထက် အဆင့်ဆင့်ကို တင်ပြပြီး ဆောင်ရွက်မှာပါ”ဟု ဆိုသည်။

ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်သည် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြုကာ ရွှေဘိုမြို့နယ်၊ တိုင်းဒေသကြီးအမှတ် (၂) မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

အဆိုပါ မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့် တစ်သီးပုဂ္ဂလတစ်ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။