စစ်ကိုင်းတိုင်း စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင် ထက်ဝက်ခန့် ဆိုင်ထိုင်စား ဖွင့်ခွင့်ရ

0
1745

အိအိမွန်
မုံရွာ၊ ဒီဇင်ဘာ – ၅

ကိုဗစ်ဒုတိယလှိုင်းအတွင်း စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များကို ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုထားရာက ယခုလ ၄ ရက်မှစ၍ ဆိုင်ထိုင်စနစ် ပြန်လည်ခွင့်ပြုရာ စစ်ကိုင်းတိုင်းရှိ ဆိုင်ထက်ဝက်ခန့် ပြန်ဖွင့်ခွင့်ရကြောင်း စစ်ကိုင်းတိုင်း စည်ပင်သာယာရေးဌာနက အတည်ပြုသည်။

စစ်ကိုင်းတိုင်းအတွင်း စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင် ၄၀၀၀ ကျော်ရှိရာ ကိုဗစ်ကာကွယ်တားဆီးရေး အဆင့်သတ်မှတ်ချက် အဆင့် (A )ရပြီး ဆိုင်ထိုင်ဖွင့်ခွင့်ရသည့်ဆိုင် ၂၀၀၀ ကျော်ရှိသည်။

“ဖွင့်ခွင့်ရတဲ့ဆိုင်တွေကိုလည်း ရှောင်တခင်စစ်မှာပေါ့။ စည်းကမ်းမလိုက်နာရင် ဆိုင်ပြန်ပိတ်မှာပေါ့။ (B)အဆင့် (B)အဆင့်ရထားတဲ့ ဆိုင်တွေလည်း ပြင်ဆင်ပြီး (A)အဆင့်မီပြီဆို ဖွင့်ခွင့်ပေးမယ်”ဟု စစ်ကိုင်းတိုင်း စည်ပင်သာယာရေးဌာနမှ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ပြောသည်။

စစ်ကိုင်းတိုင်းအတွင်း ပိုးတွေ့လူနာများနေသည့် ရွှေဘိုနှင့် စစ်ကိုင်းမြို့တွင်( A)အဆင့်ရ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များရှိသော်လည်း အများစုမှာ ပါဆယ်စနစ်သာ ရောင်းချနေကြောင်း စုံစမ်းသိရှိရသည်။

စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ယမန်နေ့မှ စတင်ကာ ဆိုင်ထိုင်စနစ်ဖြင့် ဖွင့်ခဲ့သော်လည်း လာထိုင်စားသူ သိသိသာသာ နည်းသွားကြောင်း မုံရွာမြို့မှ ဆိုင်ရှင်များက ဆိုသည်။

ဆုံဆည်းရာ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုထွန်းနိုင်ထွေးက “အရင်ထက် ငါးပုံတစ်ပုံလောက်ပဲ လာတယ်။ Silent တွေများတော့ သိပ်မထွက်ကြဘူး။ ဒါပေမဲ့ ဒါက မနေ့ကတစ်ရက်တည်း အနေအထားပဲ။ စနေ၊ တနင်္ဂနွေ နှစ်ရက်ပြီးရင် အဖြေပေါ်မယ်”ဟု သုံးသပ်ပြသည်။

မုံရွာမြို့မှ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင် အများစုမှာ ဝန်ထမ်းတဝက်ခန့်ဖြင့်သာ လည်ပတ်နေကြကြောင်း စုံစမ်းသိရသည်။

ကိုဗစ်ကာလတွင်း ရောင်းအားကျသွားခြင်းကြောင့် ဝန်ထမ်းလျှော့ရခြင်းများရှိသည့်အပြင်၊ ဆိုင်ပိတ်ထားစဥ် နေရပ်ပြန်ဝန်ထမ်းများအား ယခု ပြန်ဖွင့်ချိန်တွင် လမ်းပန်းဆက်သွယ်ရေးအရ ပြန်ခေါ်မရသည်များလည်း ရှိကြောင်း ဆိုင်ရှင်များက ဆိုသည်။

ဖန်တက်စီနှင့် ရွှေပိတောက်ဆိုင်၏ မန်နေဂျာဖြစ်သူ ဒေါ်ချောစုက “ဖွင့်လိုက်ဆို ကလေးတွေကို ခေါ်လိုက်။ ပြီးရင် ပြန်ပိတ်ဆိုတော့ သူတို့ကလည်း ပြန်ကြရော။ ခုကျ လမ်းတွေလည်း မဖွင့်တော့ နယ်ဘက်က ကလေးတွေကို ခေါ်လို့မရတော့ဘူး။ ဒီနားက ကလေးတွေနဲ့ပဲ လုပ်ရတာ”ဟု ပြောသည်။

လက်ရှိထိ စစ်ကိုင်းတိုင်းအတွင်း ယမန်နေ့ စာရင်းအရ ကိုဗစ်လူနာ ၈၉၄ ဦးတွင် ၆၆၅ ဦး ဆေးရုံးဆင်းပြီးဖြစ်ကာ သုံးဦး သေဆုံးထားသည်။