စစ်ကိုင်းတိုင်းအတွင်းရှိ တိုင်းရင်းသား ၉၀ ရာခိုင်နှုန်းခန့်လဝက လုပ်ငန်းစဉ်များ မသိဟု စစ်တမ်းတစ်ခုဆို

0
124


စစ်ကိုင်းတိုင်းအတွင်းရှိ တိုင်းရင်းသားများ၏ ၉၀ ရာခိုင်းနှုန်းခန့်မှာ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန (လဝက )၏ လုပ်ငန်းစဉ်များကို နားမလည်ကြကြောင်း ချင်းတွင်းအင်စတီကျူ့၏ စစ်တမ်းတွင် ဖော်ပြသည်။

မုံရွာ အရပ်ဖက်အဖွဲ့အစည်း ဖြစ်သည့် ၄ င်းအဖွဲ့အစည်းမှ စစ်ကိုင်းတိုင်းအတွင်းရှိ တိုင်းရင်းသားများ၏ မှတ်ပုံတင် ပြုလုပ်ခြင်းနှင့် ပတ်သက်ပြီး အခက်အခဲများကို သိလိုသဖြင့် “ဌာနေ တိုင်းရင်းသား လူမျိုးများ နိုင်ငံသား အခွင့်အရေး အဖြေရှာ” စီမံချက်ဖြင့် မြို့ ၉ မြို့တွင် ကျပန်းကောက်ယူခဲ့ခြင်းဖြစ်သည်။

” အိမ်ထောင်စု ခွဲထွက်တာတွေ၊ မှတ်ပုံတင် ပျောက်ဆုံး ပြန်လုပ်တာတွေ၊ ဒီလိုလုပ်ငန်းစဉ်တွေကို လူထုက မသိဘူးဖြစ်နေတယ်။ ဒါကို သက်ဆိုင်ရာဌာနက ပန်းဖလပ် ဝေတာ၊ ပိုစတာ ဘုတ်ထောင်တာတွေ မဖြစ်မနေ လုပ်ကို လုပ်ရမယ့် အခြေအနေ ဖြစ်နေပြီ” ဟု မုံရွာအခြေစိုက် ချင်းတွင်းအင်စတီကျူ့ရုံး၏ ဒါရိုက်တာ ဦးကျော်မိုးလှိုင်က ပြောသည်။

တိုင်းရင်းသား အများစု နေထိုင်ရာ လဟယ်၊ ခန္တီး၊ ဟုမ္မလင်း၊ တမူး၊ ကလေး၊ ဗန်းမောက် စသည့် မြို့များမှ ၁၂၈၆ ဦးကို စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ပြီး ၁ ထောင်ကျော်မှာ လဝက လုပ်ငန်းစဉ်များကို နားမလည်ကြကြောင်း ဖြေဆိုကြခြင်း ဖြစ်သည်။

ထို့ပြင် လက်ကမ်းစာစောင်များ၊ ဟောပြောပွဲများနှင့် ၂ နှစ် တစ်ကြိမ်ခန့် ဒေသအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်များ၊ အိမ်ထောင်စု စာရင်းများ ပြုလုပ်ပေးစေလိုကြောင်း စစ်တမ်းတွင် တိုင်းရင်းသားများက အကြံပြုထားသည်။

လူ ၁၀၀တွင် ၂၁ ယောက်တွင် မှတ်ပုံတင် မရှိကြောင်း အဆိုပါ စစ်တမ်းအရ သိရသည်။ စစ်ကိုင်းတိုင်းအတွင်း မှတ်ပုံတင်ကတ်များကို တိုင်းလဝကမှ သစ္စာစီမံချက်ဖြင့် ယမန်နှစ်က လှည့်လည် လုပ်ဆောင်ပေးမှုများရှိခဲ့သည်။

စစ်တမ်းအရ တွေ့ရှိခဲ့ရသည့် တိုင်းရင်းသားများ၏ အခက်အခဲများကို သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် လွှတ်တော်သို့ တင်ပြသွားမည် ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here