စစ်ကိုင်းတိုင်း ကိုဗစ်လူနာ ၇ ဦးတိုး၊ ကျန်းမာရေးဝန်ထမ်းတစ်ဦးပါလာ

0
94

အိအိဖြိုး
မုံရွာ၊ အောက်တိုဘာ – ၁၇

စစ်ကိုင်းတိုင်းရှိ တန့်ဆည်၊ ဝက်လက်နှင့် အရာ​တော်မြို့နယ်တို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၇ ဦး ထပ်တိုးသည်။

ပိုးတွေ့လူနာများသည် တန့်ဆည်မြို့နယ်တွင် ၅ ဦး၊ဝက်လက်နှင့် အရာတော်မြို့နယ်တို့မှ တစ်ဦးစီဖြစ်သည်။

တန့်ဆည်မြို့နယ် ဗျက်ကြီးကျေးရွာ၊ တောကြောင်းကျေးရွာ၊ ခေါင်တုန်းကျေးရွာ၊ ဒေါင့်ကွေးကျေးရွာမှ လူနာ ၄ ဦးသည် ရန်ကုန်ပြန်များဖြစ်သည်။

နောက်တစ်ဦးမှာ တန့်ဆည်ဆေးရုံ Isolation Ward ရှိ ကိုဗစ်လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုများပေးနေသည့် အမျိုးသမီးဖြစ်သည်။ ရန်ကုန်ပြန်များသည် သက်ဆိုင်ရာနေရာများတွင် Quarantine ဝင်နေသူများဖြစ်သည်။

“ဒီမှာတော့ ရောက်ရောက်ချင်း Quarantine ဝင်တော့ ထိတွေ့သူမရှိဘူး။ လမ်းတလျောက်မှာစီးလာတဲ့ ကားတွေ၊ ကယ်ရီသမားတွေကိုတော့ သက်ဆိုင်ရာနဲ့ချိတ်ဆက်ပြီးတော့ Quarantine ထားခိုင်းပါတယ်”ဟု တန့်ဆည်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာဝင်းက ပြောသည်။

ဝက်လက်မြို့နယ်၊ မြင်းသည်ကျေးရွာမှ ပိုးတွေ့ အမျိုးသားသည် ခရီးသွားခြင်း၊ ပိုးတွေ့လူနာနှင့် ထိတွေ့မှုမရှိဘဲ ၁၄ ရက်နေ့တွင် ရွှေဘိုဆေးရုံကြီးမှ မန္တလေးသို့ပြောင်းရွေ့ဆေးကုသစဥ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“သူက ထိတွေ့တာလည်းမရှိ၊ ခရီးသွားရာဇဝင်လည်းမရှိဘူး။ သူ့ကိုဆေးကုသပေးတဲ့ဆရာဝန်တွေကိုတော့ Quarantine ဝင်နေကြတယ်”ဟု ဝက်လက်မြို့နယ်မှ တိုင်းလွှတ်တော်အမတ် ဦးစိုးဝင်းထွန်းက ပြောသည်။

အရာတော်မြို့နယ်၊ သလဲဘာ​ကျေးရွာ အသက် ၃၇ နှစ်ရှိ အမျိုးသမီးသည်လည်း ခရီးသွားခြင်း၊ ပိုးတွေ့လူနာနှင့် ထိတွေ့မှုမရှိဘဲ နေမ​ကောင်းဖြစ်သဖြင့် မန္တလေး​ဆေးရုံသို့ တက်​ရောက်ကုသ​နေရာမှ ပိုးတွေ့ခဲ့ခြင်းဖြစ်သည်။

ဝက်လက်၊ အရာ​တော်နှင့် မြစ်ကြီးနားမှ သုံးဦးသည် မန္တလေးဆေးရုံကြီးတွင် တခန်းတည်းဆေးကုသမှုခံယူနေခြင်းဖြစ်ပြီး နှစ်ဦးပိုးတွေ့ခဲ့ခြင်းဖြစ်ကြောင်း လွှတ်တော်အမတ်က ဆိုသည်။

စစ်ကိုင်းတိုင်းအတွင်း ယနေ့အထိ အတည်ပြုကိုဗစ်လူနာ ၂၄၄ ဦး (မန္တလေးတွင် ကုသနေသူများမပါ) ထိရှိနေပြီဖြစ်သည်။

၎င်းတို့ထဲတွင် ၃၄ ဦးသည် ကလေးမြို့နယ်မှဖြစ်ပြီး စစ်ကိုင်းတိုင်း၌ ပိုးတွေ့လူနာအများဆုံးမြို့နယ်ဖြစ်သည်။စစ်ကိုင်းတိုင်းအတွင်း ပိုးတွေ့လူနာများတွင် လူနာ ၁၁၈ ဦးဆေးရုံဆင်းပြီ ဖြစ်သည်။