စစ်ကိုင်းတိုင်း စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်အားလုံး ပါဆယ်သာ ရောင်းရမည်

0
500

အိဖြိုး
မုံရွာ၊ စက်တင်ဘာ-၁၆

စစ်ကိုင်းတိုင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအားလုံး ပါဆယ်စနစ်ဖြင့်သာ ရောင်းချရတော့မည်ဖြစ်ကြောင်း တိုင်း COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက ပြောသည်။

လူစုလူဝေးမဖြစ်စေရန် ဆိုင်ထိုင်စားသောက်ခြင်း ခွင့်မပြုတော့ဘဲ စက်တင်ဘာ ၁၇ ရက်မှစတင်ကာ ရက်အကန့်အသတ်မရှိ ပါဆယ်စနစ်ဖြင့်သာ ရောင်းရမည်ဟု ၎င်းက ဆိုသည်။

“ညဈေးတန်းတွေမှာလည်း ပါဆယ်စနစ်နဲ့ ရောင်းရမယ်။ မလိုက်နာခဲ့ရင် ဆိုင်ပိတ်သိမ်းသည်အထိ အရေးယူသွားပါမယ်”ဟု ဗိုလ်မှူးကြီးဝင်းတင်စိုးက ပြောသည်။

စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ၊ ညဈေးတန်းများအနေဖြင့် လိုက်နာခြင်းမရှိပါက ပထမအဆင့် သတိပေးခြင်း၊ ဒုတိယအဆင့် ဒဏ်ကြေးတပ်ရိုက်ခြင်းနှင့် တတိယအဆင့် ဆိုင်ပိတ်သိမ်းစေခြင်းအထိ အရေးယူသွားမည် ဖြစ်သည်။

အဆိုပါညွှန်ကြားချက် လိုက်နာရန်ပျက်ကွက်ပါက ၁၉၉၅ ခုနှစ် ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေ၊ ၂၀၁၃ ခုနှစ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေတို့ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းတွင် ပါဆယ်စနစ်ထုတ်ပြန်ခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး ပြည်တွင်း COVID-19လူနာ စတင်တွေ့ရှိပြီး ၄ ရက်အကြာ မတ်လ၂၇ ရက်ကလည်း ထုတ်ပြန်ခဲ့သည်။